(ဇ) - နဝဒေးစက်မှု ဇုန်တွင် စက်မှု လုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိသည့် မြေကွက်များကိုအစိုးရ အဖွဲ့မှစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက် ပြီးအမှန်တကယ်စက်ရုံအလုပ်ရုံများအဖြစ်လုပ်ကိုင် လိုသူများအား ချထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၁၂.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin soe soe kyiမိမိတို့နိုင်ငံသည် ယခုအချိန် နိုင်ငံရေးအခြေအနေများ ပြောင်းလဲတည်ငြိမ်လာပြီး မကြာမီ ငြိမ်ချမ်း‌ရေးသည် ရာနှုန်းပြည့် ရရှိလာတော့မည်ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပရှိ ရင်းနှီးမြှုပ်နှံလိုသူများသည် မိမိတို့နိုင်ငံကိုများစွာ စိတ်ဝင်စားပါကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများလည်း တိုးတက်လာပါကြောင်း၊ သို့သော်လည်း မျှော်လင့်ထားသလောက် လာရောက်ရင်းနှီးမြှုပ်နှံမှု မရှိသည့် အခြေခံအချက်များထဲတွင် အဓိကအချက်ဖြစ်သည့် မြေယာရှားပါးမှုသည်လည်း တစ်ချက်အပါအဝင်ဖြစ်နေသည်ကို တွေ့နိုင်ပါကြောင်း၊

ပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့နယ်သည် နိုင်ငံ၏ ဗဟိုအချက်အခြာနေရာတွင်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင် သည့် မြို့ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ ဌာနဆိုင်ရာအဆောက်အအုံများ၊ဌာနဆိုင်ရာများ ရုံးစိုက်သည့် နေပြည်တော်နှင့်လည်း ၅ နာရီ၊ ၆ နာရီခန့် ခရီးလမ်း ၃ လမ်းခန့်ပေါက် သည့် မြို့ဖြစ်ပါကြောင်း၊၎င်းအပြင် ရခိုင်ပြည်နယ်ကို ပြည်မမှ ကုန်းလမ်း ထွက်ပေါက်သည်လည်း ပြည်မြို့နယ်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များ၊ မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြို့များ၊ အနောက်ဘက်ကမ်းရှိ မြို့များ၊ မန္တလေး တိုင်းဒေသကြီးရှိ မြို့များနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါကြောင်း၊ ကုန်စည်စီးဆင်းမှုအတွက် လွယ်ကူသည့် မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ စပါး၊ ပဲအမျိုးမျိုး၊ ပြောင်း၊ ကြံ၊ ဝါ စသည့် စက်မှု ကုန်ကြမ်းသီးနှံများ များပြားစွာ ထွက်ရှိသည့် တိုင်းဖြစ်သည့်အတွက် မိမိတတို့၏ မြို့ကို ပြည်တွင်းပြည်ပ စက်မှုလုပ်ငန်းရှင်များ စိတ်ဝင်စားသည့်အပြင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရန် အတွက် ရေခံမြေခံကောင်းသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊

ထို့ကြောင့် ၁၉၉၂ ခုနှစ်တွင် ခေတ်တစ်ရာစက်မှုဇုန်ဟူ၍ စက်မှုဇုန်တစ်ခုကို တည်ထောင် အကောင်အထည်ဖော်ခဲ့ရာ ရာနှုန်းပြည့်နီးပါး စက်မှုလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်ကိုတွေ့နိုင် ပါကြောင်း၊ထိုသို့ ရေခံမြေခံကောင်းသော မြို့ဖြစ်သည့်အတွက် ၂၀၀၂ ခုနှစ်၊ ၂၀၀၃ ခုနှစ်တွင် နောက်ထပ် စက်မှုဇုန် (၂) ဆိုပြီး နဝဒေးစက်မှုဇုန်ကို အကောင် အထည်ဖော် ဆောင် ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ချိန်တွင် နဝဒေးစက်မှုဇုန်၌ ပေ ၁၀၀ ပတ်လည်ပါ မြေကွက်ပေါင်း ၃၂၄ ကွက်ကို စက်မှုလုပ်ငန်းလုပ်ရန်အတွက် ရှိပါကြောင်း၊ သို့သော် ထိုမြေကွက်များ အားလုံးမှ ၉၇ ကွက်သာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ အကွက် ၃၀ ကျော်သည် ခြံစည်းရိုးခတ်ခြင်း၊ ဂိုဒေါင်ဆောက်ခြင်းသာရှိပြီး မရောင်းချရသေးသော ချထားပေးခြင်း မရှိသည့် အကွက် ၉ ကွက် ရှိပါကြောင်း၊ ၎င်းတို့လေ့လာကြည့်ခြင်းအားဖြင့် နဝဒေးစက်မှုဇုန်အတွင်း၌ စက်မှုလုပ်ငန်းကို အကောင်အထည်ဖော် လုပ်ကိုင်ခြင်းမရှိသည့် မြေကွက်ပေါင်း ၁၈၇ ကွက်ရှိတာကို စက်မှု ကြီးကြပ်သည့်အဖွဲ့က မေးမြန်းသိရှိရပါကြောင်း၊

