မေးခွန်း အကြောင်းအရာ
ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်တွင် ရေပတ်လည်ဝိုင်းနေသည့် မြေနိမ့်ပိုင်းကျွန်းပေါ်ရှိ ငပိထုပ်ကွင်းတွင် သင်ပုန်းတန်းကျေးရွာ၊ကာလားဘာကျေးရွာနှင့် ကံပြင်ကျေးရွာ ရွာသားများ မှီခိုလုပ်ကိုင်နေကြသည့် လယ်ယာမြေဧက ၆၆၀ ခန့် ရှိပါကြောင်း၊ငပိထုပ်ကွင်းကို ပတ်ပတ်လည် ဆယ်ထားသည့် ငပိထုပ်တာတမံကို ၁၉၈၁-၈၂ ခုနှစ်တွင် အစိုးရကဆယ်ဖို့ ပေးခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် အစိုးရက ပြုပြင်စရိတ်ငွေချမပေးသဖြင့် လယ်သမားများက ဆက်လက်ထိန်းသိမ်း လာခဲ့ပါကြောင်း၊ယခုကဲ့သို့ ထိန်းသိမ်း လာသည့် အတွက် စပါးဈေးများကျလာပါကြောင်း၊သွင်းအားစုစရိတ်များကြီးမြင့်လာခြင်း၊အလုပ်သမားများ ရှားပါးလာခြင်း၊သဘာဝဘေးများ ကျရောက်ခြင်းတို့ကြောင့် လယ်သမား များ ပြုပြင်နိုင်ခြင်းမရှိဘဲ ငပိထုပ်တာတမံသည် တဖြည်းဖြည်း ပျက်စီးလာခဲ့သည်မှာ ၃၅ နှစ်ခန့်ကြာမြင့်ပြီဖြစ်ပါကြောင်း၊ယခုအခါ ၎င်း တာတမံသည် နှစ်စဉ်နှစ်တိုင်း မိုးတွင်းတွင် တစ်ကြိမ် ရေမြှုပ်ခံရခြင်း၊စပါးမှည့် ချိန်တွင်တစ်ကြိမ် ဆားငန်ရေဝင်ရောက်ခံရခြင်းတို့ကြောင့် လယ်မြေဧက ၆၆၀ အားလုံးပျက်စီးပြီး မျိုးစပါးပါ မကျန်ရစ် ခဲ့သည့် နှစ်များလည်း ရှိခဲ့ပါကြောင်း၊ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်က ငွေကျပ် သိန်း ၅၀ အကုန်အကျခံ ပြုပြင်မွမ်းမံပေးခဲ့သည်မှာ ထိရောက်မှု မရှိသည့်အတွက် လယ်ယာမြေများ ဆုံးရှုံးသွားပါကြောင်း၊၂၀၁၅ ခုနှစ်အထိ လယ်မြေဧက ၂၀၀ ခန့် လယ်ပျက်များ ဖြစ်သွားပါကြောင်း၊၂၀၁၆ ခုနှစ်တွင် ထပ်မံ၍ ဧက ၈၀၊၉၀ ခန့်အထိ စွန့်လွှတ် ခဲ့ရ ပါကြောင်း၊ငပိထုပ်တာတမံကို ပြန်လည်ဆယ်ဖို့ပါက စပါးထွက်နှုန်းအနည်းဆုံး နှစ်ဆခန့် တိုးတက်လာနိုင်ပြီး ပျက်စီးနေသည့် လယ်ယာမြေများသည် လယ်ကောင်းများဖြစ် လာပြီး ဒေသခံ လယ်သမားများ၏ စီးပွားရေးသည် နေ့ချင်းညချင်း ပြောင်းလဲသွားမည်ဖြစ်ပါကြောင်း၊ထပ်မံရရှိလာမည့် အကျိုး ကျေးဇူးများမှာ လယ်မြေသစ်ဧက ၂၀၀ ခန့် ပေါ်ထွက်လာပြီး ကျွဲ၊ နွားကောင်ရေ ၂၀၀၀ ခန့် အမှီသဟဲပြုနိုင်မည့် ရေချိုတမံဧက ၈၀ ခန့်ကိုလည်း ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း၊၎င်း တာတမံကို မဆယ်ဘဲထားလိုက် မည်ဆိုပါက လယ်မြေဧက ၆၀၀ ခန့် တဖြည်းဖြည်း ပျက်စီး သွားမည် ဖြစ်ပါသောကြောင့် ဆင်းရဲသည့်လယ်သမားများ၏ ဘဝကို ကယ်တင်သည့် အနေဖြင့် ငပိထုပ်တာတမံကို ဆယ်ဖို့ပေး သင့်ပါကြောင်းကို အကြံပြုမေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သင်ပုန်းတန်းကျေးရွာရှိ ငပိထုပ်တာသည် ဒေသမှ ကိုယ်ထူကိုယ်ထ တည်ဆောက်ထိန်းသိမ်းထားသည့် တာတစ်ခုဖြစ် ပါကြောင်း၊အလျားပေပေါင်း ၁၈၅၀၀ ရှည် လျားပြီး သင်ပုန်းတန်းကျေးရွာ၊ကံပြင်ကျေးရွာနှင့် ကုလားဘာကျေးရွာများမှ လယ်မြေ ၆၆၀ ဧကခန့်ကို မြစ်ရေဝင်ရောက်နစ်မြုပ်မှုမှ ကာကွယ်ပေးလျက်ရှိပါကြောင်းကို မိမိတို့ သိရှိရပါသည်။ အဆိုပါ တာကို ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ စီမံခန့်ခွဲမှု အောက်တွင် မရှိ သော်လည်း ပျက်စီးယိုယွင်းလျက်ရှိသည့်အတွက် ၁၉၈၁-၈၂ ခုနှစ်တွင် ဌာနအနေဖြင့် ဝင်ရောက်ပြုပြင်ပေး ခဲ့ရသည်ဟု လည်း သိရှိခဲ့ရပါကြောင်း၊
သို့သော် ဒေသမှပြုပြင်ထိန်းသိမ်းနိုင်မှု အားနည်းသဖြင့် တာပေါင်များ နိမ့်ကျပျက်စီး နေသည့်အတွက် ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက သင်ပုန်း တန်း ကျေးရွာ အုပ်ချုပ်ရေး မှူးနှင့် ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ကို ခေါ်ယူတွေ့ဆုံ၍ ငွေကျပ် သိန်း ၅၀ ထုတ်ပေးပြီး ဒေသအစီအစဉ်ဖြင့် တာထိပ် ကန်သင်း ဆင့်၍ ပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ် မိုးရာသီတွင် ထူးကဲမိုးရွာသွန်းသည့်အတွက် ရေကြီးရေလျှံ မှုကြောင့် ကျိုးပေါက်ပြီး ထပ်မံပျက်စီး ခဲ့သည်ဟု သိရှိခဲ့ရပါကြောင်း၊လက်ရှိအခြေအနေအရ တာတစ်လျှောက်လုံးတွင် တာပေါင်များနိမ့်ကျနေခြင်း၊ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ် လျက်ရှိပြီး မိုးရာသီတွင် လယ်မြေများရေကြီး နစ်မြုပ်ခြင်းနှင့် နွေရာသီတွင် ရေငန်ဝင်ရောက် ခြင်းများ ကြုံတွေ့ ရလျက်ရှိသဖြင့် တာဖို့ပြုပြင်ခြင်းနှင့် ၅ ပေ x ၆ ပေ ၂ ပေါက် ရေတံခါးတစ်ခု ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်လျက် ရှိသည်ကို စိစစ် တွေ့ရှိ ရပါကြောင်း၊အဆိုပါလုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်းအားဖြင့် မူလကာကွယ် ဧကပေါင်း ၆၆၀ အပြင် ဧက ၅၀၀ ခန့်ကို ထပ်မံကာကွယ်နိုင်မည်ဖြစ်ပြီး စုစုပေါင်း ၁၁၆၀ ဧကခန့်ကို ရေဘေး ကာကွယ် ပေးနိုင်မည့်အပြင် နွေရာသီ အတွက် ရေချိုထိန်းသိမ်း သိုလှောင်ပေးနိုင် မည် ဖြစ်သောကြောင့် ဒေသတွင်ရှိသည့် လူနှင့်ကျွဲနွားတိရစ္ဆာန်များ သောက်သုံးရေရရှိနိုင်သည့် အကျိုး ကျေးဇူးကို ရရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငပိထုပ်တာ မြေဖို့ပြုပြင်ခြင်းနှင့် ရေထိန်း တံခါးတစ်ခု တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် ၂၄၆ သိန်းကိုလိုအပ် ရန်ပုံငွေအတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရရန်ပုံငွေမှ တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ် အခြေခံပြီး လုပ်ငန်းများဆောင် ရွက်သွား မည် ဖြစ်ကြောင်းကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။
