မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံသဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၏ အစီရင်ခံစာ အရ မြန်မာ့သစ်တောဖုံးလွှမ်းမှုဟာ ၂၀၀၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းရှိရာမှ ၂၀၀၈ ခုနှစ်တွင်၂၄ ရာခိုင်နှုန်းအထိ လျှော့ကျခဲ့သည်ကို ဖော်ပြပါရှိပါကြောင်း၊ ၇-၉-၂၀၁၅ ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အာဖရိကနိုင်ငံ ဒါဗင်တွင် ကျင်းပသော ကမ္ဘာ့သစ်တောကွန်ဂရက်တွင် မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှု အများဆုံးစာရင်း အဆင့်(၃) နေရာတွင် ရပ်တည်လျက်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှုများမှာ အန္တရာယ် အဆင့်ကို ကျရောက်နေပြီဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်မှ စတင်ကြုံတွေ့ရသော ရေလွှမ်းမိုးမှုဖြစ်စဉ် များသည် သစ်တောပြုန်းတီးမှုများကြောင့် ဖြစ်ပါကြောင်း၊
ပုဂ္ဂလိကသစ်ကုမ္ပဏီများကို သစ်ခုတ်ခွင့်၊ သစ်ထုတ်လုပ်ခွင့်နှင့် ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ပမာဏထက်များစွာ ပိုမိုထုတ်လုပ်ခြင်း၊ မြေငှားရမ်းခ၊ ဆင်ငှားရမ်းခ၊ သစ်လုံးခွဲ ငွေပေးသွင်းရန်ကြွေးကျန်များ များနေခြင်း၊ အမြတ်ဝေစုများ မပေးသွင်းခြင်း၊ အခွန်ရှောင်ခြင်း၊ သစ်ထုတ်လုပ်ရေးစရိတ်များ ကြိုတင်ရယူခြင်းစသည့် အချက် များကြောင့် နိုင်ငံတော်အနေဖြင့် သယံဇာတတွေဆုံးရှုံးပြီး ထိုက်သင့်သည့် အကျိုးအမြတ်မရရှိသည်ကို တွေ့ရှိရပါကြောင်း၊ တရားမဝင်သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ လန်ဒန် အခြေစိုက် Global Wageness အစီရင်ခံစာအရ ၂၀၀၄ ခုနှစ်မှာ မြန်မာသစ် ကုဗတန် ကုဗမီတာ တစ်သန်းကျော် မြန်မာပြည်မြောက်ဖျားမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို တရားမဝင် တင်ပို့ခဲ့သည်ကို သိရပါကြောင်း၊ ယင်းပမာဏသည် တရုတ်ကို တင်ပို့သည့် သစ်ပမာဏ၏ ၉၅ ရာခိုင်နှုန်းရှိပါကြောင်း၊ ၂၀၀၅ ခုနှစ် အစီရင်ခံစာတွင်လည်း ၂၀၀၅ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်ကို တရားမဝင် တင်ပို့သည့် သစ်တန်ချိန်ပေါင်း ၁ ဒသမ ၅ သန်းရှိပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၀ တန်ဖိုးရှိသည်ဟု သိရပါကြောင်း၊ မြန်မာနိုင်ငံ၏ တရာမဝင်တင်ပို့သည့် သစ်များသည် တရုတ် နိုင်ငံယူနန်ပြည်နယ်ကို ကုန်းလမ်းဖြင့် ပို့ဆောင်ခြင်း ဖြစ်ပါကြောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ တင်ပို့သည့်သစ်ပမာဏ၏ ၈၈ ရာခိုင်နှုန်းသည် အဆိုပါလမ်းကြောင်းမှ ဝင်ရောက်ခြင်းဖြစ်ကြောင်း တရုတ်အကောက်ခွန်မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ယင်းတို့ဖြင့် ၇၅ ရာခိုင်နှုန်းသည် ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယူနန်လက်အောက်ခံ ခရိုင် ၃ ခုမှ ဖြတ်သန်း ဝင်ရောက်ခြင်းဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံတွင် တရားမဝင် သစ်ခိုးထုတ်ခြင်းသည် ပျမ်းမျှအားဖြင့် တစ်စီးကို ၁၅ တန်ခန့် တင်ဆောင်ထားသည့် သစ်လုံးတင် ထရပ်ကားကြီးများသည် တရုတ်နိုင်ငံဘက် စစ်ဆေးရေး ဂိတ်များကို ခုနစ် မိနစ်ကို ကားတစ်စီးနှုန်းကျဖြင့် ၂၄ နာရီပတ်လုံး၊ တစ်နှစ်ပတ်လုံး အမြဲတမ်းဖြတ်သန်း ဝင်ရောက် နေသော်လည်း မည်သူမျှ အရေးယူဆောင်ရွက်ခြင်းမရှိဟု Global Wageness က ထုတ်ဖော်ပြောကြား ပါကြောင်း၊ ထို့ကြောင့် အဆိုပါ တရားမဝင် သစ်လုံးတင်ပို့ရောင်းချမှုများသည် တရုတ်ကုမ္ပဏီများ၊ တရုတ်ဒေသခံအာဏာပိုင်များ၊ သစ်တောဌာန တာဝန်ရှိသူများ၊ ဒေသခံ တပ်မတော်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ပတ်သက် နေကြောင်းလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကကုမ္ပဏီများကို သစ်ခုတ်ခွင့်၊ သစ်ထုတ်လုပ် ခွင့် ရပ်ဆိုင်းရန် အစီအစဉ်ရှိ/မရှိနှင့် တရားမဝင် သစ်ခိုးထုတ်နေခြင်းကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာ့သစ်တောမူဝါဒနှင့်အညီ သစ်တောသယံဇာတ အရင်းအမြစ်များကို ရေရှည်တည်တံ့နိုင်ရေးအတွက် သစ်တောပြုစု ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေ ရရှိရေး အတွက် သစ်နှင့် သစ်တောထွက် ပစ္စည်းများကို ထုတ်လုပ်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ၏ သဘာဝသစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်ရန် ခရိုင်သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်းများကို ၁၉၂၀ ခုနှစ်မှစပြီး ရေးဆွဲခဲ့ရာ ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ် အထိ ၁၀ နှစ်ကာလအတွင်း ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း ၆၈ ခရိုင် ရေးဆွဲ အတည်ပြုပြီးဖြစ်ပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သယံဇာတပစ္စည်းများ၊သယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် တရားမဝင်သစ်ခိုးထုတ်လုပ်မှုကို လျော့ချရန်ရည်ရွယ်ပြီး ပြည်ပသို့သစ် အလုံး လိုက် တင်ပို့ခြင်းကို ၁-၄-၂၀၁၄ ရက်နေ့ ကစပြီး Lost Export Bank ကို ရပ်ဆိုင်းခဲ့ပါကြောင်း၊
လက်ရှိ ပြည်သူများတင်မြှောက်ထားသည့် အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် သစ်တောသယံဇာတရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေး ပွဲကို ရန်ကုန်မြို့ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်တော်ဝင်ခန်းမ၌ ၂၀၁၆ ခုနှစ်၊ မေလ ၂၄၊ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်သော မာတီဆိပ် ဟိုတာများ၏ ဖော်ထုတ်မှု ရလဒ်အရ ပြည်ထောင်စုဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်ရမည့်အစီအစဉ်များမှာ (၁) ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစပြီး ကျွန်းနှင့်သစ်မာထုတ်လုပ်မှုများ လုံးဝရပ်နားရန်၊ (၂) ရှေ့လာမည့်နှစ်များတွင် သတ်မှတ်ထားသည့် နှစ်စဉ်တောထွက် AAC အောက် လျော့ချထုတ်ယူသွားရန်၊ (၃) ထိုသို့ထုတ်လုပ်ရာတွင် မြန်မာ့သစ်လုပ်ငန်း၏ ဝန်ထမ်းအင်အား စက်ယန္တရားနှင့် သင့် အင်အားတို့ကို အခြေခံပြီး ဌာနမှထုတ်လုပ်နိုင်သည့် ပမာဏကိုသာ ချင့့်ချိန်ထုတ်လုပ်သွားရန်၊(၄) ယခင်က ပုဂ္ဂလိက ကုမ္ပဏီများကို ကိုယ်စားထုတ်လုပ်မှု ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် မြန်မာ့သစ်လုပ်ငန်း မှသာ သစ်ထုတ်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (၅) မြန်မာ့ကျွန်းသစ်မူရင်းဒေသဖြစ်သည့် ပဲခူးရိုးမကို သစ်ထုတ်လုပ်ခြင်းလုပ်ငန်းကို ၁၀ နှစ်ရပ်ဆိုင်းပြီး သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၃-၆-၂၀၁၆ ရက်နေ့က နိုင်ငံတော်သမ္မတရုံးကို တင်ပြထားပါကြောင်း၊
သစ်တောသယံဇာတရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲရလဒ်အရ ၂၀၁၆-၂၀၁၇ တွင် သစ်ထုတ်လုပ်ငန်းကို ရပ်ဆိုင်းထားကြောင်းကိုလည်း သတင်းမီဒီယာများနှင့် အများပြည်သူများ အမြင် ရှင်းလင်းစေရေး၊ဝန်ကြီးဌာနအပေါ် ယုံမှားသံသယမဖြစ်စေရေးအတွက် ယခုအခါ စိုက်ပျိုးမြေများ အပြောင်းရှင်း ထုတ်လုပ်မည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး သစ်ပင်ခုတ်လှဲရန် မလိုအပ်သော နေရာများ၌ သာ စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုရန်နှင့် သစ်တောဖုံးလွှမ်းမှုရှိပြီး သစ်ထုတ်လုပ်ရန်လိုအပ်သည့် မြေနေရာများကိုသာ မြေနေရာများတွင် ခွင့်မပြုရန် ချမှတ်ပြီး ကျင့်သုံးလျှက်ရှိပါကြောင်း၊
