(ဃ) - ပေါင်းလောင်းပြည်သူ့ အားကစားကွင်း အား နေပြည်တော် FC ဘောလုံး အသင်းသို့ ငှားရမ်းခဲ့ရာထိုကွင်းအားပြည်သူ့ထံသို့ပြန်လည် အပ်နှံရန်အစီစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၂၃.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u than soe aungပေါင်းလောင်းပြည်သူ့ အားကစားကွင်းအား ၁၉၇၃ ခုနှစ်တွင် ရဟန်းရှင်ပြည်သူများ၊ တပ်မတော်သားများ စုပေါင်းအားဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် အားကစားဝန်ကြီးဌာနမှ ပံ့ပိုးမှုမယူဘဲ မြို့နယ်သူမြို့နယ်သားများ၏ ‌ငွေအင်အား၊ လူအင်အားဖြင့် တည်ဆောက် ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၁၉၇၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ မြို့မိမြို့ဖများ၏ စီမံခန့်ခွဲမှု အောက်တွင် အားကစားပြိုင်ပွဲပေါင်းများစွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင် အားကစားသမားပေါင်း မြောက်မြားစွာ မွေးထုတ်နိုင်ခဲ့ပါကြောင်း၊

၂၀၁၀ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအတွက်  နေပြည်တော် FC အသင်းမှ ဘောလုံးကွင်းရှာဖွေသည့်အခါ ပေါင်းလောင်း ပြည်သူ့အားကစားကွင်းကို သဘောကျခဲ့သော်လည်း  အားကစားဝန်ကြီးဌာနပိုင် ကွင်းမဟုတ်သည့်အတွက် အခက်အခဲတွေ့ခဲ့ရပါကြောင်း၊ နေပြည်တော် FC အသင်းဖြစ်လာရန်အတွက် အားကစားဝန်ကြီးဌာနမှ နေပြည်တော်မြို့တော်ဝန်ထံ မြေသိမ်းအမိန့်ထုတ်ပေးပါရန် ၁၄-၂-၂၀၁၁ ရက်စွဲဖြင့် ညှိနှိုင်းစာပေးပို့ခဲ့ပြီး  ပေါင်းလောင်း ပြည်သူ့ အားကစားကွင်းကို သိမ်းယူခဲ့ပါကြောင်း၊ ထို့နောက် အား/ကာအမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး နေပြည်တော် FC အသင်းသို့ ငှားရမ်းခဲ့သည့်အတွက် ထိုအချိန်မှစပြီး ပျဉ်းမနားမြို့နယ်အတွင်းရှိ မျိုးဆက်သစ်လူငယ် များအတွက် အားကစားဆောင်ရွက်ရန် မြေနေရာပျောက်ပျက်ခဲ့ပါကြောင်း၊

ဘောလုံးကွင်းငှားရမ်းရာတွင် စာချုပ်စာတမ်းများနှင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ငှားရမ်းထားသော အားကစားကွင်းအပေါ် အာဏာပိုင်များ၏ ကြီးကြပ်မှု၊ ခွင့်ပြုမှုဖြင့် အားကစားပွဲများ၊ ဘောလုံးပွဲများ ကျင်းပခွင့်ကို မိမိလုပ်ငန်းစဉ်နှင့် တိုက်ဆိုင်မှုမရှိလျှင် အခမဲ့သုံးစွဲခွင့်ပြုရန်နှင့် လေ့ကျင့်ရန်အတွက်လည်း ခွင့်ပြုရမည်ဟု ချုပ်ဆိုထားသော်လည်း ငှားရမ်းခဲ့သည့် အချိန်မှစတင်၍ အကြောင်းအမျိုးမျိုးပြကာ မည်သည့်ပြိုင်ပွဲမှ ပြုလုပ်ခွင့်မရရှိတော့ပါကြောင်း၊ ကွင်းကို အခမဲ့ငှားရမ်းပြီး သုံးနှစ်ပြည့်၍ ဆက်လက်ငှား ရမ်းရန်အတွက် ၂၄-၄-၂၀၁၄ နေပြည်တော်ကောင်စီ အစည်းအဝေးတွင် ကျင်းပသော နေပြည်တော် ကောင်စီဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် နေပြည်တော် FC အသင်းတို့မှ တာဝန်ရှိသူများ ဆွေးနွေးပွဲတွင် ဤအားကစားကွင်းကို ပြည်သူလူထုထံသို့ပြန်လည်ပေးအပ်သင့်ကြောင်း ဆုံးဖြတ်ခဲ့သော်လည်း ယခုထိအလေးထားဆောင်ရွက်ခြင်း မရှိသေးပါကြောင်း၊

