မေးခွန်း အကြောင်းအရာ
ထန်တလန်မြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၃၇၁.၀၃ ကျယ်ဝန်း၍ ရပ်ကွက် ၃ ခု၊ အုပ်စု ၃၆၊ ကျေးရွာပေါင်း ၈၂ ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၅၀၀၀၀ ကျော်နေထိုင်သည့် အိန္ဒိယနယ်စပ်မြို့ဖြစ်ပါကြောင်း၊ လူဦးရေ ၁၅ ရာခိုင်နှုန်းသာ မြို့ပေါ်မှာနေ ထိုင်ကြပြီး ကျန် ၈၅ ရာခိုင်နှုန်းသည် ကျေးလက်နေထိုင်သူများ ဖြစ်ကြပါကြောင်း၊ မြို့နယ်အတွင်း ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၂၅ ခုတင်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၃ ခု၊ ကျေးလက် ကျန်းမာရေးဌာန ၆ ခုရှိပါကြောင်း၊ ထန်တလန် ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာများ ကုသရာ၌ အထူးကု ဆရာဝန်များမရှိခြင်း၊ ဆရာဝန်များနှင့် အခြားဝန်ထမ်းအင်အားမပြည့်စုံခြင်း၊ ခွဲစိတ်ကိရိယာ မလုံလောက်ခြင်းတို့ကြောင့် ထန်တလန်နှင့် ၂၄ မိုင် ကွာဝေးသော ဟားခါး ပြည်သူ့ဆေးရုံသို့ သွားရောက် ကုသရာလည်း လူနာတင်ယာဉ်မရှိခြင်း၊ အချိန်နောင့်နှေး ကြန့်ကြာခြင်း၊ စရိတ်အကုန်အကျများခြင်းတို့ကြောင့် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့နေရသဖြင့် အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့ရပါကြောင်း။
ထန်တလန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ၆-၇-၂၀၁၆ ရက်နေ့ စာရင်းအရ ကုသရေး ဝန်ထမ်းအင်အား ခွင့်ပြု ၁၁၂ တွင် ခန့်ထား ၇၀ ဦးရှိပြီး လစ်လပ်ဆရာဝန် ၆ ဦးအပါအဝင် အားလုံး ၁၄ ဦး၊ ပြည်သူ့ကျန်းမာရေးအင်အား ခွင့်ပြု ၁၄၆ ဦးအနက် ခန့်ထား ၈၁ ဦးသာခန့် ထားပြီး လစ်လပ် ၆၄ ဦး တွေ့ရှိရပါကြောင်း၊ ဝေးလံခေါင်းပါးသောဒေများကို မည်သူမှ မသွားချင် ကြပါကြောင်း၊ ယခုအခါ ဝေးလံခေါင်းပါးသော ဒေသများသို့ သွားရောက်ပြီး တာဝန်ထမ်းဆောင်သူများကို နှစ်အလိုက် အမှတ်ပိုပေးသည့် စနစ်ရှိသည်ကို ကြားသိရသည့် အတွက် များစွာ အားရကျေနပ်မိပါကြောင်း။
ထန်တလန်ပြည်သူ့ ဆေးရုံအတွင်း ခုတင်အသုံးပြုမှုရာခိုင်းနှုန်းမှာ ၂၀၁၁ ခုနှစ်တွင် ၄၈ %၊ ၂၀၁၂ တွင် ၅၆ %၊ ၂၀၁၃ ခုနှစ်တွင် ၇၄ %၊ ၂၀၁၄ ခုနှစ်တွင် ၆၇.၆ %၊၂၀၁၅ ခုနှစ်တွင် ၈၆.၄ % တိုးတက်လာခဲ့သည်ကို တွေ့ရပါကြောင်း၊ ခုတင် အသုံးပြုမှု နည်းသည်ကိုလည်း ဆရာဝန်မရှိခြင်း၊ သူနာပြုဆရာမများ မပြည့်စုံခြင်း၊ပစ္စည်းကိရိယာမစုံလင်မှုတို့အပေါ် များစွာမူတည်သည့်အတွက် အညွှန်းကိန်းကို တစ်တမတ်တည်း သတ်မှတ်ခြင်းမဟုတ်ဘဲ ဝေးလံခေါင်းပါး၍ ဖွံ့ဖြိုးမှု နိမ့်ကျနေသော ဒေသများ ရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထား စဉ်းစားပေးစေလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ထန်တလန်မြို့ ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ခုတင် ၅၀ ဆံ့သို့ တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကို သိရှိ လိုကြောင်း မေးမြန်းပါသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် လူဦးရေ ၅၀၀၀၀ ကျော်ရှိပါကြောင်း၊ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၂၅ ခုတင်ဆံ့ ဆေးရုံ ၁ ရုံ၊ တိုက်နယ်ဆေးရုံ ၃ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၈ ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ ထန်တလန်မြို့ ဆေးရုံ၏ ဆေးရုံခုတင်အသုံးပြုနှုန်းသည် ၂၀၁၁ ခုနှစ်တွင် ၂၆.၄ %၊ ၂၀၁၂ ခုနှစ်တွင် ၅၁.၃၂ %၊ ၂၀၁၃ ခုနှစ်တွင် ၁၀ %၊ ၂၀၁၄ ခုနှစ်တွင် ၆၈ %၊ ၂၀၁၅ ခုနှစ်တွင် ၈၆.