(က)-ဆက်လက်ပြေးဆွဲခြင်းမရှိတော့သော ပြည် -ပေါက်ခေါင်းမီးရထားလမ်းအား မည်ကဲ့သို့ ဆက် လက်ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၁၆.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

daw ni ni dunပြည်-ပေါက်ခေါင်းမီးရထားလမ်းသည် လယ်မြေ၊ ယာမြေ ၁၆၁.၉ ဧကကို သိမ်းဆည်းဖောက်လုပ်ခဲ့သော ရထားလမ်းဖြစ် ပါကြောင်း၊ရထားလမ်းဖောက် လုပ်သည့်နေရာ တွင် တောင်သူလယ်သမားများသည် လယ်ယာမြေများ ဆုံးရှုံးရသည့်အပြင် ရထားလမ်းဘေးရှိ  ဖို့မြေနှင့်မဆိုင်သော လယ်ယာမြေများ သည်လည်း ရထားလမ်းပေါင်ကြီးက တာတမံသဖွယ်ဖြစ်နေ၍ မိုးရာသီတွင် ရေများမစီးဆင်းနိုင်ဘဲ လမ်းပေါက်၏ တစ်ဖက်တွင်ရှိသော လယ်မြေများသည် ရေများနစ်မြုပ်နေပြီး အခြားပေါင်တစ်ဖက်ရှိ လယ်မြေများ သည် ပျိုးထောင်ရေ(အောင်ရေ) မရဘဲ စိုက်ပျိုးနိုင်ခြင်း မရှိသည့် လယ်ယာမြေများ ဖြစ်နေပါကြောင်း၊ထို့ကြောင့် တောင်သူလယ်သမားများ အနေဖြင့် ဆုံးရှုံးမှုအလွန် များပြား ခဲ့သော်လည်း လယ်ယာမြေ သိမ်းဆည်းချိန်မှ စပြီး ယခုအချိန်အထိ နစ်နာကြေး တစ်စုံတစ်ရာမရရှိ ခဲ့ပါကြောင်း၊

ပြည်-ပေါက်ခေါင်း မီးရထားလမ်းကို ၂၆-၈-၂၀၁၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ၁၅-၁၀-၂၀၁၃ အထိ ၃ နှစ်ခန့် ပြေးဆွဲခဲ့ပြီး ယခုအချိန်အထိ ဆက်လက်ပြေး ဆွဲခြင်းမရှိတော့ ပါကြောင်း၊ ပေါက်ခေါင်း မြို့နယ် ချောင်းကောင်းကျေးရွာတွင် မီးရထားလမ်းဖြတ်သွားပြီး ဆက်လက်အသုံးပြုခြင်း မရှိသည့်အတွက် ခြုံနွယ်များ ဖုံးလွှမ်းနေပြီး တောင်းဇင်း ဝတောင်တန်း ကိုဖြတ်သည့်နေရာတွင် သဲဆန်သည့် မြေများပေါ်က ရထားလမ်းကို ပြုလုပ်ထားသည့်အတွက် ပြိုကျပြီး ရထားလမ်းကိုပင် ရှာမတွေ့တော့သည့် အနေအထားဖြစ် ပါကြောင်း၊ သို့ဖြစ်ပါ၍  ပြည်သူ့ဘဏ္ဍာငွေများစွာ အကုန်အကျခံထားပြီး ဆက်လက်ပြေး ဆွဲခြင်းမရှိတော့သည့် ၎င်းမီးရထားလမ်းအား မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် မည်နှင့် ၎င်းရထား လမ်းဖောက်မှုကြောင့် နစ်နာ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသော တောင်သူများအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

u kyaw myoပြည်-ပေါက်ခေါင်းမီးရထားလမ်းပိုင်းတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လိုအပ်ချက်များ မရရှိနိုင်ပါသဖြင့် စီးပွားရေးအရလည်း တွက်ခြေကိုက်မှု မရှိနိုင်သောကြောင့် ၎င်းလမ်းပိုင်း၌ ရထားဆက် လက်ပြေးဆွဲရန် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြပါအတိုင်း ၁၅-၁၀-၂၀၁၃ ရက်နေ့မှစပြီး ယခုအချိန်အထိ ရပ်ဆိုင်း ထားပြီး လောလောဆယ် ဆက်လက်ပြေးဆွဲရန် အစီအစဉ် မရှိပါကြောင်း၊

