(ခ)-မာန်အောင်မြို့နယ်မှ ပြည်သူများအန္တရာယ်ကင်း စွာခရီး သွားလာနိုင်ရန် အတွက် အုန်းချောင်းသို့အ ဝင်ချောင်းအဝကို ပြန်လည်တူးဖော်ပေးရန် အစီအ စဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၁၆.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u tin nuမြန်မာနိုင်ငံတွင် မာန်အောင်ကျွန်းသည် ရမ်းဗြဲကျွန်းပြီးပါက ဒုတိယ အကြီးမားဆုံးကျွန်းဖြစ်ပြီး ဘင်္ဂလားပင်လည်အော် ထဲတွင်ရှိပြီး စတုန်းရန်းမိုင် ၂၀၂ မိုင်ကျယ် ဝန်း ပါကြောင်း၊ တောင်နှင့်မြောက် ၁၈ မိုင်၊ အရှေ့နှင့်အနောက် ၂၂ မိုင်ရှိပြီး ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိပါကြောင်း၊ ကျေးရွာပေါင်း ၁၃၇ ရွာရှိပြီး လူဦးရေ ၆၁၂၀၀ ကျော် နေထိုင်လျက်ရှိပါကြောင်း၊ တောင်ကုတ်မြို့နယ်နှင့် ၄၉ မိုင်၊ ကျောက်ဖြူမြို့နယ်နှင့် ၄၈ မိုင်၊ ရမ်းဗြဲကျွန်းနှင့် ၁၂ မိုင်ဝေးပါကြောင်း၊ရာသီဥတုကောင်းပါက မာန်အောင်မှ လူဦးရေ တစ်နေ့ကို ၂၀၀ မှ ၅၀၀ ခန့် နေ့စဉ်နေ့တိုင်း ရေကြောင်းကို အသုံးပြုပြီး သွားလာနေကြပါကြောင်း၊

ရေကြောင်းခရီးသွားသည့်အခါ ရွှေပြည်တန်၊ မလိခစသည့် ရှပ်ပြေးအမြန် မော်တော်ယာဉ်များနှင့် ပုဂ္ဂိလစက်လှေ၊ မော်တော်များကို အသုံးပြုပြီး သွားလာကြရပါကြောင်း ၊ တောင်ကုတ်မြို့နယ်၊မာန်အောင်ကို အမြန်ရှပ်ပြေးယာဉ်နှင့် သွားပါက ၃ နာရီခန့်ကြာပြီး စက်လှေ၊ မော်တော်နှင့်သွားရင် ၇ နာရီခန့် သွားရ ပါကြောင်း ၊ တောင်ကုတ် ၊ ကျောက်ဖြူ ကို သွားပါက အုန်းချောင်းကို ဝင်/ထွက်ပြီးမှ သွားလာ၍ ရပါကြောင်း၊ အုန်းချောင်းကို လှေ၊သင်္ဘော အဝင်/အထွက်လွယ်စေရန် ၂၀၁၁ ခုနှစ်က အုန်းချောင်း ဝကို နိုင်ငံတော်မှ သောင်တူးစက်တွေနှင့် တူးပေးခဲ့သောကြောင့် ဒီရေ အတက်အကျကို စောင့်နေရန်မလိုဘဲ အချိန်မရွေး ဝင်/ထွက်နိုင်၍ ခရီးသွားလာတွင် အဆင်ပြေ ပါကြောင်း၊

ယခုချောင်းအဝကို ပြန်မတူးသည်မှာ ၄ နှစ်ကျော်လာသဖြင့် ချောင်းအဝသည် တိမ်ကောလာပြီး ရှပ်ပြေးယာဉ်များနှင့် မော်တော်စက်လှေများ အချိန်မရွေးမသွားနိုင်တော့ ပါကြောင်း၊ ဒီရေအတက်ကို ၄ နာရီ ခန့် ပင်လည်ဆိပ်တွင် စောင့်နေရပြီး ဒီရေများတက်လာမှသာ သွားလာ၍ ရပါကြောင်း၊ပင်လည်ဆိပ်တွင် ၄ဘ နာရီခန့် စောင့်ရချိန်သည် အလွန်အန္တရာယ်များသည့် အချိန်ဖြစ်ပါကြောင်း၊ဒီရေကျချိန် ချောင်းအဝကို ဝင်/ထွက် မသွားနိုင်သည်မှာ ၃ နှစ်ကျော်ပြီဖြစ်ပါကြောင်း၊ မာန်အောင်မှ ပြည်သူများသည်  ဘေးအန္တရာယ်ကင်းစွာနှင့် ခရီးသွားလာနိုင်ရန်အတွက် အုန်းချောင်း အဝကို ပြန်တူးပေးစေ လိုကြပါကြောင်း၊သို့ဖြစ်ပါ၍ အုန်းချောင်းအဝင်ဝကို ပြန်၍တူးပေးဖို့အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တူးပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့် အ တွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

u kyaw myoမာန်အောင်မြို့ရှိ အုန်းချောင်းသည် မာန်အောင်မြို့နှင့် အခြားဒေသများကို ဆက်သွယ်ထားသော အဓိကရေလမ်းကြောင်း အဝင်လမ်းဖြစ်ပါကြောင်း၊ သဘာဝရေကြောင်း အခြေ အနေအရ ချောင်း အတွင်း နုန်း အနည်ကျမှု နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သောင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

အုန်းချောင်းသောင်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ပြည်‌ထောင်စု၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၂၀ ဖြင့်လည်းကောင်း၊၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ကျပ်သန်း ၄၀.၀၃ သန်းဖြင့်လည်းကောင်း  နောက်ဆုံးဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊အုန်းချောင်း ၏ အောက်ခြေ တွင် ကျောက်သားဖြစ် ၍ ရေအနက်များစွာ တူးဖော်နိုင်ခြင်း မရှိဘဲ ကျောက်သား မျက်နှာပြင် ပေါ်မှ အပိုင်းများကိုသာ ဖယ်ရှားတူးဖော်ရခြင်းကြောင့် ရေလမ်းကြောင်းမကောင်းမွန်ရခြင်းဖြစ်ပြီး ထပ်မံ တူးဖော်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

သို့ဖြစ်၍ မာန်အောင်မြို့ အဝင် အုန်းချောင်းရေလမ်းကောင်းမွန်ရေး သောင်တူးဖော်ခြင်းလုပ်ငန်းအတွက် လာမည့်ပွင့်လင်းရာသီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာစစ်ဆေးမှုများပြုလုပ်ပြီး ခန့်မှန်းကုန်ကျစရိတ်တွက်ချက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် တင်ပြတောင်းခံနိုင်ရေး ညှိနှိုင်းပေးသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။