နိုင်ငံတော်က စတင်ပြီး ချထားပေးသည့်အချိန် ၂၀၀၃ ခုနှစ်တွင် ချထားပေးသည့် ဈေးနှုန်း သိန်း ၄၀ အကွက်၊ သိန်း ၅၀ အကွက်၊ အများဆုံး သိန်း ၇၀ သာရှိပါကြောင်း၊ သို့သော် ယခု ၁၀ နှစ်ကျော် ကာလကြာပြီးသည့် အချိန်တွင် မိမိတို့မြို့တွင် စက်မှုဇုန်၏ ပေ ၁၀၀ ပတ်လည် အကွက်များ ပေါက်ဈေးသည် သိန်း ၅၀၀ နှင့် ၁၀၀၀ ကြားတွင် ရှိနေပါကြောင်း၊ ယင်းမြေကွက်များကို ရယူထား သူများ သည် နိုင်ငံတော်အကျိုး စီးပွားအတွက် စက်မှုဇုန်တည်ထောင်ရခြင်း၏ ရည်ရွယ်ချယ်များကို လျစ်လျူရှုပြီး မြေကွက်များကို ဈေးကစားရန် ယူထားသလားဆိုသည်ကို မိမိတို့ စဉ်းစားစရာအချက်အနေဖြင့် စဉ်းစားရန်အချိန် ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်မြို့နယ်တွင် မြေကွက်များ ရှားပါးနေပြီး ကျူးကျော်များ ပြဿနာတက်နေသည့် မြေကွက်များမှလွဲ၍ နောက်ထပ်များ စက်မှုလုပ်ငန်း အကောင် အထည်ဖော်မည်ဆိုပါက ထပ်မံချထားပေးစရာ မြေကွက်နေရာလည်း မရှိတော့သည်ကို တွေ့ရှိရပါကြောင်း၊ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့်အတွက် ပြည်တွင်း ထုတ်ကုန်များ တိုးတက်လာမှု မရှိခြင်း၊ စက်မှုဇုန်ထူထောင်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော မိမိတို့နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ မရရှိခြင်းများ ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံခြားကို ဆက်လက် သွားရောက်ပြီး လုပ်ကိုင်နေရဆဲဖြစ်ပါကြောင်း၊ စက်မှုလုပ်ငန်းကရရှိမည့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာများလည်း ဆုံးရှုံးသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် မြို့ပြင်ကိုမထွက်ဘဲ မြို့တွင်း၌ပင် စက်မှု လုပ်ငန်းများ ရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သည့် စက်မှုလုပ်ငန်း၏ ဆိုးကျိုးများကိုလည်း ဆက်လက်ခံစားနေရသည့်အတွက် ပြည်မြို့နယ်ရှိ နဝဒေးစက်မှု ဇုန်တွင် မြေကွက်များ ရယူ ထားပြီး စက်မှုလုပ်ငန်းအကောင်အထည်ဖော် လုပ်ဆောင်ခြင်းမရှိသော မြေကွက်များကို အစိုးရအဖွဲ့မှ မြေကွက်များ ချထားပေးစဉ်က ပါရှိသည့် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်း များနှင့်အညီ စစ်ဆေးဆောင်ရွက်ပြီး ပြန်လည်သိမ်းယူ၍ အမှန်တကယ် စက်ရုံအလုပ်ရုံများအဖြစ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသူများအား ပြန်လည်စိစစ်ချထား ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