ပြည်သူ့အစိုးရလက်ထက်တွင် မုံရွာပြည်သူ့အားကစားကွင်း၊ ပဲခူးပြည်သူ့အားကစားကွင်းတို့အား သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့များမှ ပြည်သူ့ထံသို့ ပြန်လည် လွှဲပြောင်းပေးနိုင် ရန် စီစဉ်လျက် ရှိသည်ကို ကြားသိရပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒအပိုင်း(၁)၊ အခန်း(၃) ပုဒ်မ ၈ ပုဒ်မခွဲ (ည) တွင် မြေအသုံးချမှုနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်များချရာတွင် အများပြည်သူတို့၏ အကျိုးစီးပွားနှင့် ပုဂ္ဂလိကကုမ္ပဏီတို့၏ အကျိုးစီးပွားကို ယှဉ်ပြိုင်လာပါက အများပြည်သူတို့၏ အကျိုးစီးပွားကို ဦးစားပေးရန်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်ပါ၍ ပျဉ်းမနားမြို့နယ် ပျဉ်းမနားမြို့ရှိ ပြည်သူလူထု လုပ်အားဖြင့် တည်ဆောက်ခဲ့သော ပေါင်းလောင်းပြည်သူ့ အားကစားကွင်းအား ပြည်သူထံသို့ ပြန်လည်အပ်နှံရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် အပ်နှံမည်ကို သိရှိလိုပါကြောင်း  မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

