မေးခွန်း အကြောင်းအရာ
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှမှာ လမ်းပန်းဆက်သွယ်ရေး အဆိုးရွားဆုံးနိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအနိမ့်ဆုံးဖြစ်သော ရခိုင်ပြည်နယ်တွင် လမ်းပန်း ဆက်သွယ်မှုအခြေအနေများသည် ဆိုးဆိုးရွားရွားဖြစ်နေသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ကျောက်တော်မြို့နယ်၏ မြို့နယ်ဖွဲ့စည်းပုံ အခြေအနေ သည် မြစ်ချောင်း များကို အမှီပြုပြီးတော့ ရွာတည်ထားခြင်းဖြစ်သည့်အတွက် တစ်ရွာနှင့် တစ်ရွာသည် တစ်ဆက်တစ်စပ်တည်း ရှိနေပြီး နှစ်ပေါင်းရာချီတည်ရှိနေသော ကျေးရွာများဖြစ်ပါကြောင်း၊
ပိန္နဲချောင်း-ကြောင်စွယ်ဖြူလမ်းမကြီးသည် ကျောက်တော်မြို့နယ် လူဦးရေ ၁၀ ရာခိုင်နှုန်း ကျော်နေထိုင် သော ကမ်းခြေကြီးတစ်ခုဖြစ်သည့်အပြင် မိသားစုပေါင်း ၆၀၀၀ ခန့်၊ လူဦးရေ သုံးသောင်းခန့်၊ ရွာပေါင်း ၃၄ ရွာနှင့် အနီးအနားကျေးရွာများပါဝင်ပါက ရွာပေါင်း လေးဆယ်ကျော်ခန့်ရှိပြီး တောင်သူ လယ်သမားများ အများဆုံး နေထိုင်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးဆိုးရွားသည့် အခြေအနေ များကြောင့် မိုးရာသီတွင် မြို့နှင့် အဆက်အသွယ် လုံးဝပြတ်တောက်ခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ ဒေသန္တရ အုပ်ချုပ်ရေးယန္တရားများတွင် အခက်အခဲ အများကြီးကြုံတွေ့ရပါကြောင်း၊ ရေကြောင်းဖြင့် သွားလာရာ တွင်လည်း ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Communal Violence ဖြစ်ပြီးနောက် ဘင်္ဂါလီများသည် အဆိုပါချောင်းတွင် ပိုက်ချနေရာ ယူထားသည့်အတွက် သွားရေးလာရေးသည် အတော်ပင် ခက်ခဲနေပါ ကြောင်း၊ ထို့ကြောင့် ကျောက်တော်မြို့နယ်အောက်ပိုင်း ပိန္နဲချောင်း-ကြောင်စွယ်ဖြူရွာချင်းဆက် ကမ်းခြေ လမ်းမကြီးအား ကတ္တရာလမ်းမကြီးအဖြစ် ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အောက်ပိုင်း ကုလားတန်မြစ်၏ အရှေ့ဘက်ခြမ်းဖြစ်သည့် ပိန္နဲ ချောင်း-ကြောင်စွယ်ဖြူ ကျေးရွာချင်းဆက်လမ်း အရှည် ၂၀ မိုင်၏ ယခုအခြေအနေသည် ကျောက်ချော လမ်း ၃ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၅ မိုင် ၇ ဖာလုံ၊ လူသွားလမ်း ၁၀ မိုင် ၇ ဖာလုံနှင့် ကွန်ကရစ်တံတား နှစ်စင်း၊ သစ်သားတံတား တစ်စင်း၊ ရေပြွန် ကိုးစင်းရှိပြီး ကျေးရွာ ၃၃ ရွာ၊ အိမ်ခြေပေါင်း ၄၅၅၀၊ လူဦးရေပေါင်း ၂၇၈၆၉ ဦးတို့ကို အကျိုးပြုလျက်ရှိသည်ကို သိရှိရပါကြောင်း၊ လူသွားလမ်း ၁၀ မိုင် ၇ ဖာလုံ ကို မြေသားလမ်းအဖြစ် ဆောင်ရွက်ပါက ငွေကျပ် သန်းပေါင်း ၂၇၅.၅၇ သန်း၊ ပိန္နဲချောင်း-ကြောင်စွယ်ဖြူ ကျေးရွာချင်းဆက်လမ်း စုစုပေါင်း အရှည် ၂၀ မိုင်ကို ကတ္တရာ လမ်းဆောင်ရွက်ပါက ငွေကျပ် ၂၇၀၇.၂ သန်းနှင့် အဆိုပါ လမ်းပေါ်ရှိ လမုတပင်ကျေးရွာနှင့် ဂုပ္ပီထောင့်ကျေးရွာကြားရှိ ပျက်စီး နေသော အရှည် ၁၅၀ ပေရှိ ဖွေးတက် ယာယီလူကူးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပါက ငွေကျပ် သန်း ၁၈၀ စုစုပေါင်းကုန်ကျငွေ ကျပ်သန်းပေါင်း ၃၁၆၂.