မေးခွန်း အကြောင်းအရာ
ကလေးမြို့နယ်၌ တောင်ပိုင်းတွင် ဆေးရုံ ၂ ရုံ၊ မြောက်ပိုင်းအစွန်တွင် ၁ ရုံ စုစုပေါင်း တိုက်နယ်ဆေးရုံ ၃ ရုံရှိပါကြောင်း၊ မိမိတို့မြို့နယ်၏ ပထဝီအနေအထား လမ်းပန်းဆက်သွယ်ရေး အခြေအနေနှင့် တိုင်းရင်းသားများ စုပေါင်းနေထိုင်မှု အခြေအနေများ ကို သေချာလေ့လာခြင်း မရှိပါက တိုက်နယ်ဆေးရုံများ တည်ရှိနေမှုအနေအထားသည် လျော်ကန်သင့်မြတ်သည်ဟု ယူဆပါကြောင်း၊ ကလေးမြို့နယ်ရှိ လက်ပံချောင်းကျေးရွာ ပတ်ဝန်းကျင်ရှိ ရွာပေါင်း ၄၁ ရွာ၊ လူဦးရေ ၆၂၅၃၅ ဦးနှင့် ချင်းပြည်နယ်မှ လက်လှမ်း မမီနိုင်သောရွာ ၁၁ ရွာက လူဦးရေ ၄၂၅၀ ဦးစုစုပေါင်း ၆၆၀၀၀ ဦးကျော်သည် မြို့နယ်ကျေးလက်နေ လူဦးရေ ၂၁၈၆၀၇ ဦး၏ ၃၀.၆၂ ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊အဆိုပါ ပြည်သူများသည် မြောက်ပိုင်းအစွန်ရှိ ရာဇဂြိုလ်ဆေးရုံသို့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊မြို့နယ်အဆင့်မြင့်ဆေးရုံကြီးနှင့် ဝေးကွာနေခြင်း၊ လိုအပ်သော ဆေးဝါးများဝယ်ယူရန်အတွက် မြို့ကို တစ်ပတ်ပြန်ပတ်နေရခြင်း တို့ကြောင့် သွားရောက်နိုင်ခြင်း မရှိပါကြောင်း၊ ယခုနှစ်အတွင်း လက်ပံချောင်းကျေးရွာတွင် ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ပေးခဲ့ပါကြောင်း၊ သို့သော် လူဦးရေ ၆၈၀၀၀ ခန့်ရှိသော ကလေး မြို့နယ်၏ အနောက်မြောက်ဒေသတွင် ဆရာဝန်တစ်ဦးမျှမရှိဘဲ ထူးခြားမှုမရှိသည့် အဆင့်တိုးမြှင့် ပေးခဲ့မှုကြောင့် ဒေသခံတိုင်းရင်းသားများ စိတ်အားငယ်ကြရပါကြောင်း၊ ရေကြီးရေလျှံမှုကြောင့် တံတားကြီးများ အားလုံးပျက်စီးသွားပြီး ဒေသအတွင်း ပိတ်မိနေသည့် အခြေ အနေများလည်း ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့နယ်၏ ပထဝီအနေအထားအရလည်းကောင်း၊ကျန်းမာရေးဌာန စံနှုန်းများအရလည်းကောင်း၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအရ လည်းကောင်း တည်ဆောက်ပေးရန် လျော်ကန်သင့်မြတ်သော တိုက်နယ် ဆေးရုံတစ်ရုံကို ကလေးမြို့နယ်၏ အနောက်မြောက်ဒေသရှိ သင့်တော်သော လက်ပံချောင်းကျေးရွာတွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တည်ဆောက်ပေးမည် ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံ ၁ ရုံ၊ နတ်ချောင်း တိုက်နယ်ဆေးရုံ၊ တင်သားတိုက်နယ်ဆေးရုံ၊ ရာဇဂြိုလ်တိုက်နယ်ဆေးရုံ တိုက်နယ်ဆေးရုံသုံးရုံနှင့် စုစုပေါင်း ဆေးရုံ ၄ ရုံ ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ လက်ပံချောင်းကျေးရွာနယ်မြေတွင် အိမ်ခြေ ၃၂၃၈ အိမ်၊ လူဦးရေ ၂၀၅၉၂ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ကလေးမြို့ဆေးရုံကြီးမှ ၁၆.