မေးခွန်း အကြောင်းအရာ
ကျေးရွာများမှ မီးရရှိရန်အတွက် လိုအပ်သည့်တိုင်များ ၊ထရန်စဖော်မာများ ဝယ်ယူပြီး ကျေးရွာသူ/သားများသည် ကိုယ်ထူကိုယ်ထအနေဖြင့်လမ်းမီးတိုင်များ စိုက်ထူလျက်ရှိပါကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ က.ပ.စ(၁၃) သို့ သွယ်တန်းသော ၃၃ ကေဗွီ ဓာတ်အားလိုင်းမှ မီးပေးခဲ့၍ စည်တိုင်းကျေးရွာကိုလည်း မီးလင်းစေခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့်လည်း မီးရရှိရန်အတွက် တန်ဖိုးငွေအဖြစ် လက်ပံကျေးရွာအတွက် သိန်း ၂၀၀၊ မကျီးရင်းကျေးရွာအတွက် ၁၂၆ သိန်း၊ပိတောက်ကန်ကျေးရွာအတွက် ၇၄ သိန်းတို့ကိုလည်း ပံ့ပိုးကူညီပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျေးရွာ မီးလင်းရေးကော်မတီများသည် မိမိတို့ကျေးရွာ မီးရရှိရေးအတွက် ရွာသူ/သားများ ထံမှ ကောက်ခံ ရရှိ သည့် ငွေကြေးသာမက စိုက်ထုတ် ချေးငှားဆောင်ရွက်ခဲ့ကြသည့်အတွက် သီးနှံပေါ်ချိန်တွင် ရွာသူ/သားများထံမှ ကျန်ရှိသည့်ငွေကြေးများကို ကောက်ခံ သွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာသုံးရွာ မီးလင်းမည်ဆိုပါက အိမ်ထောင်စု ၉၉၂ စု၊ လူဦးရေ ၃၈၈၄ ဦးကို အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ က.ပ.စ(၁၃) သို့ သွယ်တန်းသော ၃၃ ကေဗွီ ဓာတ်အားလိုင်းမှ လက်ပံကျေးရွာ၊ မကျီးရင်းကျေးရွာ၊ ပိတောက်ကန်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား အမြန်ဆုံးလွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် လုပ်ဆောင်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ဓာတ်အားဖြန့်ဖြူးမှု အပိုင်းတွင် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပြီး ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားလိုင်းများဆွဲခြင်း၊ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း နှစ်အလိုက် ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ လျာထားဆောင်ရွက်ပေးနေပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ ဘတ်ဂျက်၊ နိုင်ငံတကာနှစ်ရှည် ချေးငွေများနှင့်လည်း ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် အစီအစဉ်များကို စောင့်ဆိုင်းနိုင်ခြင်းမရှိဘဲ ကြိုတင်ဓာတ်အား ရရှိလိုသော ကျေးရွာများမှ ကျေးရွာတွင်း ငွေကြေးစုဆောင်း ထားရှိပြီး ကျေးရွာ၏ အစီအစဉ်ဖြင့် ကိုယ့်အားကိုယ်ကိုး မီးလင်းရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊
ကျေးရွာအတွင်း မီးလင်းရေးကိစ္စရပ်များကို စနစ်တကျစီစဉ် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာမီးလင်းရေးကော်မတီကို သက်ဆိုင်ရာဒေသအာဏာပိုင်များက ဖွဲ့စည်းပေးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ချမှတ်ပေးထားသည့် မီးလင်းရေးကော်မတီများ ဝန်ခံကတိပြု လိုက်နာရမည့် အချက် ၁၂ ချက်အတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဌာနသို့ လျှပ်စစ်ဓာတ်အားချိတ်ဆက် အသုံးပြုလိုကြောင်း အမှုတွဲ တင်ပြလျှောက်ထား ရမည် လည်းဖြစ်ပါကြောင်း၊ ထိုသို့ တင်ပြလာသည့် အမှုတွဲအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက နည်းပညာဆိုင်ရာ စိစစ်ထောက်ခံပြီး သတ်မှတ်ချက်နှင့် ကိုက်ညီပါက တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးသို့ တင်ပြ၍ အတည်ပြုခွင့်ပြုပေး မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများလွယ်ကူစေရန်အတွက် မလိုအပ်သည့်အဆင့်များကို ဖြေလျှော့ပေးထားပြီး သတ်မှတ်ရက် အနည်းငယ်အတွင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့်ကိုလည်း ထုတ်ပေးလျက်ရှိပါကြောင်း၊လက်ပံကျေးရွာ၊ မကျီး ရင်းကျေးရွာနှင့်ပိတောက် ကန်ကျေးရွာများမှ ဓာတ်အားရယူရန်အတွက် လိုအပ်သည့် တည်ဆောက်ရေး လုပ်ငန်းများကို ဌာနသို့တင်ပြပြီး အတည်ပြုချက်၊ ခွင့်ပြုချက်တောင်းခံထားခြင်း မရှိသေးပါကြောင်း၊ ကျေးရွာမီးလင်းရေးကော်မတီက ကိုယ်အားကိုယ်ကိုး၍ ကြိုတင်တည်ဆောက်ထားခြင်းကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် ကျေးရွာများက ဓာတ်အားချိတ်ဆက်ရာတွင် ချိတ်ဆက်ရမည့် မူလဓာတ်အားလိုင်းသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပိုင် ဓာတ်အားလိုင်းဖြစ်ခဲ့ပါက ထိုဓာတ်အားလိုင်းကို နောက်ထပ် ဝန်အားတိုး၍ ပေးနိုင်ခြင်း ရှိ/မရှိကို စစ်ဆေးပြီး ဝန်အားကို တိုးပေးနိုင်ပါက ချက်ခြင်းဓာတ်အား ချိတ်ဆက်ပေးပြီး ဓာတ်အားလွှတ်ပေးနိုင်ပါကြောင်း၊ အကယ်၍ ချိတ်ဆက်ပြီး ဓာတ်အားပေးရမည့် မူလဓာတ်အားလိုင်းသည် အခြားသော ဝန်ကြီးဌာနက တည်ဆောက်ထားပြီး အရေးကြီးစက်ရုံ၊ ရုံးများအတွက် ဖြစ်နေပါက ထိုဌာန ထံမှ ဓာတ်အားခွင့်ပြုဆက်သွယ်ခွင့်ကို တောင်းခံရန် လိုအပ်ပါကြောင်း၊ ကျေးရွာများ ဓာတ်အားရရှိရန်အတွက် ချိတ်ဆက်မည့် ဓာတ်အားလိုင်းသည် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ စရိတ်ဖြင့် တည်ဆောက်ထားသော 33 KV ဓာတ်အားလိုင်းမှ ကြားဖြတ်ချိတ်ဆက်၍ ဓာတ်အားရယူသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဓာတ်အားလိုင်းမှ ကြားဖြတ်ချိတ်ဆက် ယူခဲ့မည်ဆိုပါက ကျေးရွာဓာတ်အားလိုင်းများ မတော်တဆလိုင်း တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့မည်ဆိုက အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံသို့ အလိုအလျောက် ဓာတ်အားပြတ်တောက်သွားမည်ဖြစ်ပါကြောင်း၊ ဓာတ်အားပြတ်တောက်မှုကြောင့် လုပ်ငန်းအခက်အခဲများ မဖြစ်ပေါ်စေပါကြောင်း၊ ကျေးရွာများ ဓာတ်အားချိတ်ဆက် အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်တကွ လုပ်ထုံးလုပ်နည်းအတိုင်း မြို့နယ်အင်ဂျင်နီယာရုံးသို့ တင်ပြလျှောက်ထားရန် လိုအပ်ပါကြောင်းနှင့် ထိုသို့လျှောက်ထားမှုအပေါ်ဌာနက ကျေးရွာများ အမြန်ဆုံးမီးလင်းရေးကို ဦးစားပေးစိစစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးနေထက်ဝင်း (ဆင်ပေါင်ဝဲ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျေးရွာသုံးရွာ မီးရရှိရေးအတွက် ယခင်အစိုးရလက်ထက် ကတည်းက လွှတ်တော်ကိုယ်စားလှယ်များက က.