(ဃ)-ပေါက်အင်းတောင်ကြိုးဝိုင်းနှင့်ကြိုးပြင်တောများ ရှိတောင်သူများ၏မြေယာများဌာနေဆိုင်ရာကုမ္ပဏီများ မှသိမ်းယူ၍ကြက်ဆူစိုက်ပျိုးပြီးနှစ်(၃၀)ဂရန်လျှောက် ထားရရှိမှုမှာနည်းလမ်းကျမကျ၊ဂရန်ပါစည်းကမ်းများ အား လိုက်နာမှုရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၁၄.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u tun tun naingကနီမြို့နယ်တွင်လူဦးရေတိုးပွားလာမှုနှင့်အတူလုပ်ကိုင်စားသောက်ရန် မြေယာလိုအပ်ချက်ဖြင့် ပေါက်အင်းတောင်ကြိုးဝိုင်းနှင့် ကြိုးပြင်တောများကို ခုတ်ထွင်ရှင်းလင်းပြီး တစ်နိုင် တစ်ပိုင် လုပ်ကိုင် စားသောက်ခဲ့ကြရသည့် တောင်သူများရှိပါကြောင်း၊  ပေါက်အင်းတောင်ကြိုးဝိုင်းပေါ်မှာ ၁၉၉၈-၁၉၉၉ ခုနှစ်ခန့်ကပင် ၎င်းဒေသတစ်ဝိုက် တောနေပြီး လုပ်ကိုင်စားသောက်သူဦးရေ ခန့်မှန်းခြေ ၃၅၀၀ ကျော် ရှိသည်ဟု သိရှိရပါကြောင်း၊

ကနီမြို့နယ်တွင် ကြိုးဝိုင်း၊ကြိုးပြင် ကာကွယ်တော များတွင် တရားမဝင် ကျူးကျော်နေထိုင် သူများကို စာရင်းဇယားကောက် ယူပြီး ကျေးရွာ သစ်များဖွဲ့စည်းနေရာချ ထားပေးရေးကော်မတီကို ၂၀၁၃ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့သော်လည်း ယခုအချိန်အထိ တရားမဝင်ကျူးကျော်နေထိုင်သူများအတွက် ကျေးရွာတည်ထောင်နိုင်ခြင်း မရှိ ပါကြောင်း၊မုံရွာ-ရွာကြီး-ကလေးဝ ကားလမ်းပေါ် မိုင်တိုင် ၃၂ မိုင်တွင် အလယ်တန်းကျောင်း တစ်ကျောင်း၊မိုင်တိုင် ၂၈ မိုင်တွင် မူလတန်းကျောင်း တစ်ကျောင်း၊ပေါက် အင်းမြိုင် ၂၇ မိုင် တွင် မူလတန်းကျောင်းတစ်ကျောင်း၊ ပြောင်းပြန်တွင် မူလတန်းကျောင်း တစ်ကျောင်းတို့ကို ဖွင့်လှစ်ထားသော်လည်း ယခုအချိန်ထိ  တရားဝင်ပြည်ထဲရေး အမည်ပေါက် ကျေးရွာတစ်ရွာမှ မရှိပါကြောင်း၊

