မေးခွန်း အကြောင်းအရာ
မြောက်ဦးမြို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် ဒုတိယပုဂံဖြစ်ပြီး သမိုင်းတန်ဖိုး အင်မတန်ကြီးမားပါကြောင်း၊ ရခိုင်ဘုရင်များ၏ နောက်ဆုံးမြို့တော်ဖြစ်ခဲ့သည့်အတွက် နန်းရဂုံနှင့် တံတိုင်းကိုပတ်ပြီး မြို့သည် တည်ရှိပါကြောင်း၊ မြို့တစ်မြို့လုံးသည် ရှေးဟောင်းသုတေသနနယ်မြေ ဖြစ်ပါကြောင်း၊ မိမိတို့ သာမန်ပြည်သူတွေ အတွက် ရှေးဟောင်း သုတေသန၏ လုပ်ထုံးလုပ်နည်းများ ဥပဒေများ၊ မူဝါဒများကို သိရန်အလှမ်းဝေးပါကြောင်း၊ သိခွင့်လည်း မရှိပါကြောင်း၊မသိသည့်အတွက် ဌာနဆိုင်ရာ အနေဖြင့် ပွင့်လင်းမြင် သာမှု မရှိသည့်အတွက် မြို့နယ်လူထုအနေဖြင့် စိတ်သောက ရောက်ရခြင်းများ၊ လုံခြုံမှုကင်းမဲ့ခြင်းများ ဖြစ်နေပါကြောင်း၊
ဥပဒေနားလည်တတ်ကျွမ်းသော ရဲအရာရှိတစ်ယောက်နှင့် ရှေးဟောင်းသုတေသနအရာရှိ တစ်ယောက်တို့ ဥပဒေပိုင်းဆိုင်ရာ အငြင်းပွားပြီး ရုံးရောက်သည့် အထိ ဖြစ်နေ ပါကြောင်း၊လက်တွေ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ခွင့်ပြုပေးထားသော လေးထပ်ဆောင် ခရိုင်ပြည်သူ့ဆးရုံကြီးသည် ရှေးဟောင်းသုတေသန၏ ကန့်ကွက် ချက်ကြောင့် နှစ်ထပ်ဆောင် ဘဝကို ရောက်ခဲ့ ရပါကြောင်း၊မြို့၊ရွာဖွံ့ဖြိုးမှု အတွက် အများကြီး နစ်နာပါကြောင်း၊ ပြည်သူ့ဆေးရုံရှေ့တွင် ကွန်ကရစ်ခင်းသည်ကို မြောက် ဦးမြို့ ရှေးဟောင်းသုတေသနက ကွန်ကရစ် မခင်းရဟူသော ဟန့်တားမျိုးများလည်း ရှိပါကြောင်း၊ ပြည်သူများ မသိနားမလည်သည့် မူဝါဒများအပေါ် အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ထား သည့် အတွက် စိတ်ဆင်းရဲရပြီး မြို့ပြဖွံ့ဖြိုးမှုကိုလည်း အများကြီး အနှောင့်အယှက်ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မြောက်ဦးမြို့တွင် ကွန်ကရစ်လမ်းများခင်းခွင့်ရှိ/မရှိ၊ မြို့လူထုစိုးရိမ် ပူပန်စိတ် ဖြေဖျောက်ရန်အတွက် ရှေးဟောင်းသုတေသနအနေဖြင့် နယ်မြေသတ်မှတ်ချက်၊နယ်မြေသတ်မှတ်ချက်ဆိုသည်မှာ မည်သည့်နေရာတွင် မည်သို့ဆောက်ရမည်၊ မဆောက် ရမည်ကို မူဝါဒဆိုင်ရာများအား ပြည်သူတွေသိခွင့်ရှိ/မရှိနှင့် အကျင့်ပိုင်းဆိုင်ရာအားနည်းသော အရာရှိများ၊ ဝန်ထမ်းများကို အရေးယူနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးမှ အစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောက်ဦးမြို့ဟောင်း အတွင်းရှိ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦများတည်ရှိရာဇုန် Ancient Monumental Zone(MZ) ၊ ရှေးဟောင်းနေရာ တည်ရှိရာဇုန် Ancient Site Zone(AZ) နှင့် ကာကွယ် ထိန်းသိမ်းထားသည့်ဇုန် Protected and Preserved Zone(PZ) များအဖြစ် အမိန့်ကြော်ငြာစာ (၁/၂၀၀၉) ထုတ်ပြန်ပြီး သတ်မှတ်ခဲ့ပါကြောင်း၊
ထိုအမိန့်ကြော်ငြာစာများကို မိမိတို့ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်နိုင်ရန် ညွှန်ကြားလွှာအမှတ်(၂/၂၀၁၄) နှင့် ညွှန်ကြားလွှာအမှတ်(၃/၂၀၁၄)ကိုလည်း ဆက်လက် ထုတ်ပြန်ပြီး ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြောက်ဦးမြို့တွင် ကွန်ကရစ်လမ်းများ ခင်းခွင့်ရှိ/မရှိနှင့်ပတ်သက်၍ ယဉ်ကျေးမှု အမွေ အနှစ်ဒေသများ တာဝန်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၁ အရ မည်သူမျှ ယဉ်ကျေးမှုဒေသအတွင်းတွင် ဤဥပဒေအရ ထုတ်ပေးသည့် ကြိုတင်ခွင့်ပြုချက် မရရှိဘဲ ရှေးဟောင်း အထိန်းအမှတ် အဆောက်အအုံကို ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်း များဆောင်ရွက်ခြင်း ၊ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းဖောက် လုပ်ခြင်း၊တံတား၊ဆည်၊မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ယင်းတို့ကို တိုးချဲ့ခင်း၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ယင်းတို့ကိုတိုးချဲ့ခြင်း တစ်ခုကို မပြုလုပ်ရ ဟု ပြဋ္ဌာန်းထားရှိ ပါကြောင်း၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(ဏ) တွင်လည်း ထိုသို့ ပြုလုပ်မည်ဆိုပါက ဤဝန်ကြီးဌာန၏ ရှေးဟောင်းသုတေသနပြတိုက်ဦးစီးဌာနသို့ ပုံစံ(၁၅)ဖြင့် လျှောက် ထား ရမည် ဖြစ်ပါကြောင်း၊ လျှောက်ထားရာတွင် မိမိတို့ဌာနမှ လိုအပ်သည့်ပညာရှင်များ ကွင်းဆင်းစစ်ဆေးပြီးမှ လက်ခံနိုင်မည့် အတိုင်းအတာကို ညှိနှိုင်းခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားလွှာ (၂/၂၀၁၄) တွင် ဇုန်များအတွင်း လမ်းများပြုပြင်ခြင်း၊အသစ်ဖောက်လုပ်ခြင်း၊မွမ်းမံခြင်းများကို (က) အဝေးပြေးလမ်းများ လုံးဝမဖောက်လုပ်ရပါ။ (ခ) ကတ္တရာ လမ်း၊ မြေသားလမ်း၊ မြေနီလမ်း၊ဂဝံ ကျောက်လမ်းများကိုသာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ဖောက်လုပ်ရမည်၊(ဂ) ရှေးဟောင်းသဘာဝမြင်ကွင်း၊ ပတ်ဝန်းကျင် ရှိ ရှေးဟောင်း အဆောက်အအုံများ၏ အရောင်အသွေးနှင့် လိုက်လျောညီထွေမှု ရှိရမည်၊ (ဃ) လမ်းပုခုံးနှင့် လမ်းဟောင်း၊ ရှေးဟောင်းအဆောက်အအုံများ အနည်းဆုံး ပေ ၉၀ ကွာဝေးရမည်၊ (င) လမ်းအကျယ် ၁၆ ပေထက်မပိုရ၊(စ) လမ်းလုပ်ငန်းအတွက် မြေတူးဖော်ရန်လိုအပ်ပါက ရေပြင်ညီမှ ၁၂ လက်မအနက်ထက်ပို၍ မတူးဖော်ရ၊(ဆ) လမ်းဘေး ကတ်တုံးများနှင့် ပလပ်ဖောင်းပြုလုပ်လိုပါက ဌာနသို့ သီးခြားတင်ပြမည်ဖြစ်ပြီး ဌာနမှ သတ်မှတ်ပေးသည့်အတိုင်းသာ ဆောင်ရွက်ရမည်၊ (ဇ) မော်တော်ယာဉ်များ အရှိန်ဖြင့် မမောင်းနိုင်စေရေးအတွက်ကို အရှိန်ထိန်းသော အတားအဆီးများ၊ အကွေ့ အကောက်များဖြင့်သာ ဖောက်လုပ်ရမည် ပြဋ္ဌာန်းထားရှိပါကြောင်း၊
မြောက်ဦးမြို့တွင် ကွန်ကရစ်လမ်းများခင်းခြင်းနှင့် ပတ်သက်ပြီး ခင်းမည့်နေရာနှင့် ဒေသတို့ကို သိရှိပြီး ဝန်ကြီးဌာနသို့ ခွင့်ပြုချက်တင်ပြတောင်းခံပြီးမှသာ ပညာရှင်များနှင့် ကွင်းဆင်းစစ်ဆေးပြီးမှ မိမိတို့ အကြံများပေးပြီးမှ ဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ထို့ကြောင့် မြောက်ဦးမြို့ရှိ လမ်းများခင်းမည်ဆိုပါက ဒေသနှင့် လျော်ညီသော ကျောက်ခင်းလမ်းနှင့် ကတ္တရာလမ်းများကို လွတ်လပ်စွာ ဆောင် ရွက်နိုင် ပါကြောင်း၊ ကွန်ကရစ်လမ်းသည် ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုဒေသနှင့် လျော်ညီမှုမရှိခြင်း၊ ကွန်ကရစ်လမ်းကြောင့် မြေအောက်မှ အငွေ့ပြန်နိုင်မှု မရှိခြင်းနှင့် ကွန်ကရစ်တွင်ပါဝင်သော ဓာတုဗေဒ ပစ္စည်းများသည် မြေအောက်ရှိ မမြင်နိုင်သေးသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထိခိုက်စေခြင်းတို့ကြောင့် နိုင်ငံတကာတွင်လည်း ကွန်ကရစ်လမ်းခင်းခွင့်ကို ကန့်သတ်ထားပါကြောင်း၊
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းချက်များ ထုတ်ပြန်ထားသောလည်း ဒေသခံပြည်သူလူထု အိမ်ရာတည်ဆောက်ပြုပြင်ခြင်း၊ ချဲ့ထွင်ခြင်း၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ခြင်း၊ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းများကို စည်းကမ်းချက်နှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများ၏ မြင်ကွင်းကို မကွယ်စေ ရန် ဆောက်လုပ်မည့် အဆောက်အအုံကလည်း အမြင့်ပေ ၃၀ အထက် မပိုစေရန် ယဉ်ကျေးမှုဇုန်အားလုံးအတွက် တစ်နိုင်ငံလုံးတွင် သတ်မှတ်ထားပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြဆွေးနွေး သွားသော မိမိတို့ ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့သော ခရိုင်ပြည်သူ့ဆေးရုံက အဆောက်အအုံသည် အမြင့်ပေသတ်မှတ်ချက်ထက် များစွာ ကျော်လွန်နေခြင်းကြောင့် ယဉ်ကျေးမှု အမွေအနစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ သတ်မှတ်အမြင့်ပေ ၃၀ အထိသာ တည်ဆောက်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းမစတင်မီကတည်းက ကြိုတင်ညှိနှိုင်းခဲ့မည်ဆိုပါက ဝန်ကြီးဌာန အနေဖြင့် နှစ်ထပ်အဆောက်အအုံ နှစ်လုံးအဖြစ် တည်ဆောက်နိုင်ရန်အကြံပြုနိုင်မည် ဖြစ်သော်လည်း ဌာနဆိုင်ရာချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ အခက်အခဲ များ တွေ့ရခြင်းဖြစ်ပါကြောင်း၊
မြောက်ဦးမြို့တွင် ရှေးဟောင်းသုတေသနဌာန၏ မူဝါဒများကို ပြည်သူများသိခွင့် ရှိ/မရှိနှင့် ပတ်သက်ပြီး ယဉ်ကျေးမှုအမွေအနစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ ထုတ်ပြန်ထားသော မူဝါဒများ၊ စည်းကမ်းချက်များ ၊ ညွှန်ကြားချက်များကို ဒေသခံပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ဗီနိုင်းကြော်ငြာဆိုင်းဘုတ်များ စိုက်ထူပညာပေးခြင်း ၊ ဒေသအုပ်ချုပ်ရေး ရုံးများ၊စည်ပင်ရုံးများမှာလည်း ကြော်ငြာများချိတ်ဆွဲပြသခြင်းများကိုလည်း လက်ရှိဆောင်ရွက်ထား ရှိပါကြောင်း၊ အလားတူပင် မိမိတို့ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ကလည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး လိုအပ်သည့် ပညာပေး ဟောပြောမှုများကို မြို့နယ်များတွင် စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါကြောင်း၊ ယဉ်ကျေးမှုအမွေအနစ်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒများ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့် ပတ်သက်ပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် ဝန်ကြီးဌာနက ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ကုလသမဂ္ဂ၊ UNIESCO မှပညာရှင် များ၊ ပြည်နယ်အစိုးရမှတာဝန်ရှိပုဂ္ဂိုလ်များသည် မြောက်ဦးမြို့၊ ဝေသာရီမြို့ဟောင်း၊ဓညဝတီမြို့ဟောင်းကြားရှိ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမများတွင် အလားတူ ပညာပေးဟောပြော မှုများ ပြုလုပ် ခဲ့ပါကြောင်း၊ သို့ပါ၍ ရှေးဟောင်းသုတေသနဆိုင်ရာ မူဝါဒများကို ပြည်သူများ သိခွင့်ရှိပါကြောင်းနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများအတိုင်းသာ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
မိမိအကျိုးစီးပွားအတွက် အဆင်ပြေအောင်လုပ်နေသော တာဝန်ရှိသူဝန်ထမ်းများကို အရေးယူခြင်းရှိ/မရှိ သိလိုခြင်းနှင့်ပတ်သက်ပြီး ဤဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျထုတ်ပြန်ထားရှိပြီး စည်းကမ်းသတ်မှတ်ချက် ဘောင်အတွင်းမှ ဆောင်ရွက်စေလျက် ရှိပါကြောင်း၊ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများ ကိုကျော်လွန်၍ လုပ်ဆောင်ခြင်းမရှိပါကြောင်း၊ ဌာနမှ ထုတ်ပြထားသော ၁၉၉၈ ခုနှစ်၊ ယဉ်ကျေးမှုအမွေအနစ်ဒေသများ ကာကွယ်ထိန်းသိမ်းခြင်းဥပဒေနှင့် စည်းကမ်းချက်များကို သွေဖယ်ဖောက်ဖျက်ပြီး မိမိကိုယ်ကျိုးစီးပွားအတွက် တာဝန်ရှိသူများက ပြုမူဆောင်ရွက်ခဲ့မည်ဆိုပါက ၎င်းဝန်ထမ်းကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ အရလည်းကောင်း၊ တည်ဆဲဥပဒေများ အရလည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဦးလှစော (မြောက်ဦး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းတိုင်ပင်မှုမရှိသည့်အတွက်ကြောင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် မိမိတို့ဒေသ၏ ဖွံ့ဖြိုးရေးကို ထိခိုက်ရပါကြောင်း၊ ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းပြီး ဒေသအကောင် အထည်ဖော်ခြင်းကို ပြုလုပ်ရန် တိုက်တွန်းပြီးပြောချင်ပါကြောင်း၊မိမိတို့ မြောက်ဦးတွင် မယ်သီလရှင်ကျောင်းတစ်ကျောင်းသည် မြောက်ဦးမြို့အဝင်၏ လမ်းမပေါ်တွင် ရှိပါကြောင်း၊ထိုကျောင်းကို ပံ့ပိုး ကူညီ သည့် NLD က လူငယ်များ၏ ပရဟိတအဖွဲ့တစ်ဖွဲ့အပြင် အမတ်တစ်ယောက်လည်းပါဝင်ပြီး ကျောင်းကြီးတစ်ဆောင် စာသင်ဆောင်များဖြစ်စေရန် အကူအညီပေးသည့် အခါ တစ်ဝက် တစ်ပျက် ဆောက်လက်စ တစ်ခုကို ရှေးဟောင်း သုသနဌာနက တားထားသည်ဟု သိရပါကြောင်း၊ထိုနေရာနှင့် မနီးမဝေးနေရာ၌ ၃ ထပ် အဆောင်တစ်ခုသည် ပေ ၃၀ အထက်များ စွာမြင့်ပြီး ဆောက် ထားသည်ကို တွေ့ရှိရပါကြောင်း၊မိမိတို့ ပိတ်ပင်ခဲ့သည့် ဆေးရုံထက်ကို များစွာမြင့်ပါကြောင်း၊အောက်ခြေ၌ ဖြစ်နေသည့်အတွက် မိမိတို့၏ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တွင် ဒေသတွေ ဖွံ့ဖြိုးတိုးတက် ရန်အတွက် အများကြီး အနှောင့်အယှက် ဖြစ်နေပါကြောင်း၊၎င်းတို့ကို တိတိကျကျကွင်းဆင်း စစ်ဆေးပြီး ဒေသဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက်မဖြစ်အောင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်း ညှိနှိုင်း တိုင်ပင် ဆောင်ရွက်စေလိုကြောင်း ပြေကြားပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန် ယူနက်စကိုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော် ကာလ အတွင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အစသဖြင့် ဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုမရှိဘဲ ဟိုတယ် ၄၂ လုံးကို ခွင့်ပြုခဲ့ပါကြောင်း၊
အလားတူ နန်းမြင့်မျှော်စင်ကြီးကိုလည်း တည်ဆောက်ခဲ့ပါကြောင်း၊ ထိုအခါ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန်အတွက် ခေတ်မီအဆောက်အဦကြီးများကို လက်မခံပါကြောင်း၊ လက်မခံသည့်အခါ ပုဂံဒေသသည် ကမ္ဘာကျော်ဒေသ ဖြစ်သော်လည်း ယနေ့အထိ စာရင်းမဝင်ဘဲ ဖြစ်နေသေးပါကြောင်း၊ ထို့ကြောင့် ဌာနများ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခဲ့သဖြင့် ဟိုတယ် ၄၂ လုံးတွင် ဟိုတယ် ၂၇ လုံးသည် ရာခိုင်နှုန်း ၇၅၊ ၈၀၊ ၉၀ တည်ဆောက် ပြီးစီးပြီဖြစ်ပါကြောင်း၊ ကျန် ၁၅ လုံးသည် မဆောက်ရသေးပါကြောင်း၊ တည်ဆောက်ပြီးဟိုတယ်များသည် ပြန်ဖြိုဖျက်ရန်လည်း အရင်းအနှီးကြီးမားလှပါကြောင်း၊ မဆောက်ရသေးသည့် ဟိုတယ် ၁၅ လုံးကို လုံးဝဆောက်ခွင့်မပြုဘဲ သတ်မှတ်သည့် ဟိုတယ်ဇုန်နေရာသစ်တွင် ဆောက်ခြင်းဖြစ်ပါကြောင်း၊ ဆောက်လုပ်ပြီး ဟိုတယ် ၂၅ လုံးကို အရင်းကြေကာလ ၁၅ နှစ်သတ်မှတ်ပြီး ၁၅ နှစ်ပြည့်သည့်အခါတွင် ဖျက်သိမ်းရွေ့ပြောင်းပေးရန် ကတိစာချုပ်နှင့် လုပ်ရမည်ဖြစ်ပါကြောင်း၊အခုလည်း မြောက်ဦးဒေသကို မိမိတို့ဆက်လက်ပြီးမှ ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်းဝင်သည့် ယူနက်စကို၏ စာရင်းဝင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆေးရုံကြီးသည်လည်း သတ်မှတ်အမြင့်ပေ ၃၀ ထက်ကျော်လွန်သည့်အတွက် ကန့်သတ် တားဆီးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသော ဆေးရုံထက်မြင့်သည်ဆိုသော အဆောက်အအုံအချို့ ဆောက်လုပ်နေသည်များ ရှိသည်ကို မိမိတို့ ကွင်းဆင်းစစ်ဆေးပြီး လုပ်ထုံး လုပ်နည်းအတိုင်း ပြည်သူတွေ နစ်နာမှုမရှိရန်၊ လက်ခံနိုင်ရန် ယူနက်စကိုနှင့် အသေးစိတ်ပြန်ညှိမည်ဖြစ်ပါကြောင်း၊ မဆောက်ရသေးသည်များကို သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း တားဆီး သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယူနက်စကိုကရော မိမိတို့ ဝန်ကြီးဌာန ရှေးဟောင်းသုတေသနဦးစီးဌာနကပါ ပညာရှင်အဖွဲ့တစ်ဖွဲ့ပါဝင်သည့်အဖွဲ့ကို အမြန်ဆုံးစေလွှတ်ပြီးမှ ကွင်းဆင်း စစ်ဆေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
