(က)-၁၉၈၂ခုနှစ်နိုင်ငံသား ဖြစ်မှုဥပဒေအရမှတ်ပုံ တင်ပြုလုပ်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်မှတ်ပုံတင် ဦးစီးဌာနမှ နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးရာ၌ ပြန် လည်စိစစ်ရန် ညွှန်ကြားထားခြင်းရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂၁.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin mg mgမဲဆန္ဒနယ်ရှိ နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင် ထားသော နိုင်ငံသား များသည် နိုင်ငံသား မှတ်ပုံတင်သွား လုပ်ရာတွင် သွေးနှောဆိုပြီး အနည်းဆုံးခြောက် လ မှ တစ်နှစ်လောက်အထိ ကြန့်ကြားနေ တာကို တွေ့ရ ပါကြောင်း၊သာဓကတစ်ခုအနေဖြင့် မိမိတို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် လဝက ပုံစံ ၆၆/ ၆ ဖြင့် နေထိုင်သော မိသားစုတစ်ခုက အဖေက ၁၄/ဝခမ(နိုင်) မှတ်ပုံတင်ကိုင်ဆောင်သူဖြစ်ပြီး၊အမေကလည်း ၁၄/ဝခမ (နိုင်) သာ ထွက် ခဲ့ပြီး ဖြစ်ပါကြောင်း၊၎င်းတို့၏ သမီးအငယ်ဆုံး မှတ်ပုံတင်လုပ်ရာတွင် ခြောက်လကျော် ကြန့်ကြာနေသည့်အတွက် မိမိတို့ထံ လာရောက်ပြီး အကူ အညီတောင်းရာတွင် စာရွက် စာတမ်းများ  တောင်းကြည့်ရာတွင် သူ့၏ အဖေနှင့် အမေသည် နိုင်ငံသား မှတ်ပုံတင်ရှိကြပါကြောင်း၊ထို့အပြင် အစ်မ (၂) ယောက်လည်း မှတ်ပုံတင်ရရှိပြီးမှ အငယ်ဆုံးသမီး မှတ်ပုံတင် လုပ်သည့်အခါတွင် အဖေက တရုတ်သွေးနှောနေသည့် အတွက် ပြန်လည် စိစစ်နေရပါ သည်ဟု အကြောင်းပြပြီး ခြောက်လကျော် ကြန့်ကြာနေပါကြောင်း၊လဝက စုံစမ်းသည့် အခါ လဝက သွေးနှော စိစစ်နေသောကြောင့် ကြန့်ကြာနေကြောင်း ဖြေကြားပါကြောင်း၊၁၂/ဒဂမ(နိုင်)၊ ၁၂ ဆိုသည်မှာ ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မှတ်ပုံတင် မည်သို့ရခဲ့သည်ကို မေးရာ မှတ်ပုံတင်တွင် လက်မှတ် ထိုးသော ဦးစီးမှူး ကို ငွေတစ်သိန်းပေးလိုက်ပြီး ရခဲ့သည်ဟု ပြောပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တိုင်စာ တစ်စောင် အနေဖြင့် ရေးပြီး ယခုမေးခွန်း မမေးခင် တစ်လက ကြိုပို့လိုက်ပါကြောင်း၊လာရောက် စစ်ဆေးကြသည်ဟု ကြားသော်လည်း ဘာမှမဖြစ်ကြ ပါကြောင်း၊