ပြည်-ပေါက်ခေါင်းရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သော ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာမှ သိမ်းဆည်းမြေများကို မြန်မာ့မီးရထား၊ ပေါက်ခေါင်းမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းကို ၂၀၁၄ ခုနှစ်မှ စတင်ဆောင် ရွက်ခဲ့ပြီး ကနဦး တိုင်းတာချက်အရ မြန်မာ့မီးရထား သိမ်းဆည်းမြေ ၁၆၁.၀၉ ဧကဖြစ်ပါကြောင်း၊ သိမ်းဆည်းမြေဧက အမှန်ရရှိပြီး အတည်ပြုနိုင်ရန် အတွက် ပေါက်ခေါင်းမြို့ နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ပြန်လည်တိုင်းတာစိစစ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် သိမ်းဆည်းမြေ ဧကတွင် ပါဝင်သော တောင်သူဦးရေ ၂၃၅ ဦး၊ ဦးပိုင်ပေါင်း ၂၆၄၊ လယ်မြေ ၁၃၆.၃၈ ဧက၊ ယာမြေ ၃၇.၇ ဧက စုစုပေါင်း ဦးပိုင်မြေ ၁၇၄.၀၈ ဧက အတွက် ပေါက်ခေါင်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ မြေလျော်ကြေးတန်ဖိုးများ အတည်ပြုပေးနိုင်ရန် တင်ပြထားပြီးဖြစ်သော်လည်း အတည်ပြု ချက် မရရှိသေးပါကြောင်း၊သို့အတွက် ပြည်ခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ အတည်ပြုချက်ရရှိပါက ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ တင်ပြပြီး လျော်ကြေးတန်ဖိုး အတည်ပြုချက်ရရှိရေး ဆက်လက်ဆောင်ရွက်မည်ဖြစ် ပါကြောင်း ၊အတည်ပြုချက် ရရှိခဲ့ပါက မြန်မာ့မီးရထားမှ နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်သို့ ဘဏ္ဍာငွေတင်ပြတောင်းခံပြီး ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက လျော်ကြေးပေးချေနိုင်ရေး ဆောင်ရွက် မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဒေါ်နီနီဒွန်း (ပေါက်ခေါင်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဖို့မြေပေါင်ကြီးသည် အရမ်းမြင့်ပြီး မီးရထားလမ်းအောက်ရှိ လယ်ယာမြေများအပြင် ဘေးတစ်ဖက်တစ်ချက်ရှိ လယ်ယာမြေများပါ တာတမံကဲ့သို့ဖြစ်နေ၍ ပိတ်ဆို့တားဆီးပြီး လယ်ယာမြေများ ရေ နစ်မြုပ်ခြင်း များဖြစ်နေခြင်းနှင့် မီးရထားလမ်း၏ တစ်ဖက်တွင် ရေလုံးဝမရတော့ဘဲ လယ်ယာမြေများ ဆက်လက်ပြီး မပြေးဆွဲပါက သံလမ်းမရှိတော့သော ဖို့မြေပေါင်ကြီးများနေရာကို မီးရထား ဝန်ကြီးဌာန အနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

လက်ရှိအခြေအနေတွင် ရထားပြေးဆွဲမှု ယာယီရပ်ဆိုင်း ထားခြင်းဖြစ်ပါကြောင်း၊ နောင်တစ်ချိန်တွင် ဒေသခံပြည်သူလူထု၏ လိုအပ်ချက်ရှိလာပါက ခရီးသည်နှင့် ကုန်စည်ရ ရှိနိုင်ရန် ပြန်လည်ပြေးဆွဲ မည်ဖြစ် ပါကြောင်း၊ရထားလမ်း မခင်းထားသေးဘဲ တာပေါင်များဖြစ်နေ၍ လယ်ယာမြေ ထိခိုက်မှုရှိသည့် အပိုင်းကို မိမိတို့ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားကို ကွင်းဆင်းစစ်ဆေးပြီး ပြန်လည် တင်ပြ မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။