၂၀၀၆-၂၀၀၇ ခုနှစ်တွင် ကနီမြို့နယ်၊ ကြက်ဆူအထူးဇုန်(၁) ဟူ၍ ကြိုးဝိုင်း/ကြိုးပြင်‌တောများနှင့် မုံရွာ-ယာကြီး-ကလေးဝကားလမ်းဘေးဝဲ/ယာတစ်လျှောက် ဧကပေါင်း ၂၈၀၀၀ ဖော်ထုတ် စိုက်ပျိုးရန် ဟူ၍ ဌာနဆိုင်ရာအမည်၊ ကုမ္ပဏီအမည်၊ တပ်ရင်းတပ်ဖွဲ့၊ လုပ်ငန်းရှင်အဖွဲ့အစည်း အမည်စသည်ဖြင့် အမည်အမျိုးမျိုးနှင့်သိမ်းယူခဲ့ကြသည်ကိုသိရှိရပါကြောင်း၊ ထိုသို့ သိမ်းယူ မှုကြောင့် တောင်သူများ ၏ မြေယာများသည်  ကြက်ဆူစီမံကိန်းအတွင်း ပါဝင်ခဲ့ပါကြောင်း၊ ယခုအခါ ပေါက်အင်း တောင်ကြိုးဝိုင်းကွင်း အမှတ်(၇၆၈)တွင် ဧကပေါင်း ၃၂၀၀ ကို နှစ် ၃၀ ဂရန်နှင့် ကြက်ဆူစိုက်ခွင့် ရရှိထားသည့် ကုမ္ပဏီတစ်ခုသည် မူလလက်ရှိလုပ်ကိုင်နေသော တောင်သူများကို အမျိုးမျိုး ဒုက္ခပေးလျက်ရှိဟုသိရှိရပါကြောင်း၊  ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၎င်းကုမ္ပဏီမှ တောင်သူ ရှစ်ဦးကို တရားစွဲဆိုထောင်ချခဲ့သည့်အပြင် ၂၀၁၄ ခုနှစ်မှ ၇ နှစ်တိုင် တရားစွဲခံထားရပြီး အမှုရင်ဆိုင်နေရ သော မိသားစုပေါင်း ကိုးစုနှင့် လူဦးရေ ၅၄ ယောက်ရှိပါကြောင်း၊ မူလတောင်သူများကို  ကျူးကျော်ဟု သတ်မှတ်ပြီး  တရားစွဲဆိုထောင်ချခံရခြင်း၊ နောက်မှရောက်ရှိလာသည့် ကုမ္ပဏီ ဌာနဆိုင်ရာများမှ တရားဝင် နှစ် ၃၀ ဂရန်ချထားပေးခြင်း၊ ဂရန်ရယူထားသော ကုမ္ပဏီ၊ ဌာနဆိုင်ရာများသည် ဂရန်ပါ စည်းကမ်းချက်များကို မလိုက်နာဘဲ မြေရယူအမြတ်ထုတ်လိုမှုသာ ဖြစ်နေသည့်အတွက် မူလ ဒေသခံတောင်သူများနှင့် နိုင်ငံတော်အတွက် များစွာနစ်နာခြင်း၊  ကြက်ဆူစိုက်ပျိုးခွင့်ရရှိသော မြေပေါ်တွင် သဘာဝတောများကို သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရရှိပြီးမှသာ အပြောင်ရှင်း ခုတ်လှဲခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းချက်နှင့်အညီ ပြုလုပ်ခဲ့ခြင်းရှိ/မရှိနှင့်စပ်လျဉ်း၍ အောက်ပါမေးခွန်း များကို မေးမြန်းလိုပါကြောင်း၊ ကနီမြို့နယ်ကြိုးဝိုင်း/ကြိုးပြင်တောများရှိ မူလ ရောက်ရှိ လုပ်ကိုင် နေကြသော တောင်သူများ၏ မြေယာများကို ဌာနဆိုင်ရာကုမ္ပဏီများက သိမ်းယူ စိုက်ပျိုးပြီး နှစ် ၂၀၊  နှစ် ၃၀ ဂရန်လျှောက်ထားရရှိမှုသည် နည်းလမ်းကျ/မကျ၊ ဂရန်ပါ စည်းကမ်းချက်များအား လိုက်နာမှုရှိ/မရှိနှင့် ပြည်ထဲရေးအမည်ပေါက်ကျေးရွာများ၊ စုစည်းတည်ထောင်ပေးရန် အစီအစဉ်များရှိ/မရှိ သိရှိ လိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ
ဖြေကြားချက် 

