(ဇ)-မတ်လ(၂)ရက်နေ့အားဆရာစံတောင်သူလယ် သမားအရေးတော်ပုံ၏အထင်ကရရက်နေ့ကိုတောင် သူလယ်သမားနေ့အဖြစ်ပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂၁.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

pe thanမြန်မာ့သမိုင်းကို ကြည်‌့ပါက ၂-၃-၁၉၆၂ ရက်နေ့တွင် ပါလီမန်ဒီမိုကရေစီကိုဖျက်သိမ်းပြီး ဗိုလ်ချုပ်ကြီး နေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီက အာဏာ သိမ်းသည်‌့နေ့ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်ခဲ့ပါကြောင်း၊ တော်လှန်ရေးကောင်စီ အာဏာ ရပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ဦးထိပ် ပန်ဆင်ဆောင်ရွက်နိုင်မည်ဆိုသော ဆောင်ပုဒ်ရည်ရွယ်ချက်ဖြင့် အာဏာသိမ်းသည်‌့ နေ့ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်ပြီး ဆောင်ရွက်ခဲ့သူများသည် အမှန်တကယ် အကောင် အထည်ဖော် ဆောင် ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ကဘောင်း-တူးယား စသည်‌့ တောင်သူလယ်သမားညီလာခံများကို လုပ်ပြီး တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ဖြည်‌့ဆီးပေးရန် ကြိုးပမ်းခဲ့သော်လည်း လက်တွေ့တွင် အောင်မြင်မှုမရခဲ့သဖြင့် ၂၆ နှစ်ကြာ ၁၉၈၈ ခုနှစ် တွင် တောင်သူလယ်သမားများ အပါ အဝင် ပြည်သူများ၏ အုံကြွမှုကိုဖြစ်ပေါ်စေပြီး အစိုးရအုပ်ချုပ်ရေး ယန္တရား ပျက်ယွင်းသွားခဲ့ရပါကြောင်း၊

၁၈-၉-၁၉၈၈ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူမှုကို ဒုတိယအကြိမ်ပြုလုပ်ခဲ့ပါကြောင်း၊ သို့ဖြစ်ရာ မတ်လ ၂ ရက်နေ့သည် ပါလီမန်ဒီမိုကရေစီ စနစ်ကို ဖျက်သိမ်းပြီး အာဏာရှင်စနစ်ကို သန္ဓေတည်ရန် စတင်သည့်နေ့ဖြစ်ကြောင်း၊ လယ်သမားများ၏ ဝမ်းစာ၊ မျိုးစပါး၊ လယ်မြေများ ပါ မကျန်သိမ်းယူပြီး လယ်သမားထုကို ဆင်းရဲဒုက္ခတွင်းသို့ ကျရောက်တွန်းပို့ခဲ့သည့် အထိမ်းအမှတ်နေ့တစ်နေ့ဖြစ်ပါကြောင်း၊