ထို့ကြောင့် အဖေ နိုင်ငံသား၊အမေနိုင်ငံသားက မွေးသည့် လူက ဥပဒေအရ အလို အလျောက် နိုင်ငံသားဖြစ်ရမည့် ကိစ္စများတွင် သွေးနှောပြန်လည် စိစစ်သည်ဟူသော အကြောင်းပြ ချက်ဖြင့် ကြန့်ကြာနေသည့် အတွက် ဝန်ကြီးဌာနက သွေးနှောပြန်လည်စိစစ်ဖို့ ညွှန်ကြားထားခြင်း ရှိ/မရှိနှင့် အကယ်၍ ညွှန်ကြားထားပါက မည်သည့်အတွက်ကြောင့် ညွှန်ကြားထား သည်ကို သိရှိ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
အဖြေ
ဖြေကြားချက် 

u thein sweမှတ်ပုံတင်ပြု လုပ်ရာတွင် သွေးနှောဖြစ် သဖြင့် ပြန်လည် စစ်ဆေးရမည် ဆိုသော ညွှန်ကြားချက်ကို မိမိတို့ဌာန က ညွှန်ကြားထားရှိ ပါကြောင်း၊ထို သို့ ညွှန်ကြား ထားရခြင်းနှင့် စိစစ်ရခြင်း အကြောင်းရင်း မှာ မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသားကို မွေးရာပါနိုင်ငံသားနှင့် ဥပဒေ အရ နိုင်ငံသားဆိုပြီးမှ နှစ်မျိုးနှစ်စား သတ်မှတ်ထား ပါကြောင်း၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၃ နှင့် ပုဒ်မ ၅ အရ တိုင်းရင်းသားများ သည် မွေးရာ ပါနိုင်ငံသားများဖြစ်ပါကြောင်း၊ နိုင်ငံသားဥပဒေပုဒ်မ ၆ တွင် နိုင်ငံသားဥပဒေမပေါ်မီ ယခင်နိုင်ငံသား ဥပဒေများ အရ နိုင်ငံသားဖြစ်ခဲ့ သူများ ကို ယခုမြန်မာ နိုင်ငံသား ဥပဒေ က နိုင်ငံသားအဖြစ် ဆက်လက်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုလူများမှာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ရေးအက်ဥပဒေ၊၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သားဖြစ်မှု အက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားအဖြစ်  ရရှိလာ သူများ ဖြစ်ပါကြောင်း၊ ထိုသူများထဲမှ နိုင်ငံသားဥပဒေ အတည်ပြုပြီးနောက်ပိုင်းတွင် မွေးဖွားလာသော သားသမီးများသည်လည်းပဲ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၇ အရ နိုင်ငံသားများ ဖြစ်ကြပါကြောင်း၊ ထိုလူများကို ဥပဒေအရ နိုင်ငံသားဟု သတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊

နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်သည့်နေရာတွင် ဥပဒေအရ နိုင်ငံသား သွေးနှောများအတွက် တင်ပြအထောက် အထားများ မှန်ကန်မှု ရှိ/မရှိ၊မိဘနှစ်ပါးမှ ရရှိ ထားသော နိုင်ငံသား စိစစ်ရေး ကတ်ပြားသည် ဥပဒေနှင့်အညီ မှန်ကန်စွာထုတ်ပေးထားခြင်း ရှိ/မရှိ အထောက် အထားများနှင့် စိစစ်ပြီးမှသာ  ထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊

ထိုသို့ စိစစ်ရသည့်ကိစ္စမှာ မိဘနှစ်ပါး ရရှိထားသော နိုင်ငံသားစိစစ်ရေကတ်ပြားများ ပြန်လည်စိစစ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသား ဥပဒေကို ၁၅-၁၀-၁၉၈၂ ရက်နေ့တွင် ပြဋ္ဌာန်းပြီး လုပ်ထုံး လုပ်နည်းများကို ၂၀-၉-၁၉၈၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ စိစစ်ရေးလုပ်ငန်းများကို ၁-၃-၁၉၈၅ ရက်နေ့ကစပြီး ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ စတင်ဆောင်ရွက်သည့် အချိန်တွင် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအားလုံးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ရန်မဖြစ်နိုင်သည့်အတွက် အသက် ၁၀ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသူများ၊အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ အသက် ၃၀ ပြည့်သူများကို အဆင့်သုံးဆင်‌့ခွဲပြီးတော့မှ တစ်ဆင့်ချင်းအလိုက် စိစစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ထိုအချိန် က ညွှန်ကြားရေးမှူး ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် လက်မှတ်ရေးထိုးပြီး ထုတ်ပေးခဲ့ပါကြောင်း၊

