(ဆ)-သနပ်ပင်မြို့နယ်စစ်တောင်းမြစ်တစ်လျှောက်ရေ ငန်တားတမံနှင့်ရေထိန်းတံခါးများဆောင်ရွက်ရေးအစီ အစဉ်များအားသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂၁.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u myint ooစစ်တောင်းမြစ်၏ အနောက်ဘက်ခြမ်းတွင် သနပ်ပင်၊ ဝေါ၊ကဝမြို့နယ်များတွင် နွေစပါးနှင့် ဆောင်းသီးနှံ ပဲမျိုးစုံစိုက်ပျိုး၊ ဖြစ်ထွန်းကြပါကြောင်း၊ပင်လယ်ဒီရေ တက်လာသည့်အတွက် စစ်တောင်းမြစ်ထဲမှ ရေငန်များဝင်ရောက်သည့် အတွက်ကြောင့် စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီး သွားပါကြောင်း၊၎င်း ကိစ္စနှင့်ပတ်သက်၍ ဒီရေတက်ချိန်များ တွင် နွေရာသီ မှာ ရေငန်များမဝင်ရန် ချောင်းများ၊ မြောင်းများကို ယာယီရေတံခါးများအစား မြေသားနှင့်ပိတ်ဆို့ထားခြင်းများ ရှိပါကြောင်း၊သို့သော်လည်း ရေငန် တားတမံမရှိ သည့် အတွက် လယ်ကန်သင်းများကို ကျော်၍ ရေငန်များ ဝင်ရောက်ပြီး စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးတတ်ပါကြောင်း၊ ရေငန် တားတမံနှင့် ရေတံခါးများ တည်ဆောက် ပေးမည် ဆိုပါက သနပ်ပင်၊ကဝနှင့်ဝေါမြို့နယ်တို့တွင် လယ်ယာစိုက်ပျိုးရေးကိစ္စ၊ ပဲသီးနှံ စိုက်ပျိုးရေး ကိစ္စများ ပိုမိုဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ထို့ကြောင့် မိမိမေးမြန်း လိုသည်မှာ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၊သနပ်ပင်မြို့နယ် စစ်တောင်းမြစ်ဝှမ်း တစ်လျှောက်ရေငန်တားတမံနှင့် ရေထိန်းတံခါးများ ဆောင်ရွက်မည်‌့ အစီအစဉ်များအား သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊သနပ်ပင်မြို့နယ်အရှေ့ဘက်ခြမ်းစစ်တောင်းမြစ်ကမ်း တစ်လျှောက်တွင်ရှိသည့် ကျေးရွာများတွင် လယ်မြေများရေကြီး နစ်မြုပ်ခြင်းနှင့် ဆားငန်ရေ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် နွေစပါးစိုက်ပျိုးရေရရှိရေး၊ ရေချိုသိုလှောင် ထိန်းသိမ်းနိုင်ရေး တို့အတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ရေငန်တားတာ တည်ဆောက်ခြင်းနှင့် ရေထိန်းတံခါးများ တည်ဆောက်ခြင်းစသည့် လုပ်ငန်းစဉ် သုံးရပ် ဆောင် ရွက်နိုင်ရန် စူးစမ်းလေ့လာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊အဆိုပါ လုပ်ငန်းစဉ်များ အနက် ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းစဉ်တွင်ပါဝင်သည့်  သနပ်ပင်မြို့နယ် အရှေ့ဘက်ခြမ်း ဒေသများ မိုးရာသီတွင် ရေကြီး နစ်မြုပ်မှုမှ လျော့ပါး သက်သာစေရေးအတွက် ကွင်းရေများကို စစ်တောင်း မြစ်ထဲသို့ ထုတ်နုတ်ပေးနိုင်ရန် ဘုရားပျို-ဝင်းကဒက် ရေနုတ်‌မြောင်း၊မင်းရွာ-ဝင်းကဒက်ရေနုတ်မြောင်း၊ကုလားချောင်းကြီး-ခလပ်စုရေနုတ်မြောင်း၊မင်းရွာ-ကုက္ကိုရေနုတ်မြောင်း၊ဝဲပတန်ရေနုတ်မြောင်း၊ သံဒင်းရေနုတ်မြောင်း၊ဘုန်းမစိုးရေနုတ်မြောင်းများကို ၂၀၁၁-၁၂ ခုနှစ်နှင့် ၂၀၁၂-၁၃ ခုနှစ်များတွင် တူးဖော် ဆောင်ရွက်ပေးခဲ့သောကြောင့် ရေကြီးနစ်မြုပ်မှု အထိုက်အလျောက် သက်သာစေခဲ့ပါကြောင်း၊သို့သော် ရေကြီးနစ်မြုပ်မှုများ  ဆက်လက်ဖြစ်ပေါ် လျက်ရှိသည့်အတွက်  စစ်တောင်းမြစ် အနောက်ဘက်ကမ်းတစ်လျှောက် ရှမ်းကိုင်းရွာမှ ကုက္ကိုရွာအထိ ရေငန်တား တမံအလျား ၂၀ မိုင်တည်ဆောက်ခြင်း၊ ဝင်းကဒက်၊ ခလပ်စု၊ ကုက္ကို၊မမောက်၊ သံဒင်း၊ ဘုန်းမစိုးစသည့် ရေထိန်းတံခါးခြောက်ခု တည်ဆောက်ခြင်း တို့ကိုလည်း ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ တည်ဆောက်ရမည့် ရေထိန်းတံခါးများ၏ အရွယ်အစားသည် ကြီးမားသည့်အတွက်‌ လိုအပ်သော စူးစမ်းလေ့လာမှုများကို အချိန်ယူဆောင်ရွက်ရမည်လည်း ဖြစ်ပါကြောင်း၊ နွေရာသီတွင် လယ်မြေများ ကို ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရန်အတွက် သာမန်ပြုပြင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ယာယီမြေသား တမံများ နှစ်စဉ်တည်ဆောက်ပြီး ကာကွယ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

တည်ဆောက်ရန် လျာထားသည့် ရေထိန်းတံခါးများအနက် ကုက္ကိုရေထိန်းတံခါးတည်ဆောက် မည့်နေရာ၏ မြေအောက်ဘူမိဗေဒ စူးစမ်းလေ့လာခြင်းနှင့် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများ  ဆောင်ရွက်ပြီးစီးပြီး အသေးစိတ်ဒီဇိုင်းပုံစံများ ရေးဆွဲလျက်ရှိပါကြောင်း၊ ကျန်ရှိ ရေတံခါးငါးခုနှင့် ရေငန် တားတာများအတွက် လိုအပ်သည့် စူးစမ်းလေ့လာခြင်းလုပ်ငန်းများကို ဆောင်ရွက်နေစဉ်တွင် စစ်တောင်းမြစ်အတွင်း သဲနုန်းပို့ချပြီး ရေလမ်းကြောင်းပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည့်အတွက် ‌ ၂၀၁၃ ခုနှစ် စက်တင်ဘာလခန့်မှစပြီး စစ်တောင်းမြစ်ကမ်းဘေး တစ်လျှောက်တွင် မြစ်ကမ်းပြိုမှုများဖြစ်ပွားခဲ့ပြီး သနပ်ပင်မြို့နယ်အတွင်းရှိ ကသစ်ခုံကျေးရွာနှင့် ကဝမြို့နယ်အတွင်းရှိ ရွှေတစ်ဆုပ်ကျေးရွာများ ရွှေ့ပြောင်းရသည့် အခြေအနေဖြစ်ပေါ် ခဲ့ပါကြောင်း၊ ထို့ကြောင့် စစ်တောင်းမြစ်၏ မြစ်ကမ်းပြိုနိုင်မှုအခြေအနေမှ လွတ်ကင်းသော နေရာများတွင် ရေရှည်ကြံ့ခိုင်ပြီး လုံခြုံစိတ်ချနိုင်သည့် ရေငန်တားတမံနှင့် ရေထိန်းတံခါးများကို ဒီဇိုင်းတွက်ချက်ကာ ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏသည် ကြီးမားပြီး ရန်ပုံငွေလိုအပ်ချက်များ ပြားမည်ဖြစ်သည့်အတွက်  နှစ်အလိုက်လိုအပ်ရန်ပုံငွေများကို တင်ပြတောင်းခံပြီး အဆင့်ဆင့် ဆောင်ရွက်သွားရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ဤလုပ်ငန်းများကို ဆောင်ရွက်သွား နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ နည်းပညာနှင့် ငွေကြေးအကူအညီရရှိရေးအတွက်ကိုလည်း ၂၀၁၃ ခုနှစ်အတွင်းက ဂျပန်ပညာရှင်အဖွဲ့နှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆက်လက် ညှိနှိုင်းဆောင် ရွက်ဆဲ ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ပြီး ရှင်းလင်း ဖြေကြားပါသည်။