(ဆ)-ဧဝရတ်တောင်ထိပ်သို့တက်ရောက်နိုင်ခဲ့ပြီးမြန် မာ နိုင်ငံတော် အလံကိုလွှင့်ထူကာကမ္ဘာ့အလယ် တွင် မြန်မာနိုင်ငံ၏ပုံရိပ်ကိုမြင့်မားထည်ဝါစေခဲ့သော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအားဂုဏ်ပြုချီးမြှောက်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့ (၂၂.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

myint lwinဧဝရတ်တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ခြောက်မိုင်နီးပါးမြင့်ပါကြောင်း၊ တောင်ထိပ်နား တစ်ဝိုက်တွင် လေပြင်းများသည် အမြဲလိုလို မိုင် ၁၀၀ နှုန်းဖြင့် တိုက်ခတ်သည့်နေရာ ဖြစ်ပါကြောင်း၊ အချို့အချိန်တွင် မိုင် ၂၀၀ လောက်တိုက်ခိုက်ပြီး နာဂစ်တုန်း တိုက်သည့်အခါတွင် မိုင် ၁၄၀ လောက်ဖြင့် နှိုင်းယှဉ်ကြည့်၍ ရပါကြောင်း၊ အသက်အန္တရာယ်လည်း အင်မတန်များသည့် ကိစ္စများဖြစ်သည့်အတွက် မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၇ မိနစ်တွင် မိမိတို့နိုင်ငံက ကိုဝင်းကိုကိုနှင့် ကိုပြည်ဖြိုးသူတို့ အောင်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ နှစ် ၅၀ အတွင်း ပထမဆုံးပြည်သူလူထု၏ဆန္ဒကို ကိုယ်စားပြုနိုင်ဆုံးဟု ခေါ်ဆိုနိုင်သည့် ဒီမိုကရက်တစ် အစိုးရတစ်ခုပေါ်ထွန်းလာသည်နှင့် တိုက်ဆိုင်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဒီမိုကရက်တစ် အစိုးရအတွက်လည်း ဒါဟာအတိတ်ကောင်း၊ နိမိတ်ကောင်း တစ်ခုလို ဆိုနိုင်ပါကြောင်း၊ ၎င်းနေရာကို ရောက်ရှိနိုင်ရန် လူများရာထောင်ချီပြီး သေဆုံးခဲ့ခြင်းများရှိပါကြောင်း၊ ထိုလူငယ်လေးနှစ်ယောက်မှာ အောင်မြင်ခဲ့သည့်အတွက် နိုင်ငံ့ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် မြင့်မားအောင်လုပ်ပေးခဲ့သည့်အတွက် မိမိတို့နိုင်ငံ ဒီမိုကရက်တစ်အစိုးရကို အတိတ်ကောင်း၊ နိမိတ် ကောင်းများ ယူဆောင်ပေးခြင်းကြောင့် မြန်မာလူငယ်နှစ်ယောက်အား ပံ့ပိုးကူညီခဲ့သည့် အဖွဲ့သားများကို ထိုက်ထိုက်တန်တန် ချီးကျူးဂုဏ်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweနိုင်ငံတော်အစိုးရ အဆက်ဆက်အနေဖြင့် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးခဲ့သည့် အားကစားသမားများ ထူးချွန်အောင်မြင်စွာရယူပေးနိုင်မှုအပေါ်မူတည်၍ ထိုက်တန်သည့် ဂုဏ်ပြု ချီးမြှောက်မှုများ မပျက်မကွက်ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ ခေတ်အဆက် ဆက် အာရှနှင့်အရှေ့တောင် အာရှအာကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ထူးဆောင် အားကစားသမားများနှင့် အားကစားသမားဟောင်းကြီးများအား ဖိတ်ကြား၍ ဂုဏ်ပြုပွဲများ ကျင်းပ ပြုလုပ်ပေးခဲ့သည်‌့အပြင် အာရှနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်လေးခုနှင့် အထက်ရရှိသော ထူးချွန်အားကစားသမားများ မောင်မယ်များ၏ ပုံတူကိုယ်တစ်ပိုင်းပုံရုပ်ထုများ ထုလုပ်၍ နေပြည်တော် အားကစားပြတိုက် ရှိ မြန်မာ့အားကစားမော်ကွန်း ခန်းမတွင် မြန်မာ့အားကစား သူရဲကောင်းများ အဖြစ် ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ပြသမှုများ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံမှတောင်တက် အားကစားသမား ကိုဝင်းကိုကို၊ ကိုပြည့်ဖြိုးအောင်တို့နှစ်ဦးနှင့် တောင်တက်အားကစား သမားများ၏ တောင်တက် ပစ္စည်းကိရိယာများ၊ အဝတ်အစားများ၊ ရွက်ဖျင်တဲများ၊အစားအစာများ၊ ဆေးဝါးများ၊ အောက်ဆီဂျင်ဗူးများ၊ ငွေကြေးအစသဖြင့် အစစအရာရာကူညီထောက်ပံ့ပေးခဲ့သည့် ထူးဖောင်ဒေးရှင်း၊ တောင်တက်သမားများကို မွေးထုတ်ပေးသည့် Technical Climbing Club of Myanmar ခြေလျင်တောင်တက် အသင်းနှင့် မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ်တို့ကိုလည်း ဂုဏ်ပြုလွှာများ ပေးအပ်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာတက်ရောက်ခဲ့သည့် ကိုဝင်းကိုကိုနှင့် ကိုပြည့်ဖြိုးအောင် နှစ်ဦးတို့ သည် မေလ ၂၅ ရက်နေ့ နံနက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်တွင် စေတနာရှင်၊ ဝါသနာရှင်၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်အားကစားနှင့် ကာယပညာသိပ္ပံမှ အားကစားသမားများ၊ အိုးစည်ဗုံမောင်း၊ ပန်းစည်းများ၊ ပန်းကုံးများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝင့်ကြွားစွာ ကြိုဆိုခဲ့ကြပါကြောင်း၊ ထို့အပြင် ၂၇-၅-၂၀၁၆ ရက်နေ့တွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ထူးဖောင်ဒေးရှင်းမှ တောင်တက်အားကစားသမား တစ်ဦးချင်းစီကို ကျပ်သိန်း ၁၀၀ စီ ပေးအပ်ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ချီးမြှင့်ခဲ့ပါကြောင်း၊