၇၇၃ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ်သည် စုစုပေါင်းအားဖြင့် သန်းပေါင်း ၄၁၄၂.၈၉၂ သန်းဖြစ်ပါကြောင်းနှင့် ယင်းငွေဖြင့် ကွန်ကရစ်လမ်း ၃ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၁ မိုင် ၆ ဖာလုံ၊ ကျောက်ချောလမ်း ၂၁ မိုင် ၇ ဖာလုံ၊ မြေသားလမ်း ၂၄ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်တံတား ၂၇ စင်းနှင့် ရေပြွန် ၆၆ စင်းတို့ကို ဆောင်ရွက်ရန် လျာထားပါကြောင်း၊
ကျောက်တော်မြို့နယ်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၀၈.၄၆ သန်း လျာထားတာဖြစ်သည့်အတွက် ကျောက်ချောလမ်း ၂ မိုင်နှင့် ကွန်ကရစ်တံတားတစ်စင်းတို့ကိုသာ လျာထားဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်မှ လမ်း၊ တံတားလုပ်ငန်းများနှင့်ပတ်သက်ပြီး လမ်းအမျိုးအစားနှင့် အဆင့်အတန်းသတ်မှတ်ခြင်း၊ လမ်း၊ တံတား စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ လမ်းနယ်သတ်မှတ်ခြင်း၊ လမ်းပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်ခြင်းနှင့် Strategy and Investment Plan ရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအဆင့် သတ်မှတ်ချက် Criteriaနှင့်အညီ ဦးစားပေး ရွေးချယ်ခြင်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးမှ သက်ဆိုင်သူ အဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးပြီး နှစ်တို၊ နှစ်ရှည် စီမံကိန်း Master Plan ရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်တိုင်းဒေသကြီးများမှ နှစ်တို၊ နှစ်ရှည်စီမံကိန်း Master Plan အရ ဦးစားပေးရေးဆွဲ တင်ပြလာသော လုပ်ငန်းများအပေါ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် စိစစ်ပြီး ဆက်လက်ဆောင်ရွက်သွားရရခြင်းဖြစ်ပါကြောင်း၊
ကုလားတန်မြစ်အရှေ့ဘက်ခြမ်း၊ ပိန္နဲချောင်း-ကြောင်စွယ်ဖြူ ကျေးရွာချင်းဆက်လမ်းအား လက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရခဲ့သည့် အတွက် ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် နှစ်အလိုက် ပြည်နယ်/တိုင်းဒေသကြီး များ၏ ဦးစားပေးလျာထားတင်ပြမှုအပေါ် မူတည်လျာထားဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
ဦးဦးထွန်းဝင်း(ကျောက်တော်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိအနေဖြင့် အဆိုပါ ၁၈ မိုင်ရှိသည့်လမ်းကို မည်သည်နှစ်တွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ။ မည်သည့်နှစ်၊ မည်သည့် အချိန်တွင် ပြီးစီးမည်ဆိုသည်နှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး နှင့်ပြည်နယ်များ၏ ဦးစားပေး လျာထားချက်အလိုက် တင်ပြဆောင်ရွက်ပေးရမည်ဖြစ်သည့်အတွက် နှစ်အလိုက် အခြေအနေအရ ခွင့်ပြုနိုင်သည့် ဘဏ္ဍာငွေအရသာလျှင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