u ohn winကနီမြို့နယ်၊ ပေါက်အင်းတောင်ကြိုးဝိုင်းတွင် ကြက်ဆူစီမံကိန်းကို  ယခင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ဆောင်ရွက် ခဲ့ပါကြောင်း၊စစ်ကိုင်း တိုင်း ဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ယူစိုက်ပျိုးရန်အတွက် ကြက်ဆူစိုက်ခင်း ဧက ၁၀၀၀၀ ကို မြန်မာ့သစ်လုပ်ငန်းကိုယ်စား တင်ဝင်းထွန်း ကုမ္ပဏီသို့ စိုက်ပျိုးရန်တာဝန်ပေးအပ်ခံရပြီး သက်ဆိုင်ရာ သစ်တောဦးစီးဌာနက ကွင်းဆင်းစစ်ဆေးကာ ဧက ၄၅၀၀ ကို ခွင့်ပြုသင့်သည်ဟု  ထောက်ခံခဲ့ပြီး သစ်တော် ဦးစီး ရုံးချုပ်၏ ၂၀-၇-၂၀၀၆ ရက်စွဲပါစာ အမှတ်၊စီမံကိန်း/စ-၁၉/(၂၂၁၂-၁၃/၀၆)နှင့် ခွင့်ပြုခဲ့ ပါကြောင်း။

ကုမ္ပဏီသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၀၆ ခုနှစ် ဇူလိုင်လတွင် ကြက်ဆူပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ရာ  ၂၀၀၆ ခုနှစ်တွင် ၂၄၆၆ ဧက၊ ၂၀၀၇ ခုနှစ် ၄၁၂ ဧက၊ ၂၀၀၈ ခုနှစ်တွင် ၃၂၂ ဧက စုစုပေါင်း ဧက ၃၂၀၀ ကို စိုက်ပျိုးခဲ့ပြီး ၅-၁၂-၂၀၀၈ ရက်စွဲပါစာအမှတ်၊ ၂၀၁-တဝထ/၂၀၀၈-၀၉နှင့် ကြက်ဆူစိုက်ခင်း ၃၂၀၀ ဧကအတွင်းတွင် ကြားညှပ်သီးနှံများ၊ နှစ်ရှည်ပင်များ စိုက်ပျိုးပြီးသည့်အတွက် နှစ် ၃၀ မြေငှားဂရန် လုပ်ကိုင်ခွင့် စာချုပ်ချုပ်ဆိုရရှိရေးကို သစ်တော ဦးစီးဌာနသို့ တင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ချုပ်က  ဦးစီးရုံးချုပ်သို့ ၄-၁၂-၂၀၀၈ ရက်စွဲပါစာအမှတ်၊ ၂၆၅၂-၅၆/ခ-၅ နှင့်တင်ပြခဲ့ပါကြောင်း။ ဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၀၉)ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ တင်ဝင်း ထွန်းကုမ္ပဏီလီမိတက်မှ ကြက်ဆူဧက ၃၂၀၀ ကို အမှန်တကယ် စိုက်ပျိုးပြီးဖြစ်သည့် အတွက် သစ်တောနည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားစာချုပ်ကိုချုပ်ဆိုပေးခဲ့ပါကြောင်း။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ၃၀-၅-၂၀၁၁ ရက်စွဲပါစာအမှတ်၊ စီမံကိန်း/စ-၁၉(ဂ)/(၆၁၉၀-၉၂/၂၀၁၁)နှင့်ခွင့်ပြုချက်အရ တင်ဝင်းထွန်းကုမ္ပဏီ၏ လုပ်ကိုင်ခွင့်ရ ဧက ၃၂၀၀ အနက်  ပေါက်အင်းတောင်ကြိုးဝိုင်းအကွက်အမှတ်(၆)၊ အမှတ်(၇)၊ အမှတ်(၈)မှာ ဧက ၁၀၀ ကို မုံရွာမြို့၊ အကျဉ်းဦးစီးဌာနမှ ပုဂ္ဂလိက သစ်မာစိုက်ခင်းတည်ထောင်ရန် လုပ်ထုံး လုပ်နည်း နှင့်အညီ ခွင့်ပြုခဲ့ပြီး ကုမ္ပဏီကို လက်ရှိလုပ်ကိုင်ခွင့်ရ ဧက ၃၁၀၀ မှ နှစ် ၃၀ စာချုပ် ( ၂၅-၃-၂၀၀၉ မှ ၂၄-၃-၂၀၃၉ ) ကို ပြင်ဆင်ချုပ်ဆိုပြီး စိုက်ပျိုးခွင့်ပြုခဲ့ပါကြောင်း။