၄ %နှင့် ၂၀၁၆ ခုနှစ်တွင် ၇၇.၆ % ရှိသည်ကို တွေ့ရှိရပါကြောင်း၊ တစ်နေ့ ပျမ်းမျှ အတွင်းလူနာအနေဖြင့် အနည်းဆုံးနှစ်တွင် ၃ ဦးခန့်သာရှိပြီး အများဆုံးနှစ်တွင် ၂၂ ဦးခန့်ထိသာရှိပါကြောင်း၊ ပြင်ပလူနာများ လာရောက်ကုသခြင်းအနေဖြင့် အနည်ဆုံးနှစ်တွင် တစ်နေ့ပျမ်းမျှ ၁၄ ဦးနှုန်းနှင့် အများဆုံး ၃၂ ဦးခန့် သာရှိပါကြောင်း၊ လက်ရှိ အချိန်တွင် ဆရာဝန် ၃ ဦးနှင့် သွားဆရာဝန် ၁ ဦး၊ သူနာပြု ၁၄ ဦး၊ အခြားဝန်ထမ်း ၂၈ ဦး စုစုပေါင်း ၄၆ ဦးနှင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ စုစုပေါင်းဝန်ထမ်းအင်အား အနေဖြင့် ၂၅ ခုတင်ဆံ့၏ ၅၅ ယောက်တွင် ၄၆ ယောက်ဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း။
ခွဲစိတ်ကိရိယာများ မလုံလောက်ခြင်းကိစ္စကို ဆောင်ရွက်ရန် လွယ်ကူပါသဖြင့် မိမိတို့ိသိပါက ချက်ချင်း လုပ်၍ရပါကြောင်း၊ ထို့အပြင် လူနာတင်ယာဉ်မရှိသည့်အတွက်လည်း လူနာတင်ယာဉ် ပေးမည့်ကိစ္စသည်လည်း ဖြစ်နိုင်ပါကြောင်း၊ ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့အထိ တိုးပါက မိမိတို့အနေဖြင့် လူဦးရေကို လုံးဝမဖြည့်နိုင်ပါကြောင်း၊ ဆေးရုံတွင် လိုအပ်သည့်ဆရာဝန်နှင့် ပစ္စည်းကိရိယာများ ပြည့်စုံမှုသည် အဓိကဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ရှိသမျှဆေးရုံများတွင် ပစ္စည်းကိရိယာများ စုံလင်မှု၊ ဆရာဝန်၊ သူနာပြု အစရှိသည့်ဝန်ထမ်းများ ခန့်အပ်မှုသည် ပထမဦးစားပေး အစီအစဉ်ဖြစ်ပါကြောင်း၊ ဆေးရုံခုတင်တိုးခြင်းဖြင့် ဆေးရုံ၏ ဝန်ဆောင်မှုကိစ္စများ တိုးလာမည်မဟုတ်ပါကြောင်း၊သို့သော် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးရုံများ၏ ဝန်ဆောင်မှု ကို တိုင်းတာသည့် အညွှန်းကိန်းများသည် ခေတ်နှင့်အလျော်ညီထွေရှိရန် ပြန်လည်ပြုပြင်ပြီး လုပ်ဆောင်လျက်ရှိပါကြောင်း။
ထို့အပြင် မြန်မာနိုင်ငံရှိ ဆေးရုံတိုင်း၌ရှိသော တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏ ခွင့်ပြုခန့်ထား လစ်လပ်အခြေအနေ၊ ဆေးရုံ၌ရှိသော ရောဂါရှာဖွေရေးပစ္စည်းကိရိယာများ၊ ဓာတ်ခွဲခန်းပစ္စည်း ကိရိယာများ၊အခြေအနေ အသေးစိတ်၊ဆေးရုံ အဆောက် အဦအခြေအနေ၊ ဝန်ထမ်းအင်အားအခြေ အနေများကို တစ်ပြည်လုံးအတိုင်းအတာဖြင့် သုံးသပ်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊အဖြေများအားလုံး ရရှိရန် ၃ လ၊၄ လခန့် ကြာမည်ဖြစ်ပါကြောင်း၊ ရရှိသော စာရင်းဇယားများကို သုံးသပ်ပြီး ဆေးရုံ၌ ခုတင်တိုးရန် လို/မလို၊ လူအင်အားဖြည့်ရန် လို/မလို၊ ထောက်ပံ့ဝယ်ယူရမည့် ပစ္စည်းများလို/မလို၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ လို/မလိုတို့ကို အားလုံး သိရှိမည်ဖြစ်ပါကြောင်း၊ ထိုသို့သိရှိမှသာလျှင် အချိန်နှင့်တစ်ပြေးညီ ချက်ချင်းဆောင်ရွက်၍ ရမည်ဖြစ်ပါကြောင်း၊ အဖြေများကို ရရှိပါက မိမိတို့၏ လူ့စွမ်းအား အရင်းအမြစ် (Human Resources) ထုတ်လုပ်မှုပုံစံ၊ နေရာချထားမှုပုံစံတို့ကို ကျွမ်းကျင်မှုပုံစံအပြည့်ဖြင့် ကြိုတင်ဆောင်ရွက်ထားခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ နောက်ပိုင်းတွင် မေးခွန်းများ လည်း နည်းသွားမည်ဟု ထင်မြင်မိပါကြောင်း၊ ထန်တလန်ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့ကို တိုးရန် ယခုလောလောဆယ် ရရှိသောစာရင်းဇယားများအရ မလိုသော်လည်း မှန်ကန်သော စာရင်းဇယားများကို တောင်းခံ၍ ရရှိသည့်အခါတွင် လိုအပ်ပါက စဉ်းစားပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