ထိုကဲ့သို့နေ့တစ်နေ့ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်ထားခြင်းမှာ ကျေးဇူးရှင် တောင်သူလယ်သမားများအား ဂုဏ်ပြုသတ်မှတ်သည်ဆိုသည်‌့ ရည်ရွယ်ချက်ကင်းမဲ့ပြီး အနှစ်သာရ ပျောက်ဆုံးနေ ပါကြောင်း၊ထို့ကြောင့် မတ်လ ၂ နေ့ အား တောင်သူ လယ်သမားနေ့ဟု သတ်မှတ်ပေးမည်‌့အစား တောင်သူလယ်သမားများ၏ စိတ်ဓာတ် ကို မြှင့်တင်ပေးနိုင် မည်‌့ နေ့တစ်နေ့အား ပြောင်းလဲ သတ်မှတ်ပေးနိုင်ရန် နယ်ချဲ့ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရာ ရုန်းကန်တော်လှန်ခဲ့ကြသည်‌့ ဆရာစံ တောင်သူ လယ်သမား အရေးတော်ပုံ၏  အထင်ကရ ရက်နေ့တစ်နေ့အား ရွေးချယ်ပြီး တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuရှေးယခင်အစိုးရကာလ တော်လှန်ရေးကောင်စီလက်ထက် တောင်သူလယ်သမားများ စည်းလုံးညီညွတ်မှု ရရှိစေရန်အတွက်လည်းကောင်း၊ တောင်သူလယ်သမားများသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်းတစ်လျောက်တွင် တိုက်ပွဲဝင်အင်အားစုများဖြစ် ခဲ့သောကြောင့် ဂုဏ်ပြုသည်‌့အနေဖြင့် လည်ကောင်း၊ တောင်သူလယ်သမားများ၏ နှီးနှောဖလှယ်ပွဲအခမ်းအနား ကို ကျင်းပပေးခဲ့တဲ့အရာမှ တောင်သူလယ် သမားနေ့ဟု ပေါ်ပေါက် လာရခြင်းဖြစ်ပါကြောင်း၊ တောင်သူလယ်သမားနေ့ နှီးနှောဖလှယ်ပွဲများကို ၃၀-၁၂-၁၉၆၂ ရက်နေ့မှ ၁-၁-၁၉၆၃ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုန်းတောရွာမှလည်းကောင်း၊ ၃၀-၁-၁၉၆၃ ရက်နေ့မှ ၁-၂-၁၉၆၃ ရက်နေ့အထိ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ဒူးရာကျေးရွာမှာလည်းကောင်း၊ ၃၀-၁၂-၁၉၆၃ ရက်နေ့မှ ၂-၁-၁၉၆၄ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတွင်လည်းကောင်း ၆-၃-၁၉၆၄ ရက်နေ့အထိ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ခပေါင်းမှ လည်းကောင်း ကျင်းပ ခဲ့ပြီး ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ၄ နှစ်ကို ရန်ကုန်မြို့ ကျိုက္ကစံကွင်းရှိ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများ အသီးသီးကျင်းပခဲ့သည်ဟု သိရပါကြောင်း၊

ထိုစဉ်ကာလက တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်မှစတင်ပြီးတော့ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၃၀-၁၂-၁၉၆၃ ရက်နေ့မှ ၂-၁-၁၉၆၄ ရက်နေ့အထိ ကျင်းပပြုလုပ်သော ပုပ္ပားတောင်သူ လယ်သမားနှီးနှော ဖလှယ်ပွဲ တွင် တက်ရောက်လာကြသော တောင်သူလယ်သမား ကိုယ်စားလှယ်ကြီးများက ဇန်နဝါရီလသည် တောင်သူလယ်သမားများ၏ လယ်ယာသီးနှံချိန်များ ရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေသည့် အတွက်လည်းကောင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြု သကဲ့သို့ ဖြစ်နေခြင်းကြောင့် လည်းကောင်း၊ ပွင့်လင်းရာသီဖြစ်သည့် တောင်သူလယ်သမားများအတွက် သင့်လျော်ကောင်းမွန်သော ရက်ကိုပြောင်းလဲကျင်းပသင့်ကြောင်း အဆိုတင်ပြီး မတ်လ ၂ ရက်နေ့ကို သတ်မှတ်ခဲ့ပါကြောင်း၊

ဤကဲ့သို့ တစ်ညီတစ်ညွတ်တည်း တင်ပြခဲ့ရာမှ တောင်သူလယ်သမားများ ဆန္ဒအရ ၁၉၆၄ ခုနှစ်မှစတင်ပြီး မတ်လ ၂ ရက်နေ့သို့ ပြောင်းလဲကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂-၃-၁၉၆၄ ရက်နေ့တွင် တောင်သူ လယ်သမားနေ့ အခမ်းအနားကို တောင်ငူမြို့နယ်၊ ကပေါင်းစခန်းတွင် စတင်ကျင်းပပြုလုပ်ခဲ့သည်ဟု သိရပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူလယ်သမားနေ့သည် တောင်သူလယ်သမားတစ်ဦး တစ်ယောက်ခြင်းကို ဂုဏ်ပြု သတ်မှတ်သည့်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတစ်ဝှမ်းလုံး ရှိ တောင်သူလယ်သမားများအားလုံးကို ဂုဏ်ပြုကျင်းပပေးခဲ့သည့် နေ့ရက်တစ်ရက်ဖြစ်သည်ဟု ခံယူမိပါကြောင်း၊