khin mg choပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ နဝဒေးစက်မှုဇုန်ကို ၂၀၀၃ ခုနှစ်တွင် ပြည်မြို့နယ်၊ အနောက်ရွာသစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၀၄ အေ) အင်းကြင်းမြောင် ကွင်းနှင့် ကွင်းအမှတ် (၄၀၄ ဘီ) စောဦးတပ်ကွင်းဧရိယာ ၁၂၀.၉၂ ဧကအား ပေ ၁၀၀ ပတ်လည်ရှိသည့် မြေကွက်ပေါင်း ၃၀၃ ကွက်ဖြင့် စတင်အကောင် အထည်ဖော် ဆောင် ရွက်ခဲ့ပါကြောင်း၊၂၀၀၅ ခုနှစ်တွင် အဆိုပါ စက်မှုဇုန်၏ လုပ်ငန်းတာဝန်အား ပဲခူးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (အနောက်ပိုင်းတိုင်းခွဲ) မှ ပြည် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊၂၀၁၀ ခုနှစ်တွင် ပေ ၁၀၀ ပတ်လည် မြေကွက် ၂၁ ကွက် ထပ်မံဖော်ထုတ်ခဲ့သဖြင့် မြေကွက် စုစုပေါင်း ၃၂၄ ကွက်ဖော်ထုတ်ထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊၎င်းမြေကွက် ၃၂၄ ကွက်အနက် စက်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော မြေကွက် ၉၄ ကွက်၊ မြေကွက်အား ခြံစည်းရိုးသာ ခတ်ထားပြီး စက်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသော မြေကွက် ၁၅ ကွက်၊ နေအိမ်အဆောက်အအုံ ဆောက်လုပ်အသုံးပြုထားသော ‌မြေကွက် ၁၉ ကွက် မြေလုံးဝ အသုံးမပြုဘဲ ထားရှိသည့် မြေကွက် ၁၈၇ ကွက်ဖြင့် ရောင်းချရန် မြေကွက် ၉ ကွက် ကျန်ရှိနေကြောင်း စုံစမ်းသိရှိရပါကြောင်း၊

စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေကွက်များချထားပေးသော မြေပေးမိန့်တွင် ချထားပေးသော မြေကွက်တွင် တိုးချဲ့ခြင်း၊ခွဲထုတ်ခြင်း၊ ကျူးကျော်ခြင်းမပြုရန် သက်ဆိုင် ရာမှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းချက်များကို တိကျစွာလိုက်နာရန်၊ မြေယာဥပဒေနှင့်အညီ မြေငှားစာချုပ်ရယူနေထိုင်ရန် တာဝန်ရှိ အဖွဲ့အစည်းများ၏ သတ်မှတ်ထားသည့် အဆင့်အတန်းနှင့်အညီ စက်မှုလုပ်ငန်းလုပ်ဆောင်ရန်၊ အဆောက်အဦများ ဆောက်လုပ်ရန် လုံလောက်သာ လျှပ်စစ်ဓာတ်အား ရရှိပြီးနောက် သုံးလ အတွင်း ကျေနပ်ဖွယ်ရှိသော လုပ်ငန်း ဆောင်ရွက်ရန် အစရှိသော စည်းကမ်းချက်များပါရှိပြီး အဆိုပါစည်းကမ်းချက်များမှ တစ်ခုခုကို လိုက်နာရန်ပျက်ကွက်ပါက မြေတန်ဖိုးပေးသွင်းငွေ ကို ပြန်လည် ထုတ်ပေးခြင်းမပြုဘဲ မြေကွက်ချထားခြင်းကို ပြန်လည်ရုပ်သိမ်းခံရမည်ဟု ဖော်ပြပါရှိခဲ့သော်လည်း ယင်းကာလရှိ အစိုးရ အဖွဲ့များမှ ညွှန်ကြားချက် ထုတ်ပြန် ဆောင်ရွက်ခဲ့ခြင်း မရှိခြင်း ၊ ပြန်လည် သိမ်းယူခြင်းတို့ မရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံတစ်ခုလုံးတွင် စက်မှုဇုန်ပေါင်း ၂၈ ခုရှိရာမှ အခြားစက်မှုဇုန်များတွင်လည်း အများစုမှာ ယင်းကဲ့သို့ အောင်မြင်မှုများမရရှိများကို စုံစမ်းသိရှိရ ပါကြောင်း၊

သို့ဖြစ်ပါ၍ နဝဒေးစက်မှုဇုန် မြေကွက်များနှင့်စပ်လျဉ်းပြီး စက်မှုဇုန်လုပ်ငန်း လုပ်ကိုင်ရန် ‌မြေကွက်ရယူထားသူများအား နိုင်ငံပိုင်သတင်းစာမှ ၆ လအတွင်း စက်မှုလုပ်ငန်း ၃ စက်ရုံ၊ အလုပ်ရုံဆောက်လုပ် လည်ပတ်ခြင်းမရှိပါက မြေပေးမိန့်ပါစည်းကမ်းချက်များအတိုင်း မြေကွက်တန်ဖိုး ပေးသွင်းထားသည်ကို ပြန်လည်ထုတ်ပေးခြင်းမပြုဘဲ မြေကွက်ချထားခြင်းအား ပြန်လည်ရုပ်သိမ်း မည်ဖြစ်ကြောင်း ကြေညာ သွားမည်ဖြစ်ပါကြောင်း၊မူတစ်ခုကို ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြ၍ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ညွှန်ကြားသည့် အတိုင်းအမှန် တကယ် စက်ရုံ၊အလုပ်ရုံများ အဖြစ် ရင်းနှီးမြှုပ်နှံလိုသူများအား စိစစ်နေရာ ချထားနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။