(ဂ)-ဝက်လက်မြို့နယ်ရှိကွန်ဆိပ်ကျေးရွာလမ်း အားရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် အဆင့်မြှင့်ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၁) ရက်မြောက်နေ့ (၂၇.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u myint theinစိုင်နိုင်ကွေ့-မင်းကျီ-ကျောက်တိုင်-မြင်းသီ-ကွန်ဆိပ်ကျေးရွာလမ်းသည် မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းမကြီးနှင့် ဆက်စပ်နေပြီး ၁၂ မိုင်ရှည်လျားပါကြောင်း၊  အဆင့်မြှင့်ကွန်ကရစ်လမ်းအဖြစ် ကမ္ဘာ့ ဘဏ်အကူအညီဖြင့် ပြုလုပ်ပေးရန် ၈-၄-၂၀၁၆ ရက်နေ့က တိုင်းဒေသကြီးကျေးလက် ဦးစီးဌာနက ဝက်လက်မြို့နယ် ကျေးလက်ဦးစီးဌာနကို လိုအပ်သောအချက်အလက်များ တောင်းယူခဲ့ပြီးဖြစ်သော် လည်း ယခုအချိန်ထိ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းမရှိသေးပါကြောင်း။

၎င်းလမ်းသည် နေ့စဉ်ကုန်တင်ကားကြီးများ အစီး ၅၀ ကျော်အသုံးပြုဖြတ်သန်းနေပြီး ဒေသထွက် သီးနှံမျိုးစုံနှင့် ခြံထွက်သီးနှံများကို သယ်ဆောင်ပေးနေရပြီး ကုန်စည်စီးဆင်းမှု လွယ်ကူလျှင်မြန်စေရန် ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် အဆင့်မြှင့်ပြုလုပ်ပေးသင့်ပါကြောင်၊ ယခုအခါတွင် အဆိုပါလမ်းများသည် နှစ်စဉ်မိုးရာသီရောက်တိုင်း လမ်းများပျက်စီးနေပါသဖြင့် ကားများ သွားလာနိုင်ခြင်းမရှိသည့်အတွက် အဆိုပါဒေသရှိ ခြံထွက်သီးနှံလုပ်ကိုင်နေသော တောင်သူများ သီးနှံများ ပျက်စီးပြီး အရှုံးနှင့်ရင်ဆိုင်နေရခြင်း၊ ဝက်လက်မြို့နယ်နှင့် ရွှေဘို မြို့နယ်ရှိ မူးမြစ်ကမ်း ဘေး၏ ကျေးရွာများမှ သီးနှံမျိုးစုံနှင့် ခြံထွက်သီးနှံများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ ပို့ဆောင် ပေးရန် အဓိကကျသည့် လမ်းကြောင်းတစ်ခုဖြစ်ခြင်း၊ လမ်းကောင်းမွန်ပါက ကျေးရွာပေါင်း ၁၈ ရွာ၊ လူဦးရေပေါင်း ၅၆၀၀၀ ကျော်နှင့် လယ်ယာဧက ၂၃၀၀၀ ကျော်အတွက် အကျိုးပြုမည်ဖြစ်ခြင်း တို့ကြောင့် ၎င်းလမ်းအား ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့် ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက စတင်အကောင်အထည်ဖော်ပေးမည့် မည်သည့်အချိန်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuစစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းရှိ စိုင်နိုင်ကွေ့-မင်းကျီ-ကျောက်တိုင်-မြင်းသီ-ကွန်ဆိပ်ကျေးရွာချင်းဆက်လမ်းသည် ကျောက်ချော လမ်း ၆ မိုင်၊ မြေသားလမ်း ၆ မိုင် ၄ ဖာလုံ စုစုပေါင်းလမ်းအရှည် ၁၂ မိုင် ၄ ဖာလုံရှိပါကြောင်း၊၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ဘဏ် အကူအညီဖြင့် အရေးပေါ် ပြန်လည်ထူထောင်ရေး စီမံကိန်းတွင် ပါဝင်သည့်အတွက် လျာထား တိုင်းတာမှုများ ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် အဆိုပါလမ်းကို ဆောင်ရွက်ပါက ကျေးရွာ ၁၈ ရွာ၊ အိမ်ခြေ ၄၅၁၃၊ လူဦးရေပေါင်း ၅၆၈၂၆ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၆၅၂၀.၇၂ သန်းဖြင့် ကွန်ကရစ်လမ်း ပေါင်း ၅ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း ၂၀ မိုင် ၄ ဖာလုံ၊ ကျောက်ချောလမ်း ၁၀၁ မိုင် ၃ ဖာလုံ၊ ဂဝံ/မြေနီလမ်း ၃၈ မိုင် ၅ ဖာလုံ၊ မြေသားလမ်း ၁၀၉ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်တံတား ၄၇ စင်း၊ သစ်သားတံတား ၉၃ စင်း၊ ရေပြွန် ၆၅ စင်းနှင့် ရေကျော် ၄၄ စင်းတို့ကို  လျာထားဆောင်ရွက်လျက် ရှိပါကြောင်း။

ဝက်လက်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၃၆.၈၇၃ သန်းဖြင့် ကွန်ကရစ်လမ်း ၁ မိုင် ၄ ဖာလုံ၊ ကတ္တရာ လမ်း ၁ မိုင် ၃ ဖာလုံ၊ ကျောက်ချောလမ်း ၁၇ မိုင် ၃ ဖာလုံ၊ မြေသားလမ်း ၄ ဖာလုံ၊ ကွန်ကရစ်တံတား နှစ်စင်း၊ သစ်သားတံတားနှစ်စင်းနှင့် ရေကျော်ခြောက်စင်းနှင့် ရေပြွန်လေးစင်း တို့ကို လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုင်နိုင်ကွေ့-မင်းကျီ-ကျောက်တိုင်-မြင်းသီ-ကွန်ဆိပ် ကျေးရွာချင်း ဆက်လမ်း ၁၂ မိုင် ၄ ဖာလုံကို ကွန်ကရစ်လမ်းခင်းခြင်း၊ ရေမြောင်းဖောက်လုပ်ခြင်းအပါအဝင် လုပ်ငန်းကို ကမ္ဘာ့ဘဏ်အကူအညီနှင့် ဆောင်ရွက်ရန်အတွက် စီစဉ်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများ အပါအ ဝင် ဆောင်ရွက်မည်ဖြစ်သည့်အတွက် ရေကြီးရေလျှံမြေပြိုမှု များအတွက် အရေးပေါ် ပြန်လည်ထူထောင်ရေး စီမံကိန်းဖြင့် ဆောင်ရွက်ရန် လျာထားပြီးလည်း ဖြစ်ပါကြောင်း၊ လျာထားချက်အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်နိုင် ဆောင်ရွက်နိုင်မည် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။