၁၉၉၀ ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ ရွေးချယ်တင်မြှောက်ပွဲတွင် မဲဆန္ဒပေးခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးစေရန် နိုင်ငံတော်ငြိမ်ဝပ်ပြားမှု တည်ဆောက်ရေး အဖွဲ့က ညွှန်ကြား ခဲ့သည့်အတွက် ၁၉၈၉-၁၉၉၀ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး၌ အထူးစီမံချက်ဖြင့် ၁၈ နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်း ကို ဆောင်ရွက်ခဲ့ရပါကြောင်း၊အချိန်နှင့် ဆောင်ရွက်ရမည့် အရေအတွက် မျှတမှုမရှိသည့်အတွက် သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်နိုင်ရန် မိမိဝန်ထမ်းများ အင်အားဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် လုပ်အားပေးများစွာဖြင့် ဆောင် ရွက်ခဲ့ရပါကြောင်း၊ နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင်သူအချို့ကလည်း အလား တူ နိုင်ငံသား မဟုတ်သူထဲမှ  ရှိသောလူ အချို့ လူမျိုးအမည်နှင့် ကိုယ်ရေးအချက်များကို ကျွန်တော်ဖုံးကွယ်ပြီး တိုင်းရင်းသား အဖြစ် မဟုတ် မမှန် ဖော်ပြလျှောက် ထားခဲ့ပါကြောင်း၊ထိုအချိန်က ဥပဒေနှင့် အညီ သေချာစွာ စိစစ်နိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲအမီ ကတ်ထုတ်ပေးနိုင်ရေးကိုသာ ဦးတည်ရသည့်အတွက် မမှန်ကန်သူများ လည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိသွား ခဲ့ကြပါကြောင်း၊လုပ်ငန်းမြန်ဆန်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်မှတ်ရေးထိုးခွင့်ကိုလည်းပဲ ယခင် တုန်းက ညွှန်ကြားရေးမှူးချုပ် ကိုယ် တိုင်ရေး ထိုးရာနေမှ ပြည်နယ်နှင့် တိုင်းဦးစီးမှူး၊ဒုတိယပြည်နယ်နှင့် တိုင်းဦးစီးမှူး၊မြို့နယ်စု ဦးစီးမှူးများမှ ဆောင်ရွက်ခဲ့သည့်အတွက် ထိုအချိန်က ၁၈ နှစ်ပြည့်သူ အားလုံးနီးပါး နိုင်ငံသား စိစစ်ရေးကတ်ပြားများ ရရှိခဲ့ပါကြောင်း၊ဤစီမံချက်ကာလအပါအဝင် နောက်ပိုင်းကာလများတွင် စိစစ်မှုအားနည်းသော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြန်လည် စိစစ်နိုင်ရန် အ တွက် ကာယကံရှင်က နိုင်ငံသား စိစစ်ရေး ကတ်ပြားပျောက်ဆုံးပြီး မိတ္တူလာရောက်လျှောက်ထားရာတွင် သော်လည်းကောင်း၊သားသမီးများက နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက် ထား ရာတွင် သော်လည်းကောင်း၊၎င်းတို့၏ နိုင်ငံသားဖြစ် မှုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုကို မှန်ကန်မှုရှိပြီး ဥပဒေ နှင့် အညီ ပြန်လည်စိစစ်ဆောင်ရွက်ရပါကြောင်း၊

