မေးခွန်း အကြောင်းအရာ
နေပူတောင်သည် တောင်ကုတ်မြို့မှ ပြည်-တောင်ကုတ်လမ်း ၂၉ မိုင် ၄ ဖာလုံဝေးသည့်နေရာတွင် တည်ရှိပါကြောင်း၊ နေပူတောင်က မာဘယ်(လ်) ကျောက် ထုတ်လုပ်မှု စီမံကိန်း ကို ၁၆-၃-၂၀၁၂ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ၊ Simco Song Da Joint-Stoke Co.Ltd တို့မှ နှစ်ပေါင်း ၂၀ စာချုပ်ချုပ်ဆိုခဲ့သည်ဟု သိရှိ ရပါကြောင်း၊ သို့သော် ဒေသခံပြည်သူများက မိမိတို့ ဒေသမှ ထွက်ရှိသည့် အဖိုးတန် နေပူတောင်ကို မာဘယ်(လ်) ကျောက်ထုတ်လုပ်ရန်အတွက် ဗီယက်နမ် ကုမ္ပဏီတစ်ခုက ငှားရမ်း ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ဒေသခံပြည်သူ ၅၅၀၀ က ၂၀၁၃ ခုနှစ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါကြောင်း။
၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် နေပူတောင်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် တာရာကာလက်ထက်တွင် ကျောက်၏ လေးပုံပုံတစ်ပုံကို ဒေါ်လာသန်း ၉၀၀၀ ဖြင့် ရောင်းချရန် စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် ပျယ်ပြယ်သွားခဲ့ဖူးပါကြောင်း၊ထိုခေတ်ကပင် မာဘယ်(လ်) ကျောက်၏ တန်ဖိုးသည် ၁ ကုဗမီတာကို မြန်မာငွေ ၁၂၉၀ ကျပ်၊၄၀ ပြား နှုန်းဖြင့် တွက်ချက်ပါက ကျောက်ပုံ၏ လေးပုံတစ်ပုံတန်ဖိုးသည် ဒေါ်လာသန်း ၉၀၀၀ ရှိသည့်အတွက် ယနေ့ခေတ်ဆိုပါက ပိုမိုတန်ဖိုးရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်းကျေးရွာအုပ်စု၊ နေပူတောင်ဒေသ၊ကွင်းအမှတ် ၅၂၊ ကြေးတိုင်ပြင်ကွင်းတောရိုင်းမြေ(၅၈၅.၇၂) ဧကရှိ မြေနေရာကို မာဘယ်(လ်) အလှ ဆင်ကျောက်(အကြီးစား) တူးဖော်ထုတ်လုပ်ခြင်းစီမံကိန်းအတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ Simco Song Da Joint-Stoke Co. Ltd တို့မှ စာချုပ်ချုပ် ဆိုခဲ့ကြသော စာချုပ်ပါ သဘောတူညီချက်များအား အများပြည်သူသိရှိစေရန် ပွင့်လင်း မြင်သာစွာ ချပြနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီရှင်၏ ခွင့်ပြုမိန့်အမှတ်၊ ၄၇၀/၂၀၁၂ (၁၂-၃-၂၀၁၂)ဖြင့် ယခင် သတ္တုတွင်း ဝန်ကြီးဌာန၏ ဓာတ်သတ္တုအကြီးစား ထုတ်လုပ်ရန် ခွင့်ပြုမိန့် အမှတ်၊၀၀၀၁/၂၀၁၂ (၁၆-၃-၂၀၁၂)အရ ဗီယက်နမ်နိုင်ငံ Myanmar Simco song Da Joint Stock Co.,Ltd.(MYSICO)သည် ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်၊ နေပူတောင်ဒေသတွင် နှစ်ဦးနှစ်ဖက်အပြန်အလှန် အကျိုး ဖြစ်ထွန်း စေမှုကို အခြေခံပြီး ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် မာဘယ်(လ်) အလှ ဆင်ကျောက် အကြီးစားထုတ်လုပ်မှုလုပ်ငန်းကို အမှတ်(၃)သတ္တုတွင်းလုပ်ငန်းနှင့် စတင် စာချုပ်ချုပ်ဆိုခဲ့ သော်လည်း ယခုအခါ အမှတ်(၁)သတ္တုတွင်း ဝန်ကြီးဌာနက တာဝန် ယူဆောင်ရွက်လျက်ရှိပါကြောင်း။