နိုင်ငံတော်၏ နေ့ထူးနေ့မြတ်ထားရှိမှုသည် နိုင်ငံတော်အစိုးရအနေဖြင့် ပြဋ္ဌာန်းထားရှိသော ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ထားရှိခဲ့သော လုပ်ငန်းတစ်ရပ် ဖြစ်သော် လည်းပဲ ယင်းနေ့ရက်တစ်ရက်ကို ပြင်ဆင်လိုပါက ယင်းနေ့ရက်ကို အမှန်တကယ် ကိုယ်စားပြုသည့် တောင်သူလယ်သမားအများစု၏ ဆန္ဒနှင့်အညီဖြစ်စေရန် လိုအပ်ခြင်း၊ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ပြောင်းလဲပြင်ဆင်သတ်မှတ်မည်‌့နေ့ရက်သည် တောင်သူလယ်သမားများ၏ လယ်ယာလုပ်ငန်းခွင်များကို ထိခိုက်မှုမရှိစေခြင်းနှင့် သတ်မှတ်ထားသော ဥပဒေ၊  နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ ယင်းနေ့၏ ပြင်ဆင်ခြင်းကို အထက်ဖော်ပြပါအချက်များနှင့် ကိုက်ညီမှုရှိစွာနှင့် ဆောင်ရွက်လာမည်ဆိုပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရန်မရှိ ပါကြောင်းနှင့်

ဦးဖေသန်း (မြေပုံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နိုင်ငံတော်၏ နေ့ထူးနေ့မြတ်သတ်မှတ်ခြင်းကို နိုင်ငံတော်အစိုးရကလုပ်နိုင်သည်ကို လက်ခံပါကြောင်း၊ ထိုသို့ ပြုလုပ်ရန်အတွက်လည်း နိုင်ငံတော်အစိုးရက လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ၍ ရပါကြောင်း၊ Gazette ဝင် ပြန်တမ်းဝင်နေ့တစ်နေ့ကို ပြောင်းရွှေ့သတ်မှတ်ရန် စိုက်ပျိုးရေး ဝန်ကြီးဌာနက လာဖြေသည်မှာ လုံးဝမသင့်တော်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် သမ္မတရုံးဝန်ကြီးဌာနကဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာနကဖြစ်စေ လာရောက်ဖြေဆိုရမည့်အစီအစဉ် ဖြစ်ပါကြောင်း၊ သို့သော် ဝန်ကြီဖြေကြားသည့်ထဲတွင် စိုက်ပျိုးရေးဝန်ကြီးဌာန အနေဖြင့် တောင်သူလယ်သမားများ၏ဆန္ဒ၊ လုပ်ထုံးလုပ်နည်းနှင့် အစိုးရကလုပ်မည်ဆိုပါက ကန့်ကွက်စရာမရှိပါကြောင်း ပြောသွားခြင်းသည် တာဝန်ယူမှု၊ အစိုးရက တာဝန်ယူရမည်ကို ဝန်ကြီးကလာပြီးဖြေရသည့်အတွက် အားနည်းချက်ဖြစ်သည်ဟု ထင်မြင်မိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ နေ့ထူးရက်မြတ် သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ပြောင်းလဲသတ်မှတ်နိုင်သော လုပ်ပိုင်ခွင့်များ၊ တာဝန်များ ရှိ/မရှိ သိရှိလိုကြောင်း၊ မရှိပါက နိုင်ငံတော်အစိုးရကို Cabinet အဖွဲ့ကိုတင်ပြရမည်ကို နားလည်ပါကြောင်း၊

မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းသည် တောင်သူလယ်သမားများ၏ ဆန္ဒအရ ဝန်ကြီးပြောကြားချက်အရ ထိုအချိန်က တောင်သူလယ်သမားများက နင်းပြားဖြစ်နေသည့် အတွက် တောင်သူလယ်သမားဆန္ဒကို မည်သို့မျှ ယူနိုင်ခဲ့စရာအကြောင်း မရှိပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများ၏ ကိုယ်စားလှယ်ဖြစ်သည့်အလျှောက် လွှတ်တော်၏ ဆန္ဒကိုလည်း ယူ၍ရပါကြောင်း၊ ထို့ကြောင့်  တာဝန်ခံရမည့်အလုပ်ကို တာဝန်ခံရမည့် ပုဂ္ဂိုလ်များက လာမဖြေသည့်အပေါ် တာဝန်ရှိပုဂ္ဂိုလ်များ ပြန်လည်တင်ပြရန် အစီအစဉ်ရှိ/မရှိနှင့် ပြည်သူ့ဆန္ဒ၊ လယ်သမားများ ဆန္ဒကို ခံယူမည်ဆိုသည်မှာ အစီအစဉ်တစ်ရပ်အဖြစ် ပါဝင်မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ

နေ့ထူးနေ့များကိုသတ်မှတ်ခဲ့ခြင်းသည် လူတစ်ဦး၏ဆန္ဒ၊ အများ၏ဆန္ဒ၊ သက်ဆိုင်သူ အားလုံး၏ဆန္ဒ ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးတင်ပြချက်သည် လွှတ်တော်ကိုယ်စားလှယ်ကြီး တစ်ဦးတည်း၏ ဆန္ဒလား၊ အားလုံး၏ ဆန္ဒလား၊ တောင်သူလယ်သမားများ အားလုံးကို ကိုယ်စားပြုပြီး တင်သည့်ဆန္ဒလား စိစစ်ရန် လိုအပ်ပါကြောင်း၊

လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်ရန် လိုပါကြောင်း၊ တောင်သူလယ်သမားများအတွက် တောင်သူလယ်သမားများ၏ လုပ်ငန်းခွင်ရာသီ အားလပ်သည့် အချိန်ကာလဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်အာဏာမရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှာလည်း ဆုံးဖြတ်ပိုင်ခွင့်အာဏာမရှိပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ လိုအပ်ချက်အရ ဖြစ်ပေါ်လာသည့် အခြေအနေပေါ် မူတည်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သည့်နေရာတွင် ဒီမိုကရေစီအစိုးရဆိုသည့်အတိုင်း အများဆန္ဒမှ ဖြစ်ပေါ်လာသည့် အပေါ် အခြေခံပြီး အစိုးရ၏ ဆုံးဖြတ်ချက် က မှန်ကန်တည်ငြိမ်မည်ဖြစ်ပါကြောင်း၊

အထက်ပါအချက်များအပေါ်မူတည်ပြီး ဆောင်ရွက်လာမည်ဆိုပါက ဝန်ကြီးဌာနအနေဖြင့် သော်လည်းကောင်း၊ မိမိအနေဖြင့်သော်လည်းကောင်း ကန့်ကွက်ရန်မရှိပါကြောင်း၊ထို့ကြောင့် စနစ်စည်းကမ်းနှင့် ညီညွတ်သော ဆောင်ရွက်မှု မျိုးနှင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ် သတ်မှတ်ခြင်း ကို ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်တစ်ခုကို လွယ်လွယ်ကူကူ သတ်မှတ်၍ မရပါကြောင်းနှင့် နောက်ဆက်တွဲပြဿနာပေါင်း မြောက်မြားစွာရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။