မေးခွန်း အကြောင်းအရာ
ဒဂုံမြို့သစ်(တောင်းပိုင်း) မြို့နယ်သည် လူဦးရေအားဖြင့် ၃၇၃၇၃၈ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဒုတိယလူဦးရေ အများဆုံးဖြစ်ပါကြောင်း၊ အသက် ၁၈ နှစ်မှ ၅၉ နှစ် အထိ ၂၁၆၈၉၇ ဦးရှိပြီး အလုပ်လုပ်နိုင်စွမ်းနှင့် နည်းပညာတတ်ကျွမ်းလိုသူ၊ သင်တန်းတက်လိုသူ ၁၉၁၉၅၄ ဦးရှိပါကြောင်း၊ထို့ပြင် မြို့နယ် အတွင်း နေထိုင် ကြသော ပြည်သူ များသည် လယ်ယာလုပ်ငန်းကို ကျွမ်းကျင်ခဲ့သော်လည်း လယ်ယာမြေသိမ်းဆည်းခံရမှုကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ကြုံရာကျပန်းအလုပ်လုပ် နေရပါကြောင်း၊ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ အလုပ်အကိုင်၊ အိမ်ရာအတည်တကျရှိသည့် သူများကို ပြောင်းရွှေ့ပြီး နေထိုင်စေခြင်းအားဖြင့် မူလအလုပ်အကိုင်များ လက်လွတ်ဆုံးရှုံး ခဲ့ရသည့်အတွက် စားဝတ် နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းအများစု လိုအပ်နေသည့်မြို့လည်း ဖြစ်ပါကြောင်း၊
ထို့အပြင် နိုင်ငံတော်၏ စီးပွားရေးကြပ်တည်းမှုကြောင့်လည်းကောင်း၊ မိသားစုစားဝတ်နေရေးနှင့် ပညာရေးနည်းစနစ် အမျိုးမျိုးပြောင်းလဲမှုကြောင့် ကျောင်းထွက်ခဲ့ကြရသည့် လူငယ်များသည်လည်း ဆက်လက်ပညာသင်ကြားနိုင်ရန် အခွင့်အလမ်းများ ဆုံးရှုံးနေရပါကြောင်း၊ ၂၀၁၅-၁၆ စာရင်းအရ စက်မှုဇုန်အမှတ် (၁) တွင် စက်မှုလက်မှုလုပ်ငန်းပေါင်း ၁၄၁ ခု၊ စက်မှုဇုန် (၂) တွင် ၆၆၁ ခု၊ စက်မှုဇုန် (၃) တွင် ၄၁၁ ခု၊ စက်မှုဇုန်ပြင်ပတွင် စက်မှုလက်မှုလုပ်ငန်းပေါင်း ၁၁၁ ခု၊ ဒဂုံ (အရှေ့ပိုင်း) စက်မှုဇုန်တွင် ၄၄ ခု စုစုပေါင်း စက်မှုလက်မှုလုပ်ငန်းပေါင်း ၁၃၆၈ ခုရှိပါကြောင်း၊ ထို့အပြင် သန်လျင် သီလဝါအထူးစက်မှုဇုန် လည်း တည်ဆောက်လျက်ရှိနေသဖြင့် ကျွမ်းကျင်ဝန်ထမ်းများလည်းများစွာ လိုအပ်လာမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အထောက်အကူပြုစေရန်နှင့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်ရေး၊အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအထောက်အကူပြုစေရန် အသက်အရွယ်အလိုက်၊ ပညာအရည်အချင်းအလိုက် မည်သူ မဆို သင်ယူတတ်မြောက်စေမည့် နည်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပေးပါရန်နှင့် ဖွင့်လှစ်ပေးမည်ဆိုပါကလည်း မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနအောက်ရှိ အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) အား ဂျာမနီနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့် ၁၉၇၉ ခုနှစ်တွင်လည်းကောင်း၊ အမှတ်(၂) စက်မှု သင်တန်းကျောင်း (မန္တလေး) အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ နည်းပညာအထောက်အပံ့ဖြင့် ၂၀၀၈ ခုနှစ်တွင်လည်းကောင်း၊ အမှတ် (၃) စက်မှု