မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံတွင် ၁၉၄၅ ခုနှစ် လွန်ခဲ့သော ၇၁ နှစ်က ရဲအက်ဥပဒေအမှတ် (၆) ကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၎င်း ဥပဒေသည် ခေတ်အချိန်အခါနှင့်အညီ မြေပြန့်ဒေသ လူဦးရေများပြားသည့် မြို့ကျေးရွာများတွင် အာဏာသက်ရောက်ပြီး အများပြည်သူအကျိုးကို ကာကွယ်ပေးသည့် ပြဋ္ဌာန်းချက်အချို့ တွေ့ရှိရပါကြောင်း၊ ရဲအက်ဥပဒေပုဒ်မ ၃၄ တွင် ဤဥပဒေအာဏာသက်ရောက်သည့် နယ်မြေအတွင်းရှိ လမ်းမ၊ လမ်းကြား၊ လမ်းဘေး သို့မဟုတ် ကွင်းပြင်တွင်သွားလာနေသည့် ခရီးသည်များအား အဟန့်အတားဖြစ်စေရန်၊ စိတ်ငြိုငြင်စေရန်၊ စိုးရိမ်ဖွယ်ဖြစ်စေရန် သို့မဟုတ် နစ်နာစေခြင်း ပြုလုပ်မှုများကို တားမြစ်ချက်ကိုးချက်ဖြင့် တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ခဲ့ပါက ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပြီး ပုဒ်မ ၄၇ ဖြင့် အရေးယူနိုင်ပါကြောင်း၊ ပြစ်ဒဏ်အားဖြင့် (၈) ရက်နှင့် ဒဏ်ငွေ ၅၀ ကျပ် ကို ချမှတ်နိုင်ကြောင်းကို တွေ့ရပါသည်။ ထို့အပြင် ရဲဥပဒေပုဒ်မ ၃၅ တွင် ဘေးအန္တရာယ်ပြုနိုင်သော သို့မဟုတ် ရန်မူနိုင်သော ကိရိယာပစ္စည်းကို စွဲကိုင်လျက်တွေ့ရခြင်း၊ နေထွက်နေဝင်ကြား၊ ဈေး၊ ဝန်းခြံ၊ လမ်းမ၊ လမ်းကြားတွင် ရပ်နေခြင်း ၊ နေထွက်နေဝင်ကြား အချိန်အတွင်း မျက်နှာဖုံးအုပ်လျက် သို့မဟုတ် ရုပ်ဖျက်လျက် တွေ့ရှိရခြင်း၊ လူနေအိမ် သို့မဟုတ် အခြားအဆောက်အဦ တစ်ခုခု၏ ဥပစာအတွင်း ၌ဖြစ်စေ ၊ နောက်ဖေးလမ်းကြား ရေမြောင်းတစ်ခုခုတွင် သို့မဟုတ် ရေယာဉ်တစ်ခုပေါ်တွင် တွေ့ရှိရသူ၊အိမ်ဖောက် ထွင်းသည့် ကိရိယာတစ်ခုခုကို ဥပဒေနှင့်ညီသော အကြောင်းပြချက် မရှိဘဲ လက်ဝယ်ထားရှိသူကို မေးမြန်းရာတွင် မိမိတို့အကြောင်းကို ကျေနပ်လက်ခံနိုင်လောက်အောင် ရှင်းလင်းစွာ မပြောဆိုနိုင်ပါက ၎င်းတို့ကို ဝရမ်းမပါဘဲ မည်သည့်ရဲမဆို ဖမ်းဆီးနိုင်ပြီး ပြစ်မှုထင်ရှားခဲ့လျှင်လည်း ထောင်ဒဏ်သုံးလအထိ ချမှတ်နိုင်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ရဲဥပဒေပုဒ်မ ၃၆ တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၀ တွင် အဓိပ္ပာယ်ဖော်ပြထားသည့် ခိုးရာပါပစ္စည်းဟု မသင်္ကာဖွယ်အကြောင်း ရှိသောပစ္စည်းကို လက်ဝယ်ထားရှိသူ၊ သယ်ယူပို့ဆောင်သူ မည်သူကိုမဆိုရဲမှ ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပြီး ယင်းပစ္စည်းကို လက်ဝယ် သို့မဟုတ် မည်သို့ရောက်ရှိကြောင်းကို ရှင်းလင်းမပြောဆိုနိုင်ပါကလည်း ထောင်ဒဏ်သုံးလ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်ပါကြောင်း တွေ့ရပါသည်။
၁၉၄၅ ခုနှစ်၊ ရဲဥပဒေပြဋ္ဌာန်းချက်များသည် အများပြည်သူအကျိုးကို ကာကွယ်စောင့်ရှောက် ပေးထားပြီး ရာဇဝတ်မှုကျူးလွန်နိုင်ခြင်းကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် ရဲတပ်ဖွဲ့ဝင်များက အရေး ယူဆောင်ရွက် နိုင်သည့် ပြဋ္ဌာန်းထားချက်ကို တွေ့ရှိရပါသည်။ ရဲဥပဒေပြဋ္ဌာန်းစဉ်ကာလက အာဏာသက်ရောက်သည့်မြို့၊ ကျေးရွာအမည်ပေါင်း ၂၂၀ ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အာဏာ သက်ရောက်ခြင်းဆိုသည့် ဒေသများတွင် ချင်းပြည်နယ်နှင့် ကယားပြည်နယ် မပါရှိဘူးဆိုသည့်အကြောင်း ဝမ်းနည်းစရာ တွေ့ရှိရပါကြောင်း၊တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ် ၁၀ မြို့နယ်ရှိပြီး ရဲဥပဒေ၊ ရဲအက်ဥပဒေအာဏာ သက်ရောက်စဉ် ပြဋ္ဌာန်းသည့်အချိန်မှ ထားဝယ်မြို့နှင့်မြိတ်မြို့၊ ပုလောမြို့တို့ကိုသာ ရဲအက်ဥပဒေ အာဏာသက်ရောက်သည်ဆိုသည့် အကြောင်းကို တွေ့ရှိရပါသေည်။ ကျန်ရှိသည့် ခုနစ်မြို့မှာ အာဏာ သက်ရောက်မှု မရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၇၂၀၀၀ ကျော်ရှိသည်ဆိုသည့် အကြောင်းကို သိရပါကြောင်း၊ ၁၉၄၅ ခုနှစ် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က အင်္ဂလိပ်ကိုလိုနီလက်ထက်က ပြဋ္ဌာန်းခဲ့သော မသက်ရောက်သည့်မြို့၊ ကျေးရွာများကို အလျင်အမြန် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုများကြိုတင် ကာကွယ်ရေးနှင့် ပြစ်မှုများလျော့နည်း ကျဆင်းရေးတို့အတွက် ၁၈၉၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ရန်ကုန် ရဲအက်ဥပဒေနှင့် ၁၉၄၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရဲအက်ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၈၉၉ ခုနှစ်၊ ရန်ကုန်ရဲအက်ဥပဒေသည် ၁၅-၆-၁၈၉၉ ရက်နေ့ တွင် စတင်အာဏာ သက်ရောက်ပြီး အာဏာသက်ရောက်သည့် နေရာတွင် ရန်ကုန်မြို့နယ်နိမိတ်အတွင်းသာ အာဏာသက်ရောက် ခဲ့ပါကြောင်း၊ ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေပုဒ်မ ၃၅ မှ ပုဒ်မ ၄၁ အထိ အကျုံးဝင်သော မြို့၊ ရပ်ကွက်၊ ကျေးရွာများကိုလည်း ၁၉၄၇ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၄၂၁၊ ၄၂၂ တို့နှင့်လည်း ထုတ်ပြန်ကြေညာခဲ့ပြီး ရဲအက်ဥပဒေတွင် အာဏာမတည်သည့်မြို့၊ ကျေးရွာများ၏ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင်လည်း ရာဇသတ်ကြီးဥပဒေ၊ရာဇဝတ်ကျင့်ထုံးဥပဒေ၊ အထူးနှင့်အထွေထွေ ဥပဒေများ၊ ဒေသန္တရဥပဒေ များနှင့် လည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ရဲအက်ဥပဒေများကို လက်ရှိခေတ်စနစ်နှင့် ကိုက်ညီစေရန် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေး ရန်၊ ပြည်သူအများလေးစားလိုက်နာနိုင်မည့် ဥပဒေဖြစ်စေရန်အတွက် ၁၈၉၉ ခုနှစ်၊ ရန်ကုန်ရဲအက်ဥပဒေနှင့် ၁၉၄၅ ခုနှစ်၊ ရဲဥပဒေနှစ်ရပ်ပေါင်းကို ပေါင်းစည်းပြီး အသစ်ပြင် ဆင် ရေးဆွဲ ထားပြီး မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့ဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံပြုချက်၊ သဘောထားမှတ်ချက် များရယူခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ၄-၁၂-၂၀၁၅ ရက်နေ့ တွင် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုတင်ပြမှုအပေါ် နိုင်ငံတော်သမ္မတရုံးမှ ၁၈-၁၂-၂၀၁၅ ရက်နေ့တွင် တင်ပြခဲ့ သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ၏ ဥပဒေ အကြံပေးအဖွဲ့မှ အကြံပြုချက်ခုနစ်ချက်နှင့်အတူ သိရှိလိုက်နာ ဆောင်ရွက်ရန် အတွက် ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားသည့်အတွက် ၎င်း အကြံပြုချက်များနှင့်အညီ လုပ်ထုံးလုပ်နည်းများ အတိုင်း အဆင့်ဆင့်တင်ပြပြီး အကြံပြုချက်၊ လမ်းညွှန်ချက်များ ခံယူ၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေအသစ်ကို မပြဋ္ဌာန်းနိုင်မီ ကာလအတွင်း ၁၉၄၅ ခုနှစ်၊ ရဲဥပဒေကို လတ်တလော တစ်နိုင်ငံလုံး အာဏာတည်စေရေး အတွက်ကို ၁၉၆၃ ခုနှစ်၊ တရားဥပဒေများ အာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်း ဥပဒေအရ နိုင်ငံတော်သမ္မတမှ အမိန့်ထုတ်ပြန် ကြေညာနိုင်ရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် သြဂုတ်လ ၂၆-၈-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးကို တင်ပြခဲ့သည့်အခါ ပြည်ထောင်စုရှေ့နေချုပ် ရုံး၏သဘောထား မှတ်ချက်နှင့်အတူ ပြန်လည် တင်ပြရန် ညွှန်ကြား ခဲ့သည့်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် ရဲအက်ဥပဒေ တစ်နိုင်ငံလုံးအာဏာတည်စေရေးနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်များ ရယူပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သို့ပါ ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေမူကြမ်းအသစ် ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အတည်ပြု မပြဋ္ဌာန်းနိုင်မီ ကာလ အတွင်း ၁၉၄၅ ခုနှစ်၊ ရဲဥပဒေကို တစ်နိုင်ငံလုံး အာဏာ တည်စေရေး အတွက် ၁၉၆၃ ခုနှစ်၊ တရားဥပဒေများ အာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေအရ နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန မှ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
