မေးခွန်း အကြောင်းအရာ
အမှတ်(၂)အထည်စက်ရုံ(ပလိပ်)ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ အထည်အလိပ်လုပ်ငန်းမှ Panda Co. Ltd ကို လွှဲပြောင်းငှားရမ်းခဲ့ပြီး စတင် လွှဲပြောင်းချိန်မှ စတင်ကာ သုံးနှစ်တာကာလအတွင်း အလုပ်ရှင်နှင့်အလုပ်သမားများကြားဆန္ဒပြသပိတ်မှောက်မှု၊အငြင်းပွားမှု၊ ညှိနှိုင်းဖြေရှင်းရမှုများသည် အကြိမ် ကြိမ်ဖြစ်ပွား ခဲ့ပြီး မူလစာချုပ်၊ ပြင်ဆင်စာချုပ် များအပြင် ညှိနှိုင်းဖြန်ဖြေရေး စာချုပ်များကို အကြိမ်ကြိမ်ချုပ်ဆိုခဲ့ရပါကြောင်း၊
လုပ်ခဖြတ်တောက်ရာတွင် အလုပ်ရှင်နှင့် အလုပ်သမားများကြား အငြင်းပွားမှုကြောင့်မိုလို့ စတင် ပေါ်ပေါက်လာပြီး အလုပ်သမားများ၏ တိုင်ကြားတောင်းဆိုမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၂၀၁၆ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးပေးခဲ့ပါကြောင်း၊၂၀၁၆ ခုနှစ်၊ မေလ ၄ ရက်နေ့ ရက်စွဲဖြင့် အလုပ်သမား ၄၉၈ ဦး ၏ ဖြတ်တောက်ထားသည့် လုပ်ခများကို ပြန်လည်ပေးရန် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန် ခဲ့သော်လည်း အလုပ်ရှင် ဘက်မှ လိုက်နာခြင်း မရှိသည်ကိုသိရှိရပါကြောင်း၊ တစ်လအတွင်း သက်ဆိုင်ရာဌာများက ညှိနှိုင်းပေးသော်လည်း ပြေလည်မှု မရရှိခြင်းကြောင့် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၃ ရက် နေ့ တွင် အလုပ်သမားသပိတ် စတင်ဖြစ်ပွားခဲ့ပါကြောင်း။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အဖွဲ့ အစည်း များမှ ညွှန်ကြားရေးမှူးများ၊ တိုင်းအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များက ၂၀၁၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ခေါ်ယူညှိနှိုင်းပေးခဲ့သော်လည်း အလုပ်ရှင် Panda Co. Ltd ဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနက ၂၀၁၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်ဟု သိရှိရပါကြောင်း။
ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက သုံးနှစ်တာကာလအတွင်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား အကြိမ်ကြိမ်အငြင်းပွားမှု၊ ဆန္ဒဖော်ထုတ်မှုများကို သက်ဆိုင် ရာက ညှိနှိုင်းဖြေ ရှင်း ပေးခဲ့သော်လည်း တိကျသည့် မူဝါဒမရှိခြင်းကြောင့် ရေတိုကာလသာ အဆင်ပြေခဲ့ပါကြောင်း၊ အလုပ်သမားများသည် နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒအရ လည်း ကောင်း၊ လူမှုဘဝ အခြေခံ စားဝတ်နေရေးမှာ နေရေး အခက်အခဲအားနည်းချက်ကြောင့်လည်း ကောင်း နိုင်ငံဝန်ထမ်းအဖြစ်မှ ကုမ္ပဏီ ဝန်ထမ်းဘဝသို့ ရောက်ခဲ့ကြရပြီး ယခုအချိန်တွင် အလုပ်သမား များအနေဖြင့် ဘက်ပေါင်းစုံ အဆင်မပြေမှုများကြောင့် သပိတ်မှောက်နေကြခြင်း ဖြစ်ပါကြောင်း၊ မနက်ဖြန်ရောက်ပြီဆိုပါက သပိတ်မှောက်သည့် ရက်ပေါင်းသည် ၁၀၀ ရှိပြီ ဖြစ်သည့်အတွက် အလုပ်သမား ၆၀၀ ကျော်နှင့် ၎င်းတို့ကိုမှီခိုနေသည့် မိသားစုဝင် ၃၀၀၀ ခန့်တို့၏ စားဝတ်နေရေး၊ ကျန်းမာရေးထိခိုက်မှုများရှိလာပါကြောင်း၊ထို့ကြောင့် အလုပ်သမားများ အလုပ်ခွင်ပြန် လည်ဝင် ရောက်နိုင်ရန်နှင့် အလုပ်ခွင် အာမခံချက် ရရှိဖို့ အရေးတကြီးလိုအပ်နေသကဲ့သို့ အလုပ်ရှင်နှင့် အလုပ် သမားအကြား မျှတတိကျပြတ်သားပြီး ရေရှည်တွင်အဆင်ပြေနိုင်မည့် အဖြေတစ်ခုရန်လည်း လိုအပ် နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် စဉ့်ကိုင်မြို့နယ်၊ အမှတ်(၂) အထည်စက်ရုံ(ပလိပ်)၏ အလုပ်သမား သပိတ်နှင့်စပ်လျဉ်း၍ ဖြေရှင်းပေးရန်အစီအစဉ်ရှိ/မရှိဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ယခင်အမှတ်(၂)အထည်စက်ရုံ(ပလိပ်)အား ပြင်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းလုပ်ကိုင်နိုင်ရေးအတွက် ၁၁-၁၀-၂၀၁၂ ရက်နေ့တွင် တင်ဒါခေါ် ယူ၍ ဈေးအမြင့်ဆုံးပေးသွင်းခဲ့