(ခ)-အများပြည်သူနှင့်ယာဉ်များသွားလာနေသည့်လမ်း များပေါ်ရှိယာဉ်မတော်တဆမှုနှင့်အန္တရာယ်အကွေ့များ တွင်လမ်းနှင့်ယာဉ်များအားကွယ်နေသည့်အဆောက် အဦ၊ ဈေးဆိုင်နှင့်အပင်များကိုဖယ်ရှားပေးရန်အစီအ စဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ (၁၉.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

zaw min theinမိမိတို့ နိုင်ငံတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊လမ်းဦးစီးဌာနက လမ်းများကို တာဝန် ယူ ဖောက်လုပ်ရပါကြောင်း၊အမြန်လမ်းမကြီးများ၊ နိုင်ငံတကာဆက်သွယ်ရေး လမ်းများ ၊ပြည်ထောင်စုလမ်းမကြီးများ၊တိုင်းနှင့် ပြည်နယ်၊ခရိုင်နှင့်မြို့နယ်၊မြို့နယ်နှင့် ကျေးရွာအုပ်စု အသီးသီးကို ဆက်သွယ်သည့် လမ်းများကို လမ်းဦးစီးဌာနက တာဝန်ယူ ပြီး ဖောက် လုပ်ရပါကြောင်း၊ထိုသို့ ဖောက်လုပ်သည့်လမ်းများထဲမှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှလွဲ၍ ကျန်သည့်လမ်းများသည် မူလစပြီး ဖောက်လုပ် ကတည်းက အကွေ့အကောက် လွန်စွာများသည်ကို တွေ့ရပါကြောင်း၊လမ်းမကြီးများ၏ နယ်နိမိတ်သတ်မှတ်မှုမှာလည်း ပေအမျိုးမျိုးဖြင့် သတ်မှတ် ထားသည်ကို သိရပါကြောင်း၊အပင်များ ၊ ဈေးဆိုင်များ ၊နေ အိမ်များ၊အဆောက်အဦများ၊ဓာတ်တိုင်များသည် လမ်းနယ်နိမိတ်အတွင်း ကျရုံတင်မဟုတ်ဘဲ လမ်းပုခုံးနားထိ ရောက်ရှိပြီး လမ်းနှင့်လွန်စွာ နီးကပ်နေသည်ကို လည်းတွေ့ရ ပါကြောင်း၊

ရန်ကုန်-ပုသိမ် ပြည်ထောင်စုလမ်းမကြီးသည် မိုင်ပေါင်း ၁၁၀ ကျော်ရှည်လျားပြီး မိုင် ၁၀၀ ကျော်သည် အကွေ့ပေါင်း ၁၀၀ နီးပါး ရှိသည်ကို တွေ့ရသဖြင့် ပျမ်းမျှအားဖြင့် တစ်မိုင် ကို အကွေ့တစ်ကွေ့နှုန်းဖြင့် ယာဉ်များသွားနေရပါကြောင်း၊လမ်းအကွေ့များတွင် အပင်များကွယ်နေသည့် အတွက် တစ်ဖက်ကလာသည့်ယာဉ်ကို မမြင်နိုင်ဖြစ်ရ ပါကြောင်း၊ တချို့နေရာများတွင် လမ်းညွှန်ဆိုင်းဘုတ်များ ရှိသော်လည်း ခြုံနွယ်များနှင့် ပိတ်နေပြီး မည်သည်ကို ညွှန်ပြထားသည်ကို မသိရသည့် အနေအထားတွင် ရှိပါကြောင်း၊ ယာဉ်အသွား အလာအင်မတန်များသည့် ညောင်တုန်းမြို့နယ်၏ အကွေ့ရှိ လမ်းညွှန်ဆိုင်းဘုတ်သည် ခြုံနွယ်ပိတ်ပေါင်းများပိတ်ပြီး မမြင်ရပါကြောင်း၊

ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှုများသည် လူကြောင့် မဆင်မခြင်မောင်း၍ ယာဉ်တိုက်မှု၊ စက်ယန္တရားချို့ယွင်းမှုကြောင့် ယာဉ်တိုက်မှု၊ လမ်းအခြေအနေကြောင့် ယာဉ်တိုက်မှု ဟူ၍ သုံးမျိုး တွေ့ရပြီး လမ်းအခြေအနေကြောင့်ဖြစ်သည့် ယာဉ်တိုက်မှုသည် ဝန်ကြီးဌာနအနေဖြင့် တာဝန်ရှိပါကြောင်း၊ထို့ကြောင့် အများပြည်သူနှင့် ယာဉ်များသွားလာနေသည့် လမ်းများပေါ်ရှိ ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှုများဖြစ်ပေါ်နိုင်သော အန္တရာယ်ကွေ့များတွင် လမ်းနှင့် ယာဉ်များအား ကွယ်နေသည့် အဆောက်အဦ၊ ဈေးဆိုင်နှင့် အပင်များကို ဖယ်ရှားပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့် ကာလတွင် စတင်ဆောင်ရွက်မည်ကို သိရှိလိုကြောင်းနှင့် ဆက်လက်နေရာယူဆောက်လုပ်လာပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeမေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ လမ်းညွှန်ချက် အရ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူဖြေကြား ရန်ဖြစ်ပြီး ပေါင်းစပ် ညှိနှိုင်း ဖြေကြားရန်အတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အားလုံး၏ ပေါင်းစပ် ညှိနှိုင်းဖြေကြားမှုအပေါ် အကျဉ်းချုပ် ဖြေကြားသွားမည် ဖြစ် ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် ရည်မှန်း ချက် ၅ ရပ်ကို ချမှတ်ပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက်လည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း  ပြည်သူများ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် ကျူးလွန်မှုများကိုလည်း အသိပညာပေးခြင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းများလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် အများပြည်သူ သွားလာနေသည့် လမ်းများကို စီမံခန့်ခွဲသည့်အခါ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲသည့်လမ်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသည့် လမ်းဟူ၍ နှစ်မျိုးရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲသည့်လမ်းအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ် ကင်းဝေးစေရေး အတွက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ၎င်းတို့ဒေသနှင့် ကိုက်ညီအောင် စီမံရေးဆွဲပြဋ္ဌာန်းထားသည့် စည်ပင်သာယာရေး ဥပဒေများနှင့်အညီ သက်ဆိုင်ရာ တပ်ဖွဲ့ဦးစီးဌာနများနှင့်  ပူးပေါင်းပြီး မြို့နယ်စည်ပင်သာယာရေးဥပဒေကော်မတီများမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊

လမ်းမကြီးများဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(စ)အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ တာဝန်ယူနေသည့် လမ်းမကြီးများတွင် လမ်းနယ်နိမိတ်သတ်မှတ်ချက်များကို အမြန်လမ်းမကြီး အကျယ် ၄၀၀ ပေ၊ အထူးသတ်မှတ်ချက်များအကျယ် ၃၀၀ ပေ၊ နိုင်ငံတကာ ဆက်သွယ်ရေး လမ်းမကြီးများ အကျယ် ၂၃၀ ပေ၊ ပြည်ထောင်စုလမ်းမကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဆက်သွယ်သည့် လမ်းမကြီးများ၊ ခရိုင်နှင့် မြို့နယ်ဆက်သွယ်သည့် လမ်းမကြီးများ အကျယ် ၁၅၀ ပေ၊ မြို့နယ်/ကျေးရွာများသို့ ဆက်သွယ်သည့်လမ်းများကို အကျယ် ပေ ၁၀၀ ယူပြီး သတ်မှတ်ထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

လမ်းမကြီးများဥပဒေပုဒ်မ ၇ ပုဒ်မခွဲ(က)အရ မည်သူမဆို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်မရဘဲ လမ်းမကြီး၏ နယ်နိမိတ်အတွင်း အဆောက်အဦဆောက်လုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ဒဏ်ငွေကျပ်တစ်သိန်းမှ အများဆုံးငါးသိန်းအထိ ချမှတ်နိုင်ရန်လည်း ပြစ်ဒဏ်များ သတ်မှတ်ထားသည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အန္တရာယ်ရှိသော လမ်းကွေ့များတွင် မျက်ကွယ်ကွေ့များကို ခြုံခုတ်ခြင်း၊သတိပေးခြင်း၊အသိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်လျက်ရှိပါကြောင်း၊ လမ်းနယ် နိမိတ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောင်ရွက်မှု တစ်ခုခုရှိခဲ့မည်ဆိုပါက အမြန်လမ်းမကြီးဥပဒေနှင့် လမ်းမကြီးများဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်  မြန်မာ့ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ကြော်ငြာများထည့်သွင်း အသိပညာပေးထားသည်ကို သိရှိရပါကြောင်း၊

ထိုသို့ အရေးယူဆောင်ရွက်ရာတွင် လမ်းမကြီးများဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ(က)အရ မူလလမ်းအကျယ်  ပေ ၁၀၀ ရှိသော မြို့တွင်းလမ်းများ၊ ယခင်ရှိပြီးဖြစ်သော မြို့ရွာလမ်းမဘေး နေအိမ်ခြံဝင်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ လမ်းမကြီးများဥပဒေ ပြင်ဆင်သည့်ဥပဒေကို ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့နောက်ပိုင်း ကျူးကျော်မှုတွေနှင့်သာ သက်ဆိုင်ကြောင်းကိုလည်း သက်ဆိုင်ရာ ထည့်သွင်းကြော်ငြာချက်များကို တွေ့ရှိရပါကြောင်း၊

ထို့အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအဖြင့်လည်း ၎င်းတို့မှတ်ပုံတင်နယ်မြေအလိုက် ယာဉ်တိုက်ခိုက်မှု အများဆုံးဖြစ်ပွားသည့် နေရာများ၊ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားသည့်နေရာများ၊ ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှု အများဆုံး ဖြစ်သည့် အန္တရာယ်ရှိသည့်နေရာများ၊ ယာဉ်မောင်းမျက်ကွယ်ပြုသည့် နေရာများ၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး စိစစ်အကဲဖြတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် သက်ဆိုင်ရာမြို့နယ်/ခရိုင် တာဝန်ရှိသူများနှင့် တင်ပြညှိနှိုင်းပြီး ဆောင်ရွက်သွားရန်လည်း ညွှန်ကြားချက် များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိကြောင်းလည်း ညှိနှိုင်းဖြေကြားချက်များအရ သိရှိရပါကြောင်း၊ ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့်လည်း ၁-၈-၂၀၁၆ ရက်နေ့မှ ၃၁-၁-၂၀၁၇ ရက်နေ့ထိ ခြောက်လတာကာလအတွင်း အမှန်တကယ်တိုးမြှင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ ကို ရေးဆွဲချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ အများပြည်သူနှင့် ယာဉ်များသွားလာနေသည့် လမ်းအန္တရာယ်ကွေ့များရှိ အဆောက်အဦ၊ ဈေးဆိုင်များနှင့် အပင်များ ယာဉ်တိုက်မှုအန္တရာယ်ကင်းရှင်းစေရေးအတွက် ဖယ်ရှားဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီများမှ ကြီးကြပ်ကွပ်ကဲသည့် လမ်းများမှာ မြို့နယ်စည်ပင်သာယာရေး ကော်မတီများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြဋ္ဌာန်းထားသည့် မြို့နယ်စည်ပင် သာယာရေးဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ပေါင်းစပ်ညှိနှိုင်း ဖြေကြားချက်အရ သိရှိရပါကြောင်း၊

ထို့အပြင် မြေပြင်အနေအထားများကြောင့် ယာဉ်မတော်တဆမှု၊ ပျက်စီးဆုံးရှုံးမှု၊ သေဆုံးမှုများရှိသည့်အတွက် ဆောင်ရွက်ပေးရန် လိုအပ်သည့် နေရာများရှိပါက နေရာအတိအကျ ဖော်ပြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသို့ အကြောင်းကြားလာပါကလည်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။