(ဂ)-သောက်သုံးရေ ပြတ်လပ်သည့် ဘေးဒုက္ခများကို ကြိုတင်ကာကွယ်မှုအနေဖြင့်မိုးရေများအားအကျိုးရှိရှိ အသုံးချ နိုင်ရေးအတွက် ရေတွင်း၊ ရေကန်၊ရေလှောင် တမံများပြင်ဆင်ခြင်း၊အသစ်တူးဖော်ပေးခြင်းအစီအမံ များရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂၁.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin choပြည်သူများ ခံစားနေရသော ဒုက္ခအပေါ် နိုင်ငံတော်က နိုင်သည့်ဝန်၊ နိုင်သည့်အားဖြင့် နှစ်တစ်နှစ်အတွင်း စီမံဆောင်ရွက်ထားသည့် အခြေအနေကို ပြည်သူများအား သိစေ ချင်ပါကြောင်း၊ထို့နောက် ဆောင် ရွက်ပေးမည့် လုပ်ငန်းအစီအစဉ်များမှာ  ထပ်ပြီးလိုအပ်ချက်များ ရှိနေမည်ဆိုပါက ပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ မှတစ်ဆင့် တင်ပြနိုင်ကြ ရန်၊ ပြည်နယ်/တိုင်းဒေသကြီးအနေဖြင့် အကျဉ်း ချုပ်မေးရခြင်းမှာ ဖြေကြားမည့် ဝန်ကြီးဌာနများအနေဖြင့် အသေးစိတ်ဖြေကြားရန် အခက်အခဲ မဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် မေးရခြင်းဖြစ်ပါကြောင်း၊လွန်ခဲ့သော နွေရာသီ ကာလက မြန်မာပြည် အနှံ့ သောက်သုံးရေပြတ်လပ်မှု ဘေးဒုက္ခများကို ကြိုတင်ကာကွယ်မှု အနေဖြင့် မိုးရာသီ ကာလအတွင်း သဘာဝရရှိမည့် မိုးရေများ ကို အကျိုးရှိရှိ အသုံးချနိုင်ရေး အတွက် ရေ တွင်း၊ ရေကန်၊ ရေလှောင် တမံများ ပြင်ဆင်ခြင်း၊ အသစ်တူးဖော်ခြင်း အစီအမံများရှိ/မရှိနှင့် ရှိမည်ဆိုပါက ပြည်နယ်/တိုင်းဒေသကြီး တစ်ခုချင်း အလိုက် ဆောင်ရွက်ပေးမည့် မြို့နယ်ဦးရေ၊ ကျေးရွာအရေအတွက်၊ ပြန်လည်ပြင်ဆင် တူးဖော်ပေးမည့် ကန်အရေ အတွက်၊အသစ် တူးဖော်ဆောက် လုပ်ပေးမည့် မြေသားရေလှောင် ကန်၊အမိုး အကာ အုတ်ရေကန် အရေအတွက်နှင့်အခြား လက်တွင်းတူး စက်ရေတွင်း အရေအတွက် ၊ ပြည်နယ်/တိုင်းဒေသကြီး တစ်ခုချင်းအလိုက် သုံးစွဲရန်လျာထားခွင့်ပြုပေးပြီး ရန်ပုံငွေများကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuမြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများထက် ရေချိုသယံဇာတ များစွာပေါများသော်လည်း လွန်ခဲ့သော ဆယ်စုနှစ်ကာလအတွင်း ရာသီဥတု ပြောင်းလဲမှုများကြောင့် မိုးခေါင်ပြီး ပူးပြင်ခြောက်သွေ့လာခြင်း၊ ရေကြီးခြင်း ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး လက်ရှိနှင့် အနာဂတ်ကာလများတွင်လည်း တွေ့ကြုံခံစားရနိုင်သည့် အခြေအနေ များ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုကြောင့် မုတ်သုံအဝင်နောက်ကျ၍ အထွက်စောပြီး မုတ်သုံကာလ တိုတောင်းခြင်း၊ ရေချို အရင်း အမြစ် များ မှာ မိုးရွာသွန်းမှု နည်းပါး လာခြင်းကြောင့် မြေပေါ်ရေ ပမာဏလျှော့ကျလာခြင်း၊မြေအောက်ရေခန်းခြောက်လာခြင်း  စသဖြင့် ရေသိုလှောင် ထိန်းသိမ်းမှု (Water Security) လျော့ပါး လာနေပြီလည်းဖြစ်ပါကြောင်း၊