ကြက်ဆူစီမံကိန်းစတင်ချိန်တွင် ပေါက်အင်းတောင်ကြိုးဝိုင်းအတွင်း တရားမဝင်ကျူးကျော် တောင်သူ ၅၀ ဦးခန့်မှ ကျူးကျော်ယာ ၄၀၀ ဧကရှိပါကြောင်းနှင့် အဆိုပါတောင်သူများကို   ကုမ္ပဏီက တည်ဆဲ ဥပဒေအရ ဖယ်ရှားခြင်းမပြုခဲ့ဘဲ အကျိုးတူပူးပေါင်းပြီး ကြက်ဆူတန်းများကြား စိုက်ပျိုးခွင့်ပြုရာမှ ကျူးကျော်တောင်သူ ဦးရေ တိုးတက်များပြားလာပါကြောင်း၊ နောက်ပိုင်းတွင် ကုမ္ပဏီက ဆောင်ရွက် လျက် ရှိသော လုပ်ငန်းများကို တချို့တောင်သူများက ဝင်ရောက်တားမြစ်ခြင်း၊ စိုက်ပျိုးပင်များ ဖျက်ဆီး ခြင်း၊ အုပ်စုဖွဲ့ကာ ဆန့်ကျင်လာခြင်းတို့ကြောင့် ကုမ္ပဏီနှင့် တောင်သူ များအကြား ပြဿနာကြီးထွား လာ ပါကြောင်း၊ ထု့ိကြောင့် ကနီ မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်း ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့ပူးပေါင်းပြီး ၉-၁၂-၂၀၁၁ ရက်နေ့ မှ ၁၅-၁၂-၂၀၁၁ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများကို စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာများကို တင်ပြခဲ့သော်လည်း လမ်းညွှန်မှုတစ်စုံတစ်ရာကို မရရှိခဲ့ပါ ကြောင်း၊

၂၀၁၃ ခုနှစ်၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုအရ ကြိုးဝိုင်းအတွင်းမှာ နှစ်ရှည်ကာလကြာစွာ အခြေချ နေထိုင်ခဲ့သူများစာရင်းကောက်ယူစဉ်က ၎င်းဧရိယာအတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့သော ယာအားလုံး ကို စာရင်းကောက်ယူခြင်းမရှိခဲ့ပါကြောင်းနှင့် ကျူးကျော်တောင်သူများနှင့် ဖြစ်ပွားခဲ့သည့် ပြဿနာ များကို ကုမ္ပဏီကပင် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း။

သို့ပါ၍ ကနီမြို့နယ်၊ ပေါက်အင်းတောင်ကြိုးဝိုင်းအတွင်းမှာ အကျဉ်းဦးစီးဌာန၏  ပုဂ္ဂလိက သစ်မာ စိုက်ခင်း ၁၀၀ ဧကနှင့် တင်ဝင်းထွန်းကုမ္ပဏီ၏ ကြက်ဆူနှင့်သီးနှံရောနှောစိုက်ပျိုးမြေ ၃၁၀၀ ဧကသည် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် နည်းလမ်းတကျ တရားဝင်ခွင့်ပြုခဲ့ပြီးဖြစ်သည့်အတွက် ကုမ္ပဏီ၏ ကြက်ဆူစိုက်ပျိုးခွင့်ရ ဧရိယာအတွင်း ကျူးကျော် တောင်သူလုပ်ကိုင်ခြင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီမှ အမှန်တကယ်စိုက်ပျိုးနိုင်မည့် မြေဧရိယာ(ဧက)၊ ကျူးကျော်ဧရိယာများ စာရင်းနှင့် ၎င်းကျူးကျော်ဧရိယာများကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများအဖြစ်စည်းရုံး နိုင်မည့်အခြေအနေများကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောဧရိယာ စုစုပေါင်း ၃၈၅၂၆၇ ဧရိယာဧကရှိပြီး ပယ်ဖျက်ပေးခဲ့သည့် ဧရိယာ ၄၈၁၄၀.၁၃ ဧက၊ ပုဂ္ဂလိကသစ်မာစိုက်ခင်း တည်ထောင်သည့်အတွက် ခွင့်ပြုဧရိယာ ၆၇၀ ဧက၊  ကျူးကျော်(လယ်/ယာ/ အခြားမြေ) အသုံးချမှု ၁၀၅၀၉.၇၂ ဧကနှင့် ရော်ဘာ/ကြံနှင့် အခြားသီးနှံစိုက်ပျိုးသည့် ဧရိယာ့  ၃၂၀၀ ဧကဖြစ်ပါကြောင်း။

