(က)-လျှပ်စစ်မီးမရရှိသေးသောရေးမြို့နယ်အားလာ မည့်ဘဏ္ဍာနှစ်အတွင်းမဟာဓာတ်အားလိုင်းမှလျှပ်စစ် မီးသွယ်တန်းပေးနိုင်ရေးအစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၀) ရက်မြောက်နေ့ (၂၆.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

aung htun khaingမွန်ပြည်နယ်သည် မြို့နယ် ၁၀ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ရေးမြို့နယ်သည် အစွန်ဆုံးမြို့နယ် ဖြစ်ပါကြောင်း၊ လူဦးရေ ၂၄၅၀၀၀ ကျော်၊ ကျေးရွာအုပ်စု ၁၃၉ အုပ်စု၊မြို့ပေါ်ရပ်ကွက် ၉ အုပ်စု၊ အိမ်ထောင်စုပေါင်း ၄၁၂၀၀၊ ခုတင် ၁၀၀ ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ သုံးရုံ၊ ဌာနဆိုင်ရာ ၃၃ခုနှင့် တပ်ရင်းတပ်ဖွဲ့များ ရှိသည့် လူဦးရေ ထူထပ်သည့်မြို့နယ်ဖြစ်ပါကြောင်း၊ ၁-၁၀-၂၀၁၅ ရက်နေ့ ယခင်သမ္မတကြီး ဦးသိန်းစိန် မော်လမြိုင်မြို့သို့လာရောက်စဉ် သက်ဆိုင်ရာခရိုင်၊ ပြည်သူများ၏ မေးမြန်းချက်အရ လျှပ်စစ်ဝန်ကြီးဌာနမှ မဟာဓာတ်အားလိုင်းကို အောင်မြင်ပြီးဖြစ်ကြောင်းနှင့် သုံးစွဲမှု အတွက် ချေးငွေများ ရရှိပြီးဖြစ်သည်ဟု ပြောကြားသွားပါကြောင်း၊

ထို့အပြင် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ရေးမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်သို့ လျှစစ်မီးရရှိရေးနှင့် စပ်လျဉ်း၍ သုံးကြိမ်တိုင်တိုင်မေးမြန်းခဲ့သော်လည်း ယခုအချိန်အထိလျှပ်စစ်မီး ရရှိခြင်းမရှိသေး ပါကြောင်း၊ မွန်ပြည်နယ်၏ မြို့နယ် ၉ ခုတွင် လျှပ်စစ်မီးရရှိပြီး ရေးတစ်မြို့နယ်တည်းသာ လျှပ်စစ်မီးရရှိခြင်း မရှိသေးပါကြောင်း၊ ရေးမြို့နယ်သည် လျှပ်စစ်မီး နောက်ဆုံးရရှိခဲ့သည့် သံဖြူဇရပ်မြို့နယ်နှင့်လည်း ၆၃ မိုင်သာဝေးကွာသည့်အပြင် လမ်းပန်း ဆက်သွယ်ရေး၊စီးပွားရေး အဆင်ပြေလျက်ရှိပါကြောင်းနှင့် လျှပ်စစ်မီးရရှိရန်အတွက်သာ ကျန်ရှိနေပါကြောင်း၊ ထို့ကြောင့် ရေးမြို့နယ် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်သွယ်တန်းမှုပေးနိုင်ရန် အစီအစဉ်ရှိ/မရှိသိရှိ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr htun naingလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ရေးမြို့နှင့် ထားဝယ်မြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အတွက် မော်လမြိုင်မှ ရေးအထိ ၉၅ မိုင်၊ ရေးမှ ထားဝယ်အထိ ၈၅ မိုင် ၂၃၀ ကေဗွီအဆင့်ရှိဓာတ်အားလိုင်း  ၁၈၀မိုင် တည်ဆောက်နိုင်ရန်  အမေရိကန်ဒေါ်လာ ၇၂ သန်းနှင့် မော်လမြိုင် ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ရန် ၆.၂ သန်း၊ ရေးဓာတ်အားခွဲရုံ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂.၆ သန်း၊ ထားဝယ်ဓာတ်အားခွဲရုံ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂.၆ သန်းတို့ ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းအား မူလက တရုတ်နိုင်ငံ EXIM Bank ချေးငွေဖြင့် ဆောင်ရွက်ရန် လျာထားခဲ့ပြီး ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ တရုတ်ကုမ္ပဏီသုံးခုသို့ ၁၆-၃-၂၀၁၅ ရက်နေ့တွင် တင်ဒါခေါ်ဆိုခဲ့ပါကြောင်း၊ အဆိုပါ တင်ဒါများကို စိစစ်၍ အောင်မြင်သည့် ကုမ္ပဏီဖြင့် စာချုပ် ချုပ်ဆိုနိုင်ရန် စာချုပ်မူကြမ်းပြင်ဆင် ညှိနှိုင်းခဲ့ပြီး စာချုပ်မူကြမ်းများ အပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ သဘောထားမှတ်ချက်များကို တောင်းခံရယူခဲ့၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြကာအတည်ပြုချက်ရယူပေးနိုင်ပါရန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းအကြောင်းကြားခဲ့ရာ နောင်အစိုးသစ်ကာလမှသာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်းကို အကြောင်း ပြန်ကြားခဲ့ပါကြောင်း။