စိစစ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားမှန်ကန်စွာ ရရှိသူများအတွက် မည်သည့် ပြဿနာမှမရှိဘဲ ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအခြေအနေအရ ပိုမိုခိုင်မာစေမည်ဖြစ်ပါကြောင်း။ မဟုတ်မမှန် လိမ်ညာဖော်ပြ၍ ရရှိထားသူများဖြစ်ပါကလည်းပဲ ပြန်လည်စိစစ်ခြင်းဖြင့် အမှန်ကို ပြန်လည်တည့်မတ်ပြီး နိုင်ငံသားအရည်အချင်း ရှိ/မရှိကိုလည်းပဲ ဥပဒေနှင့် အညီ ဖော် ထုတ် သိရှိနိုင်မည် ဖြစ်သည့် အတွက် ပြန်လည်စိစစ်ခြင်းဖြင့် ကာယကံရှင် အတွက်သာမကဘဲ နိုင်ငံတော်အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ် ပါကြောင်း၊ နိုင်ငံသားဖြစ်ခြင်း သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်လုံခြုံရေး အတွက်လည်း အရေးကြီးသည့် အတွက် နိုင်ငံသား အရည်အချင်း ပြည့်မီခြင်း မရှိသူတစ်ဦးကို နိုင်ငံသားဖြစ်ခွင့်ပြုခဲ့ပါက နိုင်ငံတော်အတွက် ရေရှည်များလည်း မလိုလားသည့်ပြဿနာများ ဖြစ်နိုင်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊

ဝန်ထမ်းများအနေဖြင့် မိဘဘိုးဘွားများ ဆိုင်ရာအချက်အလက်များကို စနစ်တကျ စိစစ်ရသော တာဝန်ရှိသကဲ့သို့ ကာယကံရှင်များဘက်ကလည်း အထောက်အထား အချက် အလက် ပြည့်စုံမှန်ကန်စွာ တင်ပြရန် လိုပါကြောင်း၊ ဥပဒေနှင့်အညီ ညီညွတ်ပါက နိုင်ငံသားအဖြစ်ကို ရရှိမည်ဖြစ်သည့်အတွက် သတ်မှတ်ထားသော နိုင်ငံသား အရည် အချင်း ပြည့်မီမှုရှိ/မရှိ ဆိုသည့် အချက်သည် အရေးကြီးပြီး စနစ်တကျစိစစ်ရန် လိုအပ်ပါကြောင်း၊ဥပဒေအရ နိုင်ငံသားသွေးနှော သူများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားမှု များတွင် ၎င်းတို့တင်ပြရမည့် အထောက်အထားစုံလင်မှုနှင့် ရုံးမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်မှုအပေါ် မူတည်ပြီး သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ရုံး၊တိုင်းဒေ သကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးသို့ အမှုတစ်ခုချင်းအလိုက် အထောက်အထားများဖြင့် တင်ပြရခြင်းကြောင့် ထိုက်သင့်သည့်အချိန် ကြာမြင့်နိုင်ကြောင်းကိုလည်း ပြည်သူလူထုကို အသိပေး တင်ပြထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၆၊ ပုဒ်မ ၇ နှင့် အကျုံးဝင်သော နိုင်ငံခြားသားသွေးနှော ဥပဒေ အရ နိုင်ငံသားများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်သောနေရာတွင် ကာယကံရှင် နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်သော အထောက်အထားများကို  ဥပဒေနှင့်အညီ စိစစ် ရန် ဆောင်ရွက်သည့် လုပ်ငန်း အဆင့်ဆင့်ကို ညွှန်ကြားချက်များနှင့် အညီ တိကျ မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် မလိုလားအပ်သော အချိန်ကြာမြင့်မှုများ၊အချိန်ဆွဲဆောင် ရွက်မှုများ၊ ငွေကြေး လာဘ်လာ ဘတောင်းခံ မှုများ၊ ငွေကြေးလာဘ်လာဘမျှော်ကိုးပြီးတော့မှ ပညာပြဆောင်ရွက်ပေးမှုများ၊ဆက်ဆံရေးမပြေပြစ်မှုများ၊ ပြည်သူလူထုအား မချေမငံဆက်ဆံမှုများ မလုပ်ကြ ရန်နှင့် ပြည်သူကို နားလည်အောင် ရှင်းပြရန် အားနည်းမှုမဖြစ်စေရေးအတွက်ကို တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်သွားရန် မိမိတို့ဝန်ကြီးရုံးက ဖေဖော်ဝါရီလမှာပင် ထပ်မံပြီး အမိန့်ညွှန်ကြားချက် ထုတ်ပြီးဖြစ်ပါကြောင်း၊အလားတူပင် လုပ်ငန်းဆောင်ရွက်မှုအတွက် သတ်မှတ်အခငွေသာ ပေးသွင်းရန်နှင့် ရုံးများတွင် ကြေညာထားပါကြောင်း၊

ပြည်သူများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု  ပတ်သက်ပြီး အဆင်မပြေမှု၊အခက်အခဲရှိမှုများနှင့် ငွေကြေးလာဘ်လာဘ တောင်းခံမှုများရှိပါက တိုင်ကြားနိုင်ရန် ဖုန်းနံပါတ် များကြေညာ ပြီး စာဖြင့်သော် လည်းကောင်း၊ဖုန်းဖြင့်သော် လည်းကောင်း၊တိကျစွာ တိုင်ကြားမှု များကို ဌာန အနေဖြင့် စစ်ဆေးပြီး မှန်ကန်ပါက ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိ ထိရောက်ရောက် အရေးယူဆောင်ရွက်ပေး လျက် ရှိပါကြောင်း၊

ကိုယ်စားလှယ်တော်ကြီးတင်ပြသော အချက်နှင့်ပတ်သက်ပြီး တိုင်ကြားစာဆိုသည်မှာ မိမိတို့ထံ ရောက်မလာသေးပါကြောင်း၊ မိမိကို ပေးနိုင်ပါကြောင်း၊မိမိတို့ ထပ်မံစိစစ်ပြီး မှန်ကန် ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

အလားတူပင် ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်ချက်များသည် ငွေကြေးလာဘ်လာဘကို မျှော်ကိုးဆောင်ရွက်ပါကလည်း မိမိတို့ကို အတိအကျ တိုင်ကြားနိုင်ပါကြောင်း၊ မိမိတို့ အနေဖြင့် ဆက်လက် အရေး ယူပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မိမိတို့၏ ရည်ရွယ်ချက်မှာ နိုင်ငံသားမဟုတ်သူများ၊ သွေးနှောများ မဟုတ်မမှန် လျှောက်ထားခြင်းကို ကာကွယ်နိုင်ရန် အတွက် ဆောင် ရွက်ခြင်းဖြစ်ပြီး သွေးနှော များ အတွက် နှောင့်နှေးကြန့်ကြာအောင် ငွေကြေးအတွက် တောင်းခံနိုင်အောင် ဆောင်ရွက်ခြင်းမဟုတ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် Case ၂၀၀၀၀ ကျော် လက်ရှိအနေအထားအရ စိစစ်ဆဲ Case ကျန်နေပါကြောင်း၊  သို့ဖြစ်ပါ၍ မိမိတို့ ရုံးချုပ်အနေဖြင့် ၎င်းကိုသိရှိသည့်အတွက် အထူးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးဦးစီးသည့် အထူးအဖွဲ့ ၂ ဖွဲ့ကို စေလွှတ်ပြီး အမြန်ဆုံး စိစစ်ပေးနိုင်ရေးကို ဆောင် ရွက် လျက်ရှိပါကြောင်း၊

