(စ)-နမ်းခမ်းရွာ၊ဒိန်ချက်ရွာ၊မန်စွပ်ရွာ များတွင် RC အဆောက်အဦ ကျေးလက်ဆေးပေးခန်းများကို ဦး စားပေး ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၂၃.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

မချမ်းဘောမြို့နယ်သည် လူဦးရေနည်းသော်လည်း နယ်မြေကျယ်ဝန်းပြီး ကျေးရွာအုပ်စုတစ်ခုနှင့် တစ်ခု ဆက်သွယ်ရန် အင်မတန်ခက်ခဲသည့် မြို့နယ်ဖြစ်ပါကြောင်း၊ မိမိတို့ မချမ်းဘောမြို့နယ်ရှိ ကျေးရွာအများစုတွင် ကျေးလက်ဆေးပေးခန်းမရှိသဖြင့် လူနေအိမ်ကို ဆေးပေးခန်းအဖြစ် ငှားသည့် အဆင့်သာဖြစ်ပါကြောင်း၊ ဒေသခံပြည်သူအများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခက်အခဲနှင့် ကြုံတွေ့နေရပါကြောင်း၊ အချို့ကျေးရွာများမှာ မြို့နှင့် အလှမ်းဝေးသောကြောင့် ကျေးလက်ဆေးပေးခန်း မဖြစ်မနေလိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နမ်းခမ်းကျေးရွာ၊ ဒိန်ချက် ကျေးရွာ၊ မန်ခွပ်ကျေးရွာများတွင် RC အဆောက်အဦဆေးပေးခန်းကို ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ နမ်းခမ်းကျေးလက်ကျန်းမာရေးဌာနခွဲ သည် တိုက်နယ် ဆေးရုံနှင့် တစ်မိုင်သာဝေးပြီး အဆောက်အဦသည် ပျက်စီးနေပြီး အသစ်ပြန်လည်ဆောက် လုပ်ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒိန်ချက် ကျေးလက်ကျန်းမာရေး ဌာနသည် မြို့နယ်ဆေးရုံနှင့် မိုင် ၅၀ ဝေးပြီး အဆောက်အဦ သည် ပြင်ဆင်ရန်လိုအပ်ပါသဖြင့် တွက်ချက်မှုကုန်ကျစရိတ်အား စိစစ်ပြီးပါက ပြင်ဆင်ထိန်းသိမ်းစရိတ်မှ ခွင့်ပြုနိုင်သော ပမာဏအထိ ယခုနှစ်အတွင်းတွင် ဆောင်ရွက်ပေးမည် ဖြစ် ပါကြောင်း၊ ထို့အပြင်လိုအပ်သည့် သားဖွားဆရာမနှင့် PHs-2 များကို စီစဉ်ပေးမည် ဖြစ်ပါကြောင်း၊ မချမ်းဘောမြို့နယ်၊ မန်စွပ်ရွာသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင် သည့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိထားခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။