ယခုနှစ် နွေရာသီ၌ မြန်မာနိုင်ငံတွင် အယ်လ်နီညို ရာသီဥတုဖြစ်စဉ် သက်ရောက်မှုအပြင်းထန်ဆုံး ဖြစ်ပေါ်ခဲ့ပြီး ပိုမိုပူပြင်းခြောက်သွေ့ခြင်း၊မြေပေါ်မြေအောက်ရေများ ခန်းခြောက်ပြီး စိုက်ပျိုးရေနှင့် သောက်သုံးရေ အခက်အခဲများဖြစ်ပေါ်ခြင်း စသည်ဖြင့် တွေ့ကြုံ ခဲ့ရပါကြောင်း၊ယင်းကိစ္စနှင်‌့ ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အနာဂတ် ရေရှားပါးမှု အခက်အခဲ ကို ဖြေ ရှင်းနိုင်ရေး ကြိုတင်မျှော်မှန်းပြီး နိုင်ငံအနှံ့အပြားတွင် ရရှိနိုင်မည့် ရေအရင်း အမြစ်များ ကို ဖော် ထုတ် အသုံးချ ကာ ရေလှောင်တမံများ တည်ဆောက်ခြင်း၊ဆည်ငယ်၊ကန်ငယ်များပြုပြင် တူးဖော်ခြင်း ၊ မြေအောက်ရေ ရရှိရေးနှင့် မြစ်ရေတင် လုပ်ငန်းများဆောင် ရွက်ခြင်း စသည်တို့ကို အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊အထူး သဖြင့် မိုးနည်းရေ ရှားပြီး ပူးပြင်းခြောက်သွေ့သော မြန်မာနိုင်ငံ အလယ်ပိုင်းဒေ သများတွင် ပိုမိုဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

နောင်နှစ်နွေရာသီတွင် ဤကဲ့သို့ ရေပြတ်လပ်မှုအခက်အခဲများမှ လျော့ပါးသက်သာ စေရေးအတွက် မိုးတွင်းကာလတွင် ရွာသွန်းသော မိုးရေများကို ကောင်းစွာသိုလှောင် ထိန်းသိမ်းထားနိုင်ရန် တည်ဆောက် ထိန်းသိမ်း ထားရှိသည့် ရေလှောင် တမံ၊ ရေလွှဲဆည်၊ကန်၊ ရေတံခါး၊ မြစ်ရေတင်နှင့် စက်ရေတွင်းများမှ စိုက်ပျိုးရေပေးဝေခြင်းအပြင် ဒေသနေပြည်သူများ သောက်သုံးရေရရှိနိုင်ရေး အတွက် လည်းကောင်း၊ ရရှိနိုင်မည့် ရေအရင်းအမြစ် အခြေအနေနှင့် ဒေသ လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ဆောင် ရွက် လျက် ရှိပါကြောင်း၊ ထို့အပြင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်များ၌ မူလ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသမှ ထိန်းသိမ်းထားသော ဆည်ငယ်/ကန်ငယ်များကို တူးဖော်ပြုပြင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိသည့် နေရာတွင် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် စုစုပေါင်း ကျပ် ၇၃၇၀.၁၆၉ သန်းဖြင့် မြို့နယ် ၃၄ ခုရှိ ဆည်ငယ်၊ ကန်ငယ် ၉၂ ခုနှင့် ကျေးရွာ ၈၂ ရွာကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

မိမိတို့ ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုလက်ရှိ မြန်မာပြည်အနှံ့ သောက်သုံးရေပြတ်လပ်သည့် ဘေးဒုက္ခများအား ကြိုတင်ကာကွယ်သည့် အနေဖြင့် အစိုးရသစ်၏ ရက်(၁၀၀) စီမံချက် ကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးရွာပေါင်း ၈၄၆ ရွာတွင် တွင်းတိမ် ၂၁၆ တွင်း၊ လက်တူးတွင်း ၃၈၆ တွင်း၊ မြေသားမိုးရေလှောင်ကန် ၂၆၂ ကန် စုစုပေါင်း ရေရှိရေးလုပ်ငန်း ၈၆၄ ခုတို့ကို  ခွင့်ပြုငွေကျပ် သန်းပေါင်း ၄၈၇၆.၂၅ သန်းဖြင့် မိုးမကျမီ အပြီး အကောင် အထည်ဖော် ဆောင် ရွက်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊

ထို့အပြင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မူလခွင့်ပြုရန်ပုံငွေကျပ် ၂၄၇၂၇.၂၄ သန်းဖြင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့တွင် မြို့နယ်ပေါင်း ၂၉၈၊ ကျေးရွာပေါင်း ၂၀၅၅ ရွာတွင် တွင်းတိမ် ၂၁၆ တွင်း၊ တွင်းနက် ၇၀၅ တွင်း၊ လက်တူး တွင်း ၃၈၆ တွင်း၊ မြေသားရေကန် ၃၂၄ ကန်၊ စိမ့်စမ်းရေသွယ်ခြင်း ၃၅၀ ခုနှင့် အခြားရေရရှိရေးလုပ်ငန်း ၁၁၆ ခု စုစုပေါင်း ရေရရှိရေးလုပ်ငန်း ၂၀၉၇ ခုကို လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်များတွင် လိုအပ်ချက်အရ တင်ပြလာသော ကျေးရွာပေါင်း ၅၄၂ ရွာတွင် ရေရရှိရေးလုပ်ငန်း စုစုပေါင်း ၆၄၉ ခုကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မွမ်းမံ (ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၄၉၂.၈၅၂ သန်းဖြင့် ဆောင်  ရွက်လျက် ရှိပါကြောင်း၊ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်ပတ်သက်၍ ပါဝင်သော မြို့နယ်အလိုက် အသေးစိတ်စာရင်း သိရှိ လိုပါက ကျေးလက်ရေ ရရှိရေး လုပ်ငန်းများသည် အသေးစိတ် သိရှိနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေး ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့မှာ မေးမြန်းတောင်းယူ ဆောင်ရွက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။