ထို့ကြောင့် ကိုယ်စားလှယ်ကြီးမေးမြန်းသော အချက်များကိုလည်း အလေးအနက်ထားပြီး ထပ်မံစိစစ်ပြီး ပြန်လည်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်ကာလတွင် တည်ဆဲ ဥပဒေအရ နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားဆောင်ရွက်ပေးမှုနှင့် ပတ်သက်ပြီး တချို့တိုင်းနှင့် ပြည်နယ်ကြီးများတွင် လျှောက်ထားသူများ များပြားပြီး လုပ်ငန်းကြန့်ကြာ မှုများ ဖြေရှင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊မိဘများ နိုင်ငံသားဖြစ်မှုကို ယခုအချိန်ကာလတွင် မှန်ကန်မှု ရှိ/မရှိ ပြန်လည် စိစစ်ဆောင် ရွက်ခြင်းအားဖြင့် နောက်ပိုင်း ကာလများတွင် လျှောက်ထားမှု များနှင့်ပတ်သက်ပြီး ကတ်ပြားများ အား ထပ်မံပြီး စိစစ်ရန်မလိုဘဲ နိုင်ငံသားဖြစ်ကြောင်း ခိုင်မာစေမည်ဖြစ်ပါကြောင်း၊

နောက်ပိုင်းဆောင်ရွက်မှုများတွင်လည်း မိဘများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများ တင်ပြသည်နှင့် မြန်ဆန်စွာဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ကိုယ်စားလှယ်ကြီးတင်ပြသော အချက်အလက်များ ကိုလည်း အသေးစိတ်ပြန်လည် စိစစ်ပြီး ဆောင်ရွက်ချက်များကို ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာခင်မောင်မောင် (ဒဂုံမြို့သစ်(မြောက်ပိုင်း)) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မှတ်ပုံတင်ကတ်ပြားများမှာ လဝကက ထုတ်ပေးထားသည်ဖြစ်သည့်အတွက် ကိုယ်ထုတ်ပေးခဲ့သည့် မှတ်ပုံတင်ကို ပြီးမှ ဟုတ်/မဟုတ် ပြန်စိစစ်သည်မှာ အဓိပ္ပာယ်ရှိပါရဲ့လား။ ကိုယ်ပေးသော မှတ်ပုံတင်၊ ပုံစံ ၆၆/၆ တို့မှာ အတုလာပြရင် တရားဥပဒေအရ တရားရန်သာ ရှိပါတော့ကြောင်း၊အရှေ့ကလူများကို ထုတ်ပေးပြီး အငယ်ဆုံးမှ ထပ်လုပ်သည်မှာ ပုဂ္ဂိုလ်တစ်ယောက်ကို ဦးတည်ပြီးပြောခြင်း မဟုတ် ပါကြောင်း၊ထိုသို့သော ကိစ္စမျိုး  မိမိထံတွင် တိုင်စာ ၃၀ ခန့်ရှိပါကြောင်း၊ မိမိအနေဖြင့် ဝန်ကြီးကို တွေ့ပြီး လာပြ ပါမည်၊ ပြန်လည်စိစစ်ရသည့်ကိစ္စမှာ အဂတိလိုက်စားမှုဖြစ်လာပါကြောင်း၊ဝန်ကြီးဌာန အနေဖြင့် အဂတိလိုက်စားမှုကင်းအောင် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်း မေးမြန်းပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ

ကိုယ်စားလှယ်ကြီး ပြောကြားချက်များသည် တချို့အချက်အလက်များသည် လုံးဝမှန်ကန်ပါကြောင်း၊မိမိတို့ မူလတုန်းက နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးပြီးမှ ပြန်လည်စိစစ်ရသည့် အနေအထားကို ရှင်းလင်း တင်ပြပြီး ဖြစ်ပါကြောင်း၊အဆင့်ဆင့်သော အဖွဲ့အစည်းများ၏ လိုအပ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊မူလကဌာနက တာဝန်ခံပြီး ထုတ်ပေး ခဲ့ခြင်းဖြစ်ပါကြောင်း၊၁၉၉၀ ခုနှစ်၊ရွေးကောက်ပွဲ နီးသည့်အခါ အလျင်အမြန် ဆောင်ရွက်ရသည့်အတွက် ဖောင်းပွမှုများ ဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအချိန် တွင် ပြန်လည်စိစစ် ရခြင်းဖြစ်ပါကြောင်း၊