တရုတ်နိုင်ငံ EXIM Bank ချေးငွေဖြင့် ဆောင်ရွက်မည့် အဆိုပါစီမံကိန်း၏ ကုန်ကျစရိတ်မှာ အတိုးနှုန်း အပါအဝင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈၀.၀၁၇ သန်းဖြစ်ပြီး၊ ဆိုင်းငံ့ကာလ ၅ နှစ်နှင့် ပြန်ဆပ်ကာလ ၁၀ နှစ်၊ အတိုးနှုန်း မှာ နှစ်ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ အချိန်ကြန့်ကြာခြင်း၊ အတိုးနှုန်းများခြင်းနှင့်တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများကိုသာ ဦးစားပေး ဝယ်ယူရခြင်းတို့ကြောင့် စီမံကိန်းကို တရုတ်နိုင်ငံချေးငွေဖြင့် ဆက် လက် ဆောင်ရွက်ရန် မသင့်လျော်သဖြင့် ၎င်းချေးငွေကို ပယ်ဖျက်၍ အတိုးနှုန်း ပိုမိုသက်သာပြီး ပစ္စည်းများကို ဝယ်ယူရာတွင် ကန့်သတ်ချက် မထားရှိသည့် ADB Bank နှင့် World Bank ကဲ့သို့သော ချေးငွေ များဖြင့်သာ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၁၆) အရ ADB မှ ဓာတ်အားလိုင်း စီမံကိန်း ၃ ခုအတွက် လျာထားချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀၀ အောက်မှ အဆိုပါ စီမံကိန်းကိုထည့်သွင်း၍ အဆိုပြုလွှာပေးပို့ခွင့်ပြုရန် သဘောတူညီပြီးဖြစ်သည့်အတွက် ADB သို့ အဆိုပြုလွှာပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်း အတွက် အတိုးနှုန်းမပါ တွက်ချက်ထားသည့် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၃.၄ သန်းဖြစ်ပြီး ADB၏  အတိုးနှုန်းမှာ ဆိုင်းငံ့ကာလ ၈ နှစ်အတွင်း တစ်ရာခိုင်နှုန်းနှင့် ပြန်ဆပ်ကာလ ၂၄ နှစ်အတွင်း အတိုးနှုန်းမှာ ၁.၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း။

၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ်ဓာတ်အားလိုင်း စီမံကိန်းအတွက် ချေးငွေရရှိရန် ADB နှင့် ဆွေးနွေးညှိနှိုင်းရာတွင် ADB က စီမံကိန်းအား ကူညီထောက်ပံ့မည်ဖြစ်ပါကြောင်း၊ သို့သော် လိုအပ်သည့် ချေးငွေပမာဏမှာ ၎င်းတို့မှ ထုတ်ချေးနိုင်သည့် ပမာဏ ကန့်သတ် ထားမှု ရှိသည့်အတွက် ထပ်မံလိုအပ်မည့် ချေးငွေများကို ထုတ်ချေးပေးနိုင်မည့် မိတ်ဖက် ငွေချေးမည့်သူအား ရှာဖွေသင့်ကြောင်းနှင့် ထိုသို့ရှာဖွေရာတွင် ၎င်းတို့ဘက်မှလည်း အကူအညီပေးမည်ဖြစ်ကြောင်းကို သဘောထား မှတ်ချက် ပြန်ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် အဆိုပါချေးငွေရရှိရေးကို ဝန်ကြီးဌာနက ကြိုးစားညှိနှိုင်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး ချေးငွေများရရှိပါက တည်ဆောက်ရေး လုပ်ငန်းများကို စတင်အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ရေးမြို့နယ် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။