ကနီမြို့နယ်၊ ပေါက်အင်းတောင်ကြိုးဝိုင်းကို  ၃၀-၉-၁၉၂၇ ရက်စွဲပါစာအမှတ်၊ ၂၄၆ နှင့် စတင်ဖွဲ့စည်းပြီး ဧရိယာအားဖြင့် ၂၉၆၅၈ ဧကဖြစ်ကာ ကြိုးဝိုင်းအတွင်း ဖြတ်သန်း သွားလာ ခွင့်သာ ခွင့်ပြုပြီး အခြား အခွင့်အရေးများကို ပေးအပ်ထားခြင်းမရှိပါကြောင်း။ ပေါက်အင်းတောင် ကြိုးဝိုင်းအတွင်း ကျူးကျော်လုပ်ကိုင်သူများသည် ၁၉၉၈-၉၉ ခုနှစ်ကစတင် လုပ်ကိုင်ကြ သူများဖြစ်ပါကြောင်း။

ပြည်သူလူထု၏ လူမှုစီးပွားရေးနှင့်လူမှုရေး၊ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် သစ်တော်ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း  နှစ်ကာလ အတိုင်း အတာတစ်ခုအတွင်း ကျူးကျော်အခြေချ ရွာစု၊ အိမ်ထောင်စုများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ၂၀-၂-၂၀၁၃ ရက်နေ့မှ  ၂၅-၃-၂၀၁၃ ရက်နေ့ အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ပေါက်အင်းတောင်ကြိုးဝိုင်းရှိ လက်ရှိဧရိယာသည် ၂၉၆၅၈ ဧကဖြစ်ပြီး ပုဂ္ဂလိကသစ်မာစိုက်ခင်းတည်ထောင်ခွင့်ပြုသည့် ဧရိယာသည် ၆၇၀ ဧက၊ တင်ဝင်းထွန်း ကုမ္ပဏီ၏ ကြက်ဆူစိုက်ဧရိယာ ၃၁၀၀ ဧက၊ ပုဂ္ဂလိက သစ်မာစိုက်ခင်း ၁၀၀ ဧက၊ အိမ်ခြေ ၅၀ အောက် ပြန့်ကျဲနေသည့် အိမ်စု/ရွာစုကျေးရွာဧရိယာ ၁.၃၁ ဧကနှင့် ကြိုးဝိုင်း အတွင်း နေထိုင်မှု မရှိသော် လည်းဘဲ နီးစပ်ရာကျေးရွာများမှ ဝင်ရောက်ကျူးကျော်ယာ  ၂၆၁၉.၂ ဧက ရှိပြီး ကျေးရွာဧရိယာ ၁.၃၁ ဧကအား သစ်တောမြေမှ ပယ်ဖျက်ပေးမည်ဖြစ်ပြီး ယာမြေ ၂၆၁၉.၂ ဧကကို ဒေသ ခံ ပြည်သူ အစု အဖွဲ့ပိုင် သစ်တော လုပ်ငန်းများ တည်ထောင်ပေးမည်ဖြစ်ပါကြောင်း။

