(က)-မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဒေသတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) လက်ဝယ်ရရှိ ထားပြီး စရိတ်ထုတ်ပေးရာတွင် ကန့်သတ်ခံထား ရသောလယ်သမား(၁၂)ဦးအတွက်ယခုနှစ်မိုးရာ သီစိုက်ပျိုးစရိတ်ထုတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၁) ရက်မြောက်နေ့ (၂၇.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

san san eiမိုးညှင်းမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ကချင်ပြည်နယ်၏ စပါးကျီမြို့ ဖြစ်သကဲ့သို့ ကျောက်မြတ်များထွက်ရှိသော စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဖားကန့် မြို့နယ်တို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည့်မြို့ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ဖြစ်သော  အင်းတော်ကြီးအိုင်တည်ရှိရာမြို့နယ်လည်းဖြစ်ပါကြောင်း၊ ကျောက်မြတ် တူးဖော်သည့် ကုမ္ပဏီများကို လုပ်ကွက်များ ချပေးရာတွင် စိုက်ပျိုးရေး လုပ်ငန်းမလုပ်မနေရစနစ်ပါသည့်အတွက် ၁၉၉၆ ခုနှစ်၊ ၁၉၉၇ ခုနှစ်တွင် ကုမ္ပဏီများကို ၎င်းတို့နယ်မြေများနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မိုးညှင်းမြို့နယ် ၏ အင်းတော်ကြီး ဒေသရှိ မြေလွတ်၊ မြေရိုင်းများကို လယ်ယာမြေဖော်ထုတ်ရန် လုပ်ပိုင်ခွင့်နှင့် လုပ်ကွက်တွေ ချပေးခဲ့ပါကြောင်း၊သို့သော် စည်းကမ်းချက်များ အတိုင်း အချို့ကုမ္ပဏီများ က မြေယာများကို ဖော်ထုတ်ခြင်း၊ အချို့ကုမ္ပဏီများက အပြည့်အဝဖော်ထုတ်နိုင်ခြင်း၊ အချို့ကုမ္ပဏီများက  ဖော်ထုတ်နိုင်မှုကို ဆောင်ရွက်ပေးနိုင်မှု မရှိခြင်းများ ရှိခဲ့ပါကြောင်း။

၂၀၁၂ ခုနှစ်တွင် လယ်ယာမြေ ဥပဒေတွေအရ ဒေသခံတောင်သူ လယ်သမားများက ၎င်းတို့၏ လယ်ယာမြေများကို လုပ်ကိုင်ခွင့် ရရန်အတွက် ပုံစံ(၇)ကို လျှောက်ရန် ဆောင်ရွက်ရာတွင် ကုမ္ပဏီ များနှင့် လယ်ယာမြေပြဿနာအမှုအခင်းမျာ များစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊  

၂၀၁၆ ခုနှစ်တွင် လုံးစန့်ဒေသရှိ မြသိင်္ဂီကုမ္ပဏီအနေဖြင့် ၎င်းတို့က လုပ်ကွက်များကို ပြုလုပ်ထားခြင်း ဖြစ်သည့်အတွက် ဒေသခံလယ်သမား ၁၂ ဦးကို လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)က ထုတ်ပေးခြင်း မပြုရန်၊ ထုတ်ပေးပြီးစီးပြီး ဖြစ်ပါကလည်း ပြန်လည်ပြန်လည်သိမ်းဆည်းရန်နှင့် စိုက်ပျိုးစရိတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခြင်းမပြုရန် ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် တွင် အဆိုပါ တောင်သူလယ်သမား ၁၂ ဦးသည် ပုံစံ(၇) ရရှိထားသော်လည်း စိုက်ပျိုးစရိတ် ရရှိခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် လယ်ယာမြေလုပ်ပိုင်ခွင့်တွေ ပုံစံ (၇) ရရှိထားသော်လည်း စိုက်ပျိုးစရိတ်ရရှိခြင်းမရှိသေးသော လယ်သမားများအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်နှင့် လယ်ယာမြေများ လုပ်ပိုင်ခွင့်ရရှိနိုင်ရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက် ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuဒေသခံ လယ်သမား ၁၂ ဦးအား စိုက်ပျိုးစရိတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခြင်းမပြုရန် ကန့်သတ်ထားသည့်မြေနေရာသည် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးစန့်ကျေးရွာအုပ်စု ကွင်း အမှတ်(OSS) နောင်ချိုကွင်း၊ ဦးပိုင် (N-1) ဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ၉-၁၀-၁၉၉၇ ရက်စွဲပါစာအမှတ်၊ ၁၁၁၀/ ၈မယ(ဖ)(၁၁) အရ မြသိင်္ဂီ ကုမ္ပဏီအမည်ဖြင့် နှစ် ၃၀ လုပ်ပိုင်ခွင့်ရရှိထားသော မြေလွတ်၊ မြေရိုင်းဧရိယာ ၁၀၀၀ ဧကအတွင်း ပါဝင်လျက်ရှိပါကြောင်း၊ တောင်သူ ဦးတင်ထွန်း အပါ လူ ၁၂ ဦး တို့သည် မြသိင်္ဂီကုမ္ပဏီကို လုပ်ပိုင် ခွင့်ပြုထားသည့်မြေနေရာတွင် စာရင်းငှားများအဖြစ် ၂၀၀၈ ခုနှစ်မှစတင်  သီးနှံစိုက်ပျိုးလုပ်ကိုင်နေသူများဖြစ်ကြပြီး လွန်ခဲ့သော ငါးနှစ်ခန့်က တောင်သူများမှ ကိုယ်ပိုင် စိုက်ပျိုးလိုသဖြင့် အဆိုပါမြေအား ကုမ္ပဏီအား နှုတ်ကတိဖြင့် ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်း လုပ်ကိုင်ကြပြီးသည့်နောက် ၂၄-၆-၂၀၁၅ ရက်တွင ကုမ္ပဏီနှင့် တောင်သူများ နှစ်ဘက်သဘောတူ အရပ် ကတိစာချုပ်ချုပ်ဆိုပြီး မြေဧရိယာ ၁၃၄.၃၇ ဧကကို အခကြေးငွေသတ်မှတ်ချက်မရှိဘဲ အခမဲ့ ဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် တစ်နှစ်ငှားရမ်းခဲ့သည်ကို သိရှိရပါကြောင်း။

၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ အခန်း(၆) ပုဒ်မ ၁၆၊ ပုဒ်မခွဲ(ဂ)တွင်  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသည့်သူသည် ခွင့်ပြု ထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိပ်ခြင်း မပြုရဟု ပြဋ္ဌာန်းထားရှိပြီးဖြစ်ခြင်းကြောင့် မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင်‌့ရရှိသူ မြသိင်္ဂီ ကုမ္ပဏီအနေဖြင့် လုပ်ပိုင် ခွင့်ပြုထားမြေကို အခြားတောင်သူများအား မြေငှားရမ်းပြီး စိုက်ပျိုးခြင်း ပြုခဲ့ခြင်းသည် တည်ဆဲဥပဒေကို လိုက်နာခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်ခဲ့သည်ကို တွေ့ရှိရပါ ကြောင်း၊မြသိင်္ဂီကုမ္ပဏီမှ ငှားရမ်းထားသော တောင်သူ ၁၂ ဦးငှားရမ်း စိုက်ပျိုး ထားသည့် မြေနေရာနှင့် ပတ်သက်ပြီး ဦးချစ်ဖေ၏ဇနီး ဒေါ်ခင်မေလတ်မှ ၂၉-၆-၂၀၁၆ ရက်နေ့တွင် သက်ဆိုင်ရာသို့ ပုံစံ(၇)ထုတ်ပေးထားမှုနှင့် ဖယ်ရှားရေး တင်ပြတိုင်ကြားခဲ့ခြင်းကြောင့် မိုးညှင်းမြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စစ်ဆေးခဲ့ရာ ဦးတင်ထွန်း ပါ ၁၂ ဦးကို မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ကို ထုတ်ပေးထားခဲ့ကြောင်း စိစစ်တွေ့ရှိ ရသည့် အတွက် မြသိင်္ဂီကုမ္ပဏ၏ လုပ်ပိုင်ခွင့်ရရှိထားသောမြေအတွင်း လုပ်ထုံးလုပ်နည်း လွဲမှားစွာ ထုတ်ပေးထားသော လယ်ယာမြေ လုပ်ကိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို မိုးညှင်းမြို့နယ် အထွေထွေ ဦးစီးဌာန၏ ၆-၇-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ၅/၁-၂/၂၀၀၂-၁၅၂၆ ဖြင့်ပြန်လည် သိမ်းဆည်းခဲ့သည်ကို သိရှိရပါကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှလည်း အဆိုပါကိစ္စ နှင့်ပတ်သက်၍ ၂၅-၇-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ၄/၇-၁၃(၅၀၇)/အစိုးရအဖွဲ့ (ကချင်)ဖြင့် ပုံစံ(၇) မှားယွင်းထုတ် ပေးခြင်းခိုင်လုံပါက သက်ဆိုင်ရာ တာဝန်ရှိသူအား ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန်နှင့် မှားယွင်းစွာ ထုတ်ပေးသည့် ပုံစံ(၇)ကို ပြန်လည်သိမ်းဆည်းရန်ညွှန်ကြားခဲ့သည့် အတွက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန(မြစ်ကြီးနားမြို့)မှ ၂၇-၇-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ၁၅၀၈/မအ-၄ ဖြင့် စိစစ်ဆောင်ရွက် သွားရန်နှင့် ပြန်လည်တင်ပြရန် မိုးညှင်းခရိုင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ အကြောင်းကြားထားခဲ့ပြီးဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍  မြသိင်္ဂီကုမ္ပဏီအနေဖြင့် လုပ်ပိုင်ခွင့်ပြုထားသည့်မြေကို အခြားတောင်သူများသို့ မြေငှားရမ်း စိုက်ပျိုးခြင်းပြုခဲ့ခြင်းသည် တည်ဆဲဥပဒေကို လိုက်နာခြင်းမရှိသဖြင့် ၂၀၁၂ ခုနှစ်၊ မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသစ်ပြင်ဆင် ဖွဲ့စည်းမည့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကွင်းဆင်း စစ်ဆေးပြီး ဗဟိုကော်မတီသို့ စိစစ် တင်ပြစေကာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုး စရိတ်ချေးငွေကိစ္စနှင့်ပတ်သက်၍ တောင်သူများကို ထုတ်ပေးထားသည့် ပုံစံ(၇)သည် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့်အတွက် ပယ်ဖျက် ထားပြီးဖြစ်ပါသဖြင့် ဘဏ် ချေးငွေ ထုတ်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ထိုသို့ မှားယွင်းစွာ ထုတ်ပေးမှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ထုတ်ပေးခဲ့သည့်အဖွဲ့ကို စစ်ဆေးအရေးယူဆောင်ရွက်ရှိမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။