သင်တန်းကျောင်း (သာဂရ) အား ကိုရီးယား သမ္မတနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့် ၂၀၀၉ ခုနှစ် တွင်လည်းကောင်း၊ အမှတ် (၄) စက်မှု သင်တန်းကျောင်း (ပခုက္ကူ) အား အိန္ဒိယနိုင်ငံ နည်းပညာအထောက်အပံ့ဖြင့် ၂၀၁၀ ခုနှစ်တွင် လည်းကောင်း၊ အမှတ် (၅) စက်မှု သင်တန်းကျောင်း (မကွေး) အား ကိုရီးယားသမ္မတနိုင်ငံ၏ နည်းပညာဖြင့် ၂၀၁၁ ခုနှစ်တွင်လည်းကောင်း၊ အမှတ်(၂) စက်မှုသင်တန်း ကျောင်း (မြင်းခြံ) အား အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ၂၀၁၃ ခုနှစ်တွင်လည်းကောင်း တစ်နှစ်သင်တန်းကာလအဖြစ် ဖွင့်လှစ်ပေးခဲ့ပြီး နှစ်စဉ်ကျွမ်းကျင်လုပ်သား ၁၀၀၀ ကျော် မွေးထုတ်ပေးလျက်ရှိပါကြောင်း၊
စက်မှုသင်တန်းကျောင်းများတွင် ဘာသာရပ်များကို စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့်လက်တွေ့ ၇၀ ရာခိုင်နှုန်း သင်ကြားပေးလျက်ရှိပြီး ယခုအချိန်အထိ သင်တန်းဆင်းဦးရေ ၇၇၅၆ ဦးအား လေ့ကျင့်မွေးထုတ်ပေးခဲ့ ပြီးဖြစ်ပါကြောင်း၊ သင်တန်းဆင်းများအနက် စက်မှုဝန်ကြီးဌာနတွင် ၂၈၀၄ ဦး၊ အခြားဝန်ကြီးဌာနများတွင် ၆၄၈ ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံနှင့် ပြည်ပနိုင်ငံများတွင် ၃၄၀၉ ဦးတို့ အလုပ်လုပ်ကိုင်လျက် ရှိကြပါ ကြောင်း၊ စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်လျက်ရှိသည့် တစ်နှစ်သင်တန်းများ အသက် ၁၇ နှစ်မှ ၂၅ နှစ် အတွင်းရှိ တက္ကသိုလ်ဝန်ထမ်းသင်ယူသူ၊ ဖြေဆိုဖူးသူ၊ စက်မှုဝါသနာပါသူ မြန်မာနိုင်ငံသား ကျား/မ မရွေး တက်ရောက်နိုင်ခွင့်ရှိပါကြောင်း၊
စက်မှုဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စက်မှုဇုန်လုပ်သားများ၏ ကျွမ်းကျင်မှုအဆင့် မြင့်မားစေရေးအတွက် ကုန်ထုတ်စွမ်းအား မြင့်တင်စေရေးကို ရည်ရွယ်ပြီး စက်မှုသင်တန်းကျောင်းများ၌ Mobile Vocational Training Unit များ စုဖွဲ့ထားရှိပြီး အိမ်သုံးလျှပ်စစ်သွယ်တန်းခြင်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင် ထိန်းသိမ်းခြင်း ဘာသာရပ်များ၊ အခြေခံသံဂဟေဆက်ဘာသာရပ်၊ အသေးစားအင်ဂျင်နှင့် မော်တော် ဆိုင်ကယ်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ စက်ရုံလျှပ်စစ်သွယ်တန်းခြင်း ဘာသာရပ် လျှပ်စစ်မော်တာနှင့် Generator ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်များကို လက်တွေ့ ၈၀ ရာခိုင်နှုန်း၊ စာတွေ့ ၂၀ ရာခိုင်နှုန်းဖြင့် စက်မှုနှင့်အသက်မွေး ပညာရွေ့လျားသင်တန်း (Mobile Vocational Training) အဖြစ် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် စက်မှုဇုန်များ၌ ဖွင့်လှစ်ပေးရန် ညှိနှိုင်းလာပါက ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ခဲ့သော ရွေ့လျားသင်တန်းလေးကြိမ်မှာ ရွှေပြည်သာ စက်မှုဇုန်၌ သင်တန်းသား ၅၀ ဦးဖြင့်လည်းကောင်း၊ လှိုင်သာယာစက်မှုဇုန်၌ သင်တန်းသား ၁၂၅ ဦးဖြင့်လည်းကောင်း၊ ရွှေလင်ပန်းစက်မှုဇုန်၌ သင်တန်းသား ၅၁ ဦးဖြင့်လည်းကောင်း၊ ဒဂုံ(အရှေ့ပိုင်း) စက်မှုဇုန်၌ သင်တန်းသား ၁၂၃ ဦးဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။ ထို့အပြင် စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း အမှတ်(၃၅)၌ လျှပ်စစ်ကျွမ်းကျင်မှု အခြေခံ သင်တန်း၊ ဘွိုင်လာကိုင်တွယ်သူများသင်တန်း၊ဌာနအတွင်း လျှပ်စစ်စစ်ဆေးရေးသင်တန်း၊ ကျွမ်းကျင် မှုသင်တန်းများ နှစ်စဉ်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသကဲ့သို့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့်လည်း အလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အထောက်အကူ ပြုစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့၌ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း တစ်ကျောင်းစီ ဖွင့်လှစ်ထားရှိပြီး အခြေခံဂဟေ ဆက်သင်တန်း၊ အခြေခံပိုက်ဆက်သင်တန်း၊ အခြေခံလျှပ်စစ် သင်တန်း၊အခြေခံ တွင်ခုံသင်တန်း၊TIG ဓာတ်ငွေ့ဂဟေဆက်သင်တန်း၊ ကြီးကြပ်ရေးသင်တန်း၊ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရေးသင်တန်း၊နည်းပြလေ့ကျင့်ရေး သင်တန်း၊ ညွှန်ကြားရေးပြသမှု နည်းစနစ်သင်တန်း၊ စစ်ဆေးမှု သင်တန်း၊ ကျွမ်းကျင်မှုစံ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း သင်တန်းနှင့် မလေးရှား၊ ကိုရီးယားနိုင်ငံများဆိုင်ရာ လုပ်ငန်းခွင့် အကြိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊
ပညာရေးဝန်ကြီးဌာန၊ နည်းပညာနှင့်သက်မွေးပညာ ဦးစီးဌာနအနေဖြင့်လည်း တိုင်းဒေသကြီး/ ပြည်နယ်များ၌ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အထက်တန်းကျောင်း များနှင့် ပုံမှန် AGTI Diploma သင်တန်းများ၊ GTHS သင်တန်းများနှင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကာလတိုနည်းပညာနှင့် သက်မွေးပညာဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိနေပါကြောင်း၊ ဒဂုံသင်တန်းကျောင်းအသစ် တစ်ခုဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာနှင့် အဆောက်အဦ၊ ရေ၊ မီးစသည့် Infrastructure များ လိုအပ်ခြင်း သင်ကြားပေးမည့် ဆရာ/မများနှင့် အုပ်ချုပ်မှု စီမံခန့်ခွဲမှုကိစ္စများ ဆောင်ရွက်ရမည့်ဝန်ထမ်းများလိုအပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ လိုအပ်ခြင်း၊ ထို့အပြင် နှစ်စဉ် ဘတ်ဂျက်လျာထားရန် လိုအပ်ခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် နည်းပညာသင်တန်းကျောင်း အသစ်များဖွင့်လှစ်ရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်းနှင့် အခြားရွေ့လျားစက်မှုနှင့် သက်မွေးပညာ Vocational Training များ ရရှိလိုပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါကြောင်း၊ HRD Human Resources Development လူ့စွမ်းအားအရင်းအမြစ် သင်တန်းများအပြင် Skill Development သင်တန်းများကိုလည်း ဆက်လက်ပြီး သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများမှ ရရှိလာမည့် အကူအညီများနှင့် ဆက်လက်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးအေးနိုင် (ဒဂုံမြို့သစ်(တောင်ပိုင်း)) ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နည်းပညာသင်ကြားရေးကို အလွယ်တကူသင်ကြားနိုင်ရန်အတွက် အမှန်တကယ်လိုအပ်သည့် ဒေသများတွင် လွယ်ကူစွာသင်ကြား တတ်မြောက်စေခြင်းဖြင့် နံပါတ်(၁) ပြည်သူများနှင့်လူငယ်များ နည်းပညာတတ်ကျွမ်းစေခြင်း၊(၂) နည်းပညာတတ်ကျွမ်းမှုအရ အလုပ်အကိုင်အခွင့်အလမ်းများရစေခြင်း၊ နံပါတ်(၃) စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ကိုလည်း အထောက်အကူဖြစ်စေမည် ဖြစ်သည့် အတွက် ဝန်ကြီးအနေဖြင့် မိမိတို့ဒေသကို ကွင်းဆင်းစစ်ဆေးပြီး နည်းပညာသင်တန်းကျောင်း ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိထပ်မံပြီး စဉ်းစားပေးစေလိုပါကြောင်း၊ ထပ်မံမေးခွန်းမေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
စက်မှုဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာစက်မှုဇုန် အသီးသီးတွင် အထူးသဖြင့် လှိုင်သာယာစက်မှုဇုန်တွင် စက်မှုသင်တန်းကျောင်းများ တည်ဆောက်ထားခြင်းမရှိပါကြောင်း၊ သို့သော်လည်း မိမိတို့တွင် Mobile Vocational Training Center အဖြစ် Mobile ကားကြီးဖြင့် သက်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ သယ်ဆောင်ပြီး စက်မှုဇုန်အရောက် သင်ကြားပို့ချပေးလျက်ရှိနေပါကြောင်း၊ ယခုလို Mobile Vocational Training Center နှင့် သင်ကြားပို့ချနိုင်သည့် ဘာသာရပ်များလည်း လက်တွေ့တွင် အမှန်တကယ်အသုံးကျသည့် လျှပ်စစ်ဆိုင်ရာသင်တန်း၊ အိမ်တွင်းမှုလျှပ်စစ် လုံခြုံစိတ်ချမှုသင်တန်း၊ Welding သင်တန်း၊ စက်ပြင်သင်တန်းစသည့် သင်တန်းအသီးသီးကို သင်ကြားပို့ချပေးခြင်းဖြစ်သည့် အတွက် လှိုင်သာယာစက်မှုဇုန် ဥပမာအရကြည့်ရလျှင် လွန်စွာပြည့်စုံလုံလောက်သည့်အတွက် မိမိတို့ သတ်မှတ်ထားသောအကြိမ် နှစ်ကြိမ်သင်တန်းအပြင် နောက်ထပ်နှစ်ကြိမ် ထပ်ပိုး၍ လေးကြိမ်အထိ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ထို့ကြောင့် ဆက်စပ်မေးခွန်းအနေဖြင့် မေးမြန်းထားသော လူ့စွမ်းအားအရင်းအမြစ်များ၊နောက်ပြီး Skill Development များ တိုးတက်ရန်အတွက် သက်ဆိုင်ရာ Mobile Vocational Training Center မှတစ်ဆင့် လတ်တလောအတွင်း အမြန်ဆုံး ထိထိရောက်ရောက် သင်ကြားပို့ချပေးနိုင်ပါကြောင်း ရှင်လင်းဖြေကြားပါသည်။