ထိုသို့ ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ် သယ်ဆောင်မှုများကိုလည်း (၁) စီမံချက်ချမှတ်ဖမ်းဆီးခြင်းနည်းလမ်း၊ (၂) သတင်းရယူ စုံစမ်းဖော်ထုတ် ဖမ်းဆီးခြင်း၊(၃) မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖမ်း ဆီးခြင်းနည်းလမ်း (၄) ပုံမှန်အစီအစဉ်ဖြင့် ဖမ်းဆီးခြင်းနည်းလမ်း (၅) ပြည်ပကိုခိုးယူသယ်ဆောင်နိုင်သည့်လမ်းကြာင်းများမှာ ပိတ်ဆို့ ဖမ်းဆီးခြင်း နည်းလမ်း စသည့်နည်းလမ်း ၅ သွယ်နှင့် စုံစမ်းဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊
သစ်ဖမ်းဆီးမိခဲ့သည့်များနှင့်ပတ်သက်ပြီး ၂၀၀၀-၂၀၀၁ မှ ၂၀၁၅-၂၀၁၆ အထိ (၁၆) နှစ်ကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြားအသားစုစုပေါင်း ၆၃၀၉၉၉.၉၇ တန်၊ တရားခံ ၁၀၀၉၄၃ ဦး၊ ယန္တရားပေါင်း ၁၃၉၅၆ စီးတို့ကို ဖမ်းဆီးရရှိခဲ့ပြီး အရေးယူခဲ့ပါကြောင်း၊ ယခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဧပြီလမှ သြဂုတ်လကုန် အထိ ကျွန်း၊ သစ်မအခြားစုစုပေါင်း ၁၉၁၀၈.၃၁၃၅ တန်၊ တရားခံ ၃၃၁၆ ဦး၊ ယာဉ်ယန္တရား ၉၉၂ စီးတို့ကို ဖမ်းဆီးခဲ့ပြီး ဆက်လက်၍လည်း အရှိန်အဟုန်တိုးမြှင့်ပြီး ဖမ်းဆီးသွားမည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံမြစ်ဖျား ကချင်ပြည်နယ်နှင့် အရှေ့ဘက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်စပ်ချင်း ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ နယ်မြေအေးချမ်းမှုမရှိခြင်းတို့ကြောင့် တရားမဝင် သစ်နှင့် သယံဇာတခိုးထုတ်မှုများ ဖြစ်ပွားလျက်ရှိပါကြောင်း၊ကချင်ပြည်နယ်အတွင်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သယ်ယူမည့် တရားမဝင်သစ်များကို ပိတ်ဆို့ဖမ်းဆီးခဲ့ပါကြောင်း၊ ၂၀၀၀-၂၀၀၁ မှ ၂၀၁၅-၂၀၁၆ အတွင်း တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြားသစ်အားလုံး ၁၃၆၈၂၅၅၄ တန်၊ တရားခံ ပေါင်း ၄၃၀၃ ဦး၊ ယာဉ်ယန္တရားပေါင်း ၄၇၀၄ စီးတို့ကို ဖမ်းဆီးခဲ့ပါကြောင်း၊ယခုနှစ် ၂၀၁၆-၂၀၁၇ ဧပြီလမှ သြဂုတ်လ ကုန်အထိ တရားမဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်များကို ၁၉၃၉.၈၆၁၃ တန်၊ တရားခံ ၁၁၇ ဦး၊ ယာဉ်ယန္တရား ၁၀၄ စီးတို့ကို ဖမ်းဆီးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊
လုံခြုံရေးကန့်သက်ချက်ရှိသည့် နယ်စပ်ထွက်ပေါက်များမှ တရားမဝင်သစ်ခိုးမှုများနှင့် ပတ်သက်ပြီး တပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်းကာ ဖမ်းဆီးဆောင်ရွက်သွားခြင်းများ ပြုလုပ်သွားမည့်အပြင် လုံခြုံရေးကန်သတ်ဧရိယာကို မရောက်မီ ဆက်စပ်ဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးတာဝန်ယူရသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပိတ်ဆို့ဖြတ်တောက် ဖမ်းဆီးသွားမည်ဖြစ်ပါကြောင်းနှင့် တရားမဝင် သစ်တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့များကို တွဲဖက်ပြီး အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး သတင်းရရှိရေး၊ ဖော်ထုတ်ဖမ်းဆီးအရေးယူရေး၊ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ရေးနှင့် ထိရောက်သော ပြစ်ဒဏ်များကို ချမှတ်နိုင်ရေးအတွက် ဆက်စပ်ဌာန များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရားစီရင်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကာကွယ်တားဆီးဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