ပ.စ စက်ရုံရှိ လျှပ်စစ်အင်ဂျင်နီယာ ကျွမ်းကျင်သူများနှင့်ပူးပေါင်းပြီး မီးရရှိရေးဆောင်ရွက်ခဲ့ပါကြောင်း၊ ငွေလုံးငွေရင်း စိုက်ထုတ်ပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်မှာ အမှန်တကယ်ဖြစ်၍ ၎င်းကျေးရွာများကို မီးရရှိအောင်ဆောင်ရွက်မပေးနိုင်ပါက မိမိတို့ ကျေးရွာသူ၊ ကျေးရွာသားများ လုပ်ကိုင်ဆောင်ရွက်ထားသည့် ကိစ္စများမှာ အဟော သိကံ ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ ယခုလက်ရှိအခြေအနေတွင် ၎င်းကိစ္စကိုအကောင်းဆုံး ဆောင်ရွက်ဖြေရှင်းပြီး လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးမီးလင်းရေး ရရှိအောင် ကူညီဆောင်ရွက်ပေးရန် မိမိအနေဖြင့် မေတ္တာရပ်ခံပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
အမှတ်(၁၃) ကာကွယ်ရေးပစ္စည်း စက်ရုံထံမှ တစ်နည်းအားဖြင့် ကာကွယ်ရေးဝန်ကြီးဌာနထံမှ အဆိုပါဓာတ်အားလိုင်းအပေါ် ကြားဖြတ်ပြီးဓာတ်အား ဆက်သွယ်ရယူရန် သဘောတူပါကြောင်းဆိုသည့် စာကို တောင်းခံပေး ရမည်ဖြစ်ပါကြောင်း၊အဆိုပါကျေးရွာသုံးရွာမှ သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကို ဓာတ်အားလိုင်းများ တည်ဆောက်ခွင့်နှင့် ထရန်စဖော်မာများ တပ်ဆင်ခွင့်ကို သတ်မှတ်လုပ်ထုံး လုပ်နည်း အတိုင်း လျောက် ထားပေးပို့ရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ၎င်းလုပ်ငန်းခွင်ကို သွားရောက်ပြီး စစ်ဆေးတိုင်းတာပေးပြီး အားလုံးပြီးစီးသွားပါက မြို့နယ်လျှပ်စစ်အင်ဂျင် နီယာရုံးကတိုင်း လျှပ်စစ် အင်ဂျင်နီ ယာရုံးကို တင်ပြသွားပြီး တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးက အချက်အလက် အထောက်အထားအားလုံး ပြည့့်စုံပါက ခွင့်ပြုမိန့်ထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဆက်လက် ဖြည့်စွက် ရှင်းလင်းတင်ပြရလျှင် တည်ဆောက်ပြီး ဓာတ်အား လိုင်းများကို ဓာတ်အားလွှတ်ခွင့်ကို စက်မှုဝန်ကြီးဌာန အောက်တွင်ရှိသည့် လျှပ်စစ်စမ်းသပ် စစ်ဆေးရေးဌာနသို့ သက်ဆိုင်ရာကျေးရွာသုံးရွာမှ ဆက်လက် ဆက်သွယ်ရပါကြောင်း၊ အဓိကအကြောင်းအရင်းဖြစ်သည့် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ ကင်းရှင်းကြောင်းဆိုသည့် ခွင့်ပြုမိန့်ကို စက်မှုဝန်ကြီးဌာနက ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊စက်မှုဝန်ကြီးဌာနက ၎င်း ဓာတ်အားလိုင်း မှန်ကန်ပါကြောင်း ထောက်ခံပေးပါက လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာန အဆိုပါကျေးရွာသုံးရွာသို့ လျှပ်စစ် ပို့လွှတ်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