မိဘနှစ်ပါး နိုင်ငံသားဖြစ်ပြီး အကြီးတွေ စိစစ်ပြီးမှ အငယ်စိစစ်သည်မှ ဒါကတော့ မရိုးမသားဆောင်ရွက်သည်ဟု ယုံကြည်ပါကြောင်း၊ ယင်းကိစ္စကို မိမိတို့ ပြန်လည်စိစစ်ပေးပါမည်၊ မိမိတို့ စိစစ်ခဲ့သည့် မိဘနှစ်ပါးသည် အရင်တုန်းက နိုင်ငံသား မှတ်ပုံတင်ရရှိသူများ မှန်ကန်မှုရှိ/မရှိ စိစစ်ပြီးတော့မှ တစ်ခါစိစစ်ပြီး သေချာပါက သူ့သားသမီး များသည် နိုင်ငံသား မိဘနှစ်ပါးက မွေးဖွား လာခြင်းဖြစ်သည့် အတွက် ပြန်လည်စိစစ်ရန် မလိုပါကြောင်း၊ထိုသို့ အဆင့်ဆင့်ဆောင်ရွက်ခြင်းသည် မိမိတို့ညွှန်ကြားသည့် အတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိ ကို လည်း ပြန်လည် စိစစ်ပေး မည်ဖြစ်ပါကြောင်း၊

ကိုယ်စားလှယ်ကြီး တင်ပြသော Case ၃၀ စလုံးကိုလည်း ပေးစေချင်ပါကြောင်း၊မိမိတို့ အလေးအနက်ထားပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊မိမိတို့ ဌာနမှာ လည်း နှောင့်နှေးကြန့် ကြာသည်မှာ ဝန်ထမ်း အင်အားနည်းနေပါသဖြင့် အဆင့်ဆင်‌့သော ဝန်ထမ်းအင်အားကို တင်ပြပြီး ဖြည့်ဆည်း‌ရန် ဆောင်ရွက်နေပါကြောင်း၊လက်ရှိအင်အားအရ မိမိတို့ခွင့်ပြု အင်အား ၏ ၅၀ ရာခိုင်နှုန်းဖြင့် ဆောင် ရွက်နေ ရခြင်းဖြစ်ပါကြောင်း၊

အလားတူပဲ ဝန်ထမ်းများအပိုင်းတွင် စစ်တပ်ရေးရာပြောင်းလဲရန်၊အဂတိလိုက်စားမှု လျော့နည်းပပျောက်ရန် အစိုးရအဖွဲ့၏ အဓိက ဦးတည်ချက်ဖြစ်ပါကြောင်း၊အချက်အလက် ပြည့်စုံစွာ တိုင်ကြား လာမည် ဆိုပါက မိမိတို့ ထိထိရောက်ရောက် အရေးယူပေးရန် အသင့်ရှိပါကြောင်း၊ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများ ချိတ်ဆက်ပြီး ဝန်ထမ်းများ Mindset များ ပြောင်းလာ ရန်၊ ပြည်သူကို အလေးထားရန်၊ လုပ်ငန်းတာဝန်ကျေပွန်စွာ ထမ်း ဆောင်နိုင်ရန်၊ အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရန် တိုင်ကြားသည့်ကိစ္စများ အားလုံးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေပါကြောင်း၊

သို့သော် ဆက်လက်ပြီး ရှိနေမည်ဖြစ်သည့်အတွက် အချို့ကိစ္စများတွင် အချို့ကိစ္စများတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ဌာနတာဝန်ရှိသူမျးက ဌာန၏ ဂုဏ်သိက္ခာ ရှိရေး၊ ပြည်သူများ၏ ယုံကြည်ကိုးစားမှု ရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ကိုယ်စားလှယ်ကြီးတော်ကြီးများ မရှင်းလင်းသည့် အချက် များ၊မကျေ လည်သည့် အချက်များကို မိမိတို့နှင့် ဆက်သွယ်ဆောင် ရွက်နိုင် ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။