ကနီမြို့နယ်၊သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ အတွင်း နှစ်ကာလ အတိုင်းအတာတစ်ခုအထိ ကျူးကျော်အခြေချနေထိုင်ခဲ့သော ရာစုနှင့်အိမ်ထောင်စု များကို သစ်တော မြေအဖြစ်မှ ပယ်ဖျက်ပေးသည့် အဆင့်များအတိုင်း ရွာမြေ၊လယ်မြေ၊သာသနာမြေ၊အများပိုင် မြေများကို သစ်တော မြေကအဆင့်ဆင့်ပယ်ဖျက်ပေးမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ပယ်ဖျက်ပြီး ပါက ပြည်ထဲရေး ဝန်ကြီးဌာ နနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က မြို့၊ ရွာတိုးချဲ့ပြင်ဆင်ဖွဲ့စည်းရေး အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးထွန်းထွန်းနိုင်(ကနီ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မြေဂရန် နှစ် ၃၀ ချထားမှုသည် ဥပဒေလုပ်ထုံးလုပ်နည်းတွေညီညွတ်သည်ဟူ၍ ဖြေကြားခဲ့သော်လည်း  သစ်တော်ဥပဒေပုဒ်မ ၁၂ အရ မည်သူမဆို သစ်တောနယ်မြေနှင့် သစ်တော ဖုံးလွှမ်းလျက်ရှိသည်‌့ အစိုးရက စီမံခန့်ခွဲလျက်ရှိသော မြေအတွင်း (က) ဖွံ့ဖြိုရေးလုပ်ငန်း သို့မဟုတ် စီးပွားရေးစီမံကိန်းလုပ်ငန်း တစ်ရပ်ရပ်ကိုလုပ်ကိုင် ဆောင်ရွက်လိုလျှင် သစ်တောရေးရာဝန်ကြီး ဌာန၏ သဘောတူညီချက်ကို ကြိုတင်ရယူရမည်ဟု အတိအလင်း ဖော်ပြထားပါကြောင်း၊စာချုပ်တွင် ကြက်ဆူပင် ၃၂၀ ဧကလုံးလုံး စိုက်ပြီး၍ ချပေးသည်ဟု မညီမညွတ်ဖော်ပြထားပါကြောင်း၊ စည်းကမ်း ချက် နံပါတ်(၅)တွင် ကြက်ဆူ စိုက်ပျိုးရန် ခွင့်ပြုသည့်မြေအတွက် အခြားသီးနှံပင် များ ပြောင်းလဲ စိုက်ပျိုးရန် မပြုရဟု အတိအလင်းပါရှိသည့်အတွက်  သစ်တော ဥပဒေနှင့် လုံးဝညီညွတ်သော စာချုပ်မဟုတ်သည့်အပြင် စာချုပ်တွင်လည်း စည်းကမ်း ချက်များနှင့် ကိုက်ညီမှုမရှိပါကြောင်း၊ နံပါတ်(၁၄) အရ ဖော်ပြပါစည်းကမ်းချက်တစ်စုံတစ်ရာကို ချိုးဖောက်ပါက စာချုပ်အားဖျက်သိမ်း ၍ မြေကို သိမ်းယူခြင်းခံရမည်ဟု ရေးသား ထားသည့် အတွက် စီမံကိန်းကို ဂရန်ချထားမှုကို တရားဝင် အသက်သွင်းရန် ပုံစံမျိုး သက်ရောက်သည့် အဖြစ်မျိုးများ မဖြစ်ပေါ်စေချင်ပါကြောင်း ဆက်စပ် မေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း

ကြက်ဆူစိုက်ခင်းနှင်‌့ ပတ်သက်ပြီး ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့ခြင်းဖြစ်သည့်အတွက်  မိမိတို့ အနေဖြင့် စာရင်းကောက်ယူထားသည့် စာရင်းနှင့် မှတ်တမ်းကို သိမ်းဆည်းထားပါကြောင်းနှင့်  လိုအပ် ပါက တရားစွဲဆိုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။