၂၀၁၆ ခုနှစ်၊ မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၇ မိနစ်တွင် ၈၈၄၈ မီတာရှိသော အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတော်အလံကို လွှင့်ထူကာ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ပုံရိပ်ကို မြင်‌့မားထည်ဝါစေခဲ့သည့် ကိုဝင်းကိုကိုနှင့် ကိုပြည့်ဖြိုးအောင်တို့ အား နိုင်ငံတော်အစိုးရကိုယ်စား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀-၇-၂၀၁၆ ရက်နေ့တွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း(Gold Camp) တွင် ငွေကျပ် ၁၀ သိန်းစီဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၂၅-၈-၂၀၁၆ ရက်နေ့တွင် တောင်တက်အားကစားနှစ်ဦး၏ ပုံတူ ကိုယ်တစ်ပိုင်းရုပ်တုထုကာ နေပြည်တော်အားကစားပြတိုက်ရှိ မြန်မာ့အားကစားမော်ကွန်းခန်းမတွင် ထပ်မံဂုဏ်ပြုချီးမြှင့်ခဲ့ပါကြောင်း၊

နိုင်ငံ့ဂုဏ်ဆောင်တောင် တက်အားကစားသမားများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများ၊ ပုဂ္ဂလိက ဂျာနယ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေသော အားကစားသတင်းလွှာနှင့် Sports Magazine များတွင်လည်း သတင်းဆောင်းပါးများ ဂုဏ်ပြုရေးသားဖော်ပြခဲ့ပြီးဖြစ် ပါကြောင်းနှင့် ယခုလို ရုပ်တုထုလုပ် ဂုဏ်ပြုချီးမြင့်ခြင်းသည် မြန်မာ့အားကစားသူရဲကောင်းများအဖြစ် ကမ္ဘာတည်သ၍ မြန်မာ့သမိုင်းတွင် မှတ်တမ်းဝင်နေမည်ဖြစ်ကြောင်းကို ပြန်လည်းရှင်းလင်း ဖြေကြားပါသည်။