စာချုပ်ပါ အရေးကြီးသည့် အချက်အလက်များမှာ (က) လုပ်ငန်းတည်နေရာ၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ နေပူတောင်ဒေသ၊ (ခ) စီမံကိန်းဧရိယာ ၅၈၇.၅၂ ဧက၊ (ဂ) ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၈.၁၄၇ သန်း၊ (ဃ) စာချုပ်သက်တမ်း၊ ၁၆-၃-၂၀၁၂ မှ ၁၅-၃-၂၀၃၂ ရက်နေ့ အထိ နှစ် ၂၀၊ (င) လက်မှတ်ရေးထိုးမှုဆုကြေးငွေ၊ စာချုပ်ချုပ်စဉ် လက်မှတ်ရေးထိုးမှုအတွက် ပြန်အမ်းရန်မလိုသည့် လက်မှတ်ရေးထိုးမှု ဆုကြေးငွေအမေရိကန်ဒေါ်လာ ၅၀၀၀၀ ကို နိုင်ငံတော်ကို ပေးသွင်းပြီးဖြစ်ပါကြောင်း၊ (စ) အာမခံစပေါ်ငွေထားရှိမှုအခြေအနေ လုပ်ငန်းသဘောတူစာချုပ်အပိုဒ် ၁၇-၁၊ ၁၇-၃ နှင့် ၁၇-၄ အရ MYSICO ဟာ Bank for Investment and Development of Vietnam(Ha Tay Branch) Ha Ta Vn ကတစ်ဆင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အာမခံစပေါ်ငွေအမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကို ထားရှိပြီးဖြစ်ပါကြောင်း၊ (ဆ) ပုံသေမြေငှားခ- မြန်မာနိုင်ငံသတ္တုတွင်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ထူထောင်မှု တစ်နှစ်လျှင် တစ်စတုရန်းကီလိုမီတာအတွက်ကို ၁၄ သိန်းတိတိ၊ ထုတ်လုပ်မှုတစ်နှစ် အတွက် တစ်စတုရန်း ကီလိုမီတာမှာ သိန်း ၂၀ တိတိကို ကုမ္ပဏီက နှစ်စဉ်ပေးသွင်း ဆောင်ရွက်လျက်ရှိပါကြောင်း။ (ဇ) စက်ယန္တရားများနှင့် ပစ္စည်းများတင်သွင်းခြင်း။ ထုတ်လုပ်မှုလုပ်ငန်းတွင် အသုံးပြုမည့် စက် ယန္တရားများ၊ပစ္စည်းများတင်သွင်းရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်င၏ လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး တင်သွင်း လာသော စက်ယန္တရားများ၊ ပစ္စည်းကိရိယာများနှင့် စက်အရန်ပစ္စည်းများသည် စာချုပ် သက်တမ်းကုန်ဆုံးချိန်တွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းပိုင်ပစ္စည်းများ ဖြစ်လာပါမည်ဖြစ်ပါကြောင်း၊ (ဈ) ထူထောင်မှု ကာလ၊ ကုမ္ပဏီ၏ ထူထောင်မှုကာလကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ၊ နည်းဥပဒေ ၆၀ နှင့် ၆၁ အရ ပထမအကြိမ်အဖြစ် ၁၂-၁၁-၂၀၁၃ ရက်မှ ၁၁-၉-၂၀၁၄ ရက်နေ့ထိ လည်းကောင်း၊ ဒုတိယ အကြိမ် ၁၁-၉-၂၀၁၄ မှ၁၂-၇-၂၀၁၅ ထိလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်က တိုးမြှင့်ခွင့်ပြုပြီး ၁၂-၇-၂၀၁၅ မှ စီးပွားဖြစ်စတင်နေ့အဖြစ် သတ်မှတ် အတည်ပြုခဲ့ ပါကြောင်း၊ ထုတ်လုပ်မှု အပေါ်မှာ ခွဲဝေခံစားခြင်းနှင့် ဓာတ်သတ္တုခွန်နှင့် ပတ်သက်ပြီး မာဘယ်(လ်) အလှဆင်ကျောက် ထုတ်လုပ်မှု လုပ်ငန်းမှ ထွက်ရှိလာသည့် လုပ်ငန်း၏ ၃ ရာခိုင်နှုန်းကို ဓာတ်သတ္တု ခွန်ပေးဆောင်စေပြီး နောက်နှစ်ဖက် စာချုပ်များမှာ ထုတ်လုပ်မှု အပေါ်မှာ ခွဲဝေခြင်းကို အောက်ပါ အတိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း။
(၁) မာဘယ်(လ်) ကျောက် တစ်ကုဗမီတာရောင်းဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၄၉ ဒေါ်လာ ဖြစ်သည့်အတွက် ဒေါ်လာအောက်ဖြစ်ပါက အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ ၂၀ ရာခိုင်နှုန်း၊ MYSICO မှ ၈၀ ရာခိုင်နှုန်း၊
(၂) မာဘယ်(လ်)ကျောက် တစ်ကုဗမီတာရောင်းဈေးသည် အမေရိကန်ဒေါ်လာ ၆၅၀နှင့် ၇၄၉ အတွင်းဖြစ်ပါက အမှတ်(၁)သတ္တုတွင်းမှ ၂၅ ရာခိုင်နှုန်း၊ MYSICO မှ ၇၅ ရာခိုင်နှုန်း၊
(၃) မာဘယ်(လ်)ကျောက် တစ်ကုဗမီတာရောင်းဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၇၅၀ နှင့်အထက်ဖြစ်ပါ က အမှတ်(၁)သတ္တုတွင်းမှ ၃၀ ရာခိုင်နှုန်းနှင့် MYSICO မှ ၇၀ ရာခိုင်နှုန်း အသီးသီးဖြစ်ပါကြောင်း။
ထုတ်ကုန်ပစ္စည်းရောင်းချခြင်းနှင့် ပတ်သက်ပြီး လုပ်ငန်းစီမံကိန်းက ထုတ်လာသော မာဘယ်(လ်) ကျောက်အားလုံးကို ပြည်ပသို့တင်ပို့ပြီး ကမ္ဘာ့ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပေါက်ဈေးအရ အမေရိ ကန်ဒေါ်လာ သို့မဟုတ် ယူရိုဖြင့်သာ ရောင်းချခွင့်ရှိခြင်း၊ လုပ်ငန်းကြီးကြပ်ရေး ကိုယ်စားလှယ်ထားရှိမှုအပိုင်းအနေဖြင့် ထုတ်လုပ်ရောင်းချမှုလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်နိုင်ရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊အမှတ်(၁)သတ္တုတွင်းဝန်ကြီးဌာနရှိ လုပ်ကွက်ကြီးကြပ်ရေးကိုယ်စားလှယ်တစ်ဦးအမြဲတမ်းထားရှိ ဆောင်ရွက်လျက်ရှိခြင်း၊ မြန်မာနိုင်ငံ သားများ အလုပ်ခန့် ထားခြင်းနှင့် လေ့ကျင့်ပညာသင်ကြားခြင်းနှင့်ပတ်သက်ပြီးတော့ လုပ်ငန်းသဘော တူစာချုပ်အပိုဒ် ၁၀ -၁အရ လုပ်ငန်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားများကို လုပ်ငန်း ရည်ရွယ်ချက်နှင့်အညီ ခန့်ထားရာ တွင် ထုတ်လုပ်မှု ကာလစတင်ဆောင်ရွက်ပြီး နောက်စီမံကိန်း၏ ပုံမှန် လုပ်ငန်းဆောင်ရွက်ချိန် လုပ်ငန်းသက်တမ်းကာလတစ်လျှောက် မြန်မာအလုပ်သမားဦးရေသည် စုစုပေါင်းခန့် ထားသော ဝန်ထမ်း အင်အား၏ ၇၅ ရာခိုင်နှုန်းထက်မနည်းရှိစေရမည်ဟူ၍လည်းကောင်း၊ အပိုဒ် ၁၀-၁ အရ စီမံကိန်း၏ ပုံမှန်လုပ်ငန်းဆောင်ရွက်ချိန်တွင် ပညာရှင်ဝန်ထမ်း စုစုပေါင်း အင်အား၏ ၂၀ မှ ၅၀ ရာခိုင်နှုန်း ကို အမှတ် (၁)သတ္တုတွင်းမှ အဆိုပြုသည့် မြန်မာနိုင်ငံသားများသာ ခန့်ထားရမည်ဟုလည်းကောင်း အသီးသီးပါရှိပါကြောင်း။