၅ မိုင်၊ ရာဇဂြိုလ်တိုက်နယ်ဆေးရုံမှ ၁၆ မိုင် ခန့်ကွာဝေးပြီး ရာဇဂြိုလ်တိုက်နယ်ဆေးရုံနှင့် ကလေးမြို့ တိုက်နယ်ဆေးရုံ အကြားတွင် တည်ရှိပါကြောင်း၊ ရာဇဂြိုလ်တိုက်နယ်ဆေးရုံသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခွင့်ရရှိပြီးဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ် မတ်လမှစ၍ အတွင်းလူနာများ စတင်ကုသပေးလျက်ရှိပါကြောင်း။
၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အတွင်းလူနာပေါင်း ၂၆၅ ဦး ကိုကုသပေးနိုင်ခဲ့ပါကြောင်း၊ မေးခွန်းပါ လက်ပံချောင်းကျေးရွာသည် အနီးတဝိုက် ကျေးရွာများ တွင် နေထိုင်သော ဒေသခံ များသည် မြောက်ဘက်တွင် ဖွင့်ထားခဲ့သော ရာဇဂြိုလ်တိုက်နယ်ဆေးရုံသို့ လည်းကောင်း၊ တောင်ဘက်ရှိ ကလေးမြို့ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း သွားရောက် ကုသနေကြ ပါကြောင်း၊အညွှန်းကိန်းများကိုကြည့်ပါက ယခုအချိန်တွင် တိုက်နယ်ဆေးရုံ ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးပါကြောင်း၊ သို့သော် တိုက်နယ်ဆေးရုံအသစ်ဖွင့်လှစ်ရန် တင်ပြခြင်းကိစ္စဖြစ်သည့် အတွက် တိုက်နယ်ဆေးရုံအနီးရှိ အခြားတိုက်နယ်ဆေးရုံတွင် Rural Health Center များ မြို့နယ် ဆေးရုံများ၌ လူနာများ ပြင်ပအတွင်းလူနာများ တက်ရောက်မှုအခြေအနေ တောင်းဆိုသည့် တိုက်နယ်ဆေးရုံမှာ မြေပြင်အနေအထား (Geographical Drain)၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ လူနာများဖျားနာမှု ရောဂါမည်မျှရှိသည် စစ်တမ်းကောက်ယူမှု စာရှင်းဇယားအခြေအနေ လူဦးရေသိပ်သည်းမှု Internal Migration များ မည်မျှ ရှိခြင်း၊ ဆေးရုံဆောက်ရန် နေရာရှိ/မရှိ၊ ငွေရှိ/မရှိ၊ လူဦးရေ၊ ဆရာဝန်နှင့် သူနာပြုများလုံလောက်မှုရှိ/မရှိတို့ကို စစ်ဆေးပြီးမှသာလျှင် မိမိတို့ စဉ်းစားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြခဲ့သကဲ့သို့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိစ္စကိုလည်း ထည်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊၎င်းတို့သည် Subjective Criterion ဖြစ်သော်လည်း အလွန်အရေးကြီးသည့် ကိစ္စရပ်များ ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် မြေပြင်အခြေအနေကိုသိရှိရန် ဗဟိုမှ အဖွဲ့တစ်ဖွဲ့ကို တိုင်းဒေသကြီးဦးစီးမှူးနှင့်တွဲပြီး အမြန်ဆုံး သွားရောက် ကြည့်ရှုမည်ဖြစ်ပါကြောင်း၊ လိုအပ်ပါက မိမိတို့ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