myint htweမြန်မာ့ဘောလုံးအားကစား ပြန်လည်ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိစေရန်အတွက် နိုင်ငံတော်အေးချမ်း သာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်တွင် နှစ်ရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်၍ ဝန်ကြီးချုပ်ရုံး၏ ကြီးကြပ်လမ်းညွှန်ချက်အရ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းအားကစားကွင်း အပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ဘောလုံးအားကစား ကွင်းပေါင်း ၂၄ လေးကွင်းအား ၂၁-၆-၂၀၁၁ ရက်စွဲနေ့တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဦးစီးကာ သက်ဆိုင်ရာ ဘောလုံးကလပ်အသင်းများသို့ကနဦး သုံးနှစ်အခမဲ့ ပေးခဲ့ပြီး အဆိုပါ အခမဲ့ငှားရမ်းသည့် ကာလပြည့်သည့်နေ့မှစ၍ တစ်နှစ်လျှင် သိန်း ၃၀ ဖြင့် ဆက်လက်စာချုပ် ချုပ်ဆိုပေးခဲ့ရပါကြောင်း၊ ယခင်က ပေါင်းလောင်း အားကစားကွင်းတွင် နှစ်ထပ် သွပ်မိုးအုတ်ကာ ပျဉ်ခင်း အထူးတန်း ပွဲကြည့်စင်တစ်ခု၊ နှစ်ထပ်သွပ်မိုးအုတ်ကာ ပျဉ်ခင်း ရိုးရိုးတန်းပွဲကြည့်စင်တစ်ခု၊ အရှေ့ဘက်တွင် ရိုးရိုးတန်းပွဲကြည့်စင် တစ်ခုရှိပြီး ကွန်ကရစ်ခင်းလမ်းနှစ်ခုတို့အား နိုင်ငံတော်မှ ကျပ်ငွေ ၃၀၀၀၀ နှင့် ဒေသခံပြည်သူများမှ လှူဒါန်းငွေ ၉.၇ သိန်း စုစုပေါင်း ကျပ် ၁၀ သိန်းဖြင့် ရဟန်းတစ်ပါးနှင့် ပုဂ္ဂလိက လူပုဂ္ဂိုလ်လေးဦးတို့မှ လှူဒါန်းသောငွေဖြင့် ၁၄.၆ ဧကပေါ်တွင် စတင်အကောင် အထည်ဖော်ခဲ့ ပါကြောင်း၊ ပေါင်းလောင်းကစားကွင်းအား ဂရန်ဝန်ဆောင်စရိတ်အဖြစ် နိုင်ငံတော်ခွင့်ပြု ရန်ပုံငွေကျပ် ၂၈၆.၁၈ သိန်းအား နေပြည်တော် စည်ပင် သာယာရေးကော်မတီသို့ ပေးသွင်းခဲ့ပြီး ပျဉ်းမနားမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အမည်ပေါက်ဖြင့် နှစ် ၃၀ မြေဂရန်ရရှိခဲ့ပြီးသော အားကစားကွင်း တစ်ကွင်းဖြစ်ပါကြောင်း၊ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲအတွက် ဘောလုံးကလပ် အသင်းများကို အားကစားကွင်းများ နှစ်ရှည်ငှားရမ်းအသုံးပြုခွင့်ပေးရာတွင် အားကစားကွင်းများ အဆင့်မြှင့်တင်ထိန်းသိမ်းသည့် ဘောလုံးကလပ်အသင်းများရှိသကဲ့သို့ ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိသည့် ဘောလုံးကလပ်အသင်းများလည်း ရှိပါကြောင်း၊ နေပြည်တော် FC ဘောလုံး Club အသင်းအနေဖြင့် ရှိပြီးသော ပွဲကြည့်စင်များအား အကြီးစားပြုပြင်မွမ်းမံခဲ့သည့်အပြင် အားကစားကွင်း၏ တောင်ဘက်နှင့် မြောက်ဘက်တွင် ရိုးရိုးတန်းပွဲကြည့်စင် ကြီးများ အမြင့် ၃၅ ပေရှိ Inner Fencing များ တည်ဆောက်ခြင်း၊အဝင်လမ်း ကွန်ကရစ် ခင်းခြင်း ၊ Transformer များ၊ အီလက်ထရောနစ် LED စကိုးဘုတ်များ၊ မီးတိုင်စင်များ၊ ကျယ်ဝန်းသော ကားပါကင်နှင့် အများသုံးသန့်စင်ခန်းများ တည်ဆောက်သည့် ကုန်ကျစရိတ် ရန်ပုံငွေများစွာကို ကလပ်အသင်း၏ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်ရင်းနှီး၍ ပြုပြင်မွမ်းမံ တည်ဆောက်ထားရှိကြောင်း။

ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း ပြန်လည်အပ်နှံရေး ကိစ္စနှင့်ပတ်သက်၍ နေပြည်တော် FC ဘောလုံးကလပ်အသင်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ပေါင်းလောင်း အားကစား ကွင်း နှစ်ရှည်စာချုပ်ချုပ်ဆို ငှားရမ်းမှုအား ရပ်စဲ၍ ဘောလုံးကလပ်အသင်းမှ အဆင့်မြှင့်ပြုပြင် မွမ်းမံ တိုးချဲ့ဆောက်လုပ် ပြီးစီးသော အဆောက်အဦများကို ဖျက်သိမ်းခြင်းမပြုဘဲ မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတစ်ဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းလွှဲပြောင်းလက်ခံ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် သဘောတူညီမှု ရရှိပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလည်း ပြန်လည်လွှဲပြောင်းလက်ခံရရှိပါက ဌာန၏အစီအစဉ်ဖြင်‌့ ပြည်သူလူထုများအား စနစ်တကျလေ့ကျင့်ကစားနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။