မာဘယ်(လ်)ကျောက်၊ အလှဆင်ကျောက်လုပ်ငန်းတွင် ခန့်ထားသည့် ဝန်ထမ်းက ၂၃ ဦးရှိပြီး အနက် မြန်မာနိုင်ငံက ၁၉ ဦးရှိပြီး ၁၀ ဦးသည် ဒေသခံများဖြစ်ပါကြောင်း။ နေပူတောင် မာဘယ်(လ်) ကျောက် သည် ပြင်ပဈေးကွက်ဈေးကွက်ရရှိခြင်း မရှိသေးသည့်အတွက် ထုတ်လုပ်မှုကို လျှော့ထားရပြီး မြန်မာဝန်ထမ်းများကိုလည်း လျှော့ပြီးခန့်ထားရခြင်းဖြစ်ပါကြောင်း၊ထုတ်လုပ်မှုတိုးမြှင့်လာချိန် တွင် မြန်မာ ဝန်ထမ်းများကို တိုးမြှင့်ပြီး ဒေသခံများကို ဦးစားပေးခန့်အပ်ဖြစ်ပါကြောင်း။
(၄) လူမှုရေးဆိုင်ရာတာဝန်ယူဆောင်ရွက်ထားရှိမှု(Corporate Social Responsibility Fund)နှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် စလူကျေးရွာတွင် သိန်း ၅၀ တန်ဖိုး ရှိ အခြေခံပညာ မူလတန်းတိုးချဲ့ စာသင်ဆောင်တစ်ခုကို ဆောက်လုပ်လှူဒါန်းခဲ့ပါကြောင်း၊
(၅) ထုတ်လုပ်ပြီး ပြီးစီးမှု - ပြည်ပသို့တင်ပို့ရောင်းချမှုနှင့်စပ်လျဉ်း၍ (က) ကုမ္ပဏီအနေဖြင့် ၂၀၁၄ ခုနှစ် လုပ်ငန်းစတင်ချိန်မှ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအထိ ၂၉၀၆.၉၂ ကုဗမီတာ မက်ထရစ်တန်အားဖြင့် ၇၈၄၈.၆၃ မက်ထရစ်တန်ကို ထုတ်လုပ်နိုင်ပြီး မာဘယ်(လ်)ကျောက်၏ အရည်အသွေး ကောင်းမွန်မှု အားနည်းခြင်းကြောင့် ဝယ်လက်မရှိသည့်အတွက် ၂၂၆.၇၃၅ ကုဗမီတာအားဖြင့် ၆၁၂.၁၈၄၆ မက်ထရစ်တန်ကိုသာ ပြည်ပသို့ ရောင်းချနိုင်ခဲ့ပါကြောင်း၊(ခ) ပြည်ပသို့တင်ပို့ရောင်းချမှုမှာ သတ္တုတွင်းဦးစီးဌာနသို့ ဓာတ်သတ္တုခွန် ၃ ရာခိုင်နှုန်းပေးရပြီး အမေရိကန်ဒေါ်လာအားဖြင့် ၃၂၇၈.၇၈ ရရှိပါကြောင်းနှင့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းခွဲဝေမှုအချိုး ၂၀ ရာခိုင်နှုန်းနှင့်ညီမျှသော အမေရိကန် ဒေါ်လာ ၂၁၂၀၂.၈၂ ရရှိပြီးဖြစ်ပါကြောင်း၊ ပုံသေမြေငှားရမ်းခစုစုပေါင်း မြန်မာငွေ ၁၃၅၈၉၇၂၀ ကျပ် ကိုလည်း ပေးသွင်းပြီးဖြစ်ပါကြောင်း၊မာဘယ်(လ်)အလှဆင်ကျောက်အကြီးစား ထုတ်လုပ် ခြင်းနှင့် လုပ်ငန်းမှရရှိသော ဓာတ်သတ္တုခွန် ၃ ရာခိုင်နှုန်း၊ ခွဲဝေမှုအချိုး ၂၀ ရာခိုင်နှုန်းကို ပုံသေ မြေငှားခ တို့ကို နိုင်ငံတော်ကို ပေးသွင်းပြီးဖြစ်သည့်အတွက် နိုင်ငံတော်အတွက်ရရှိသော အကျိုး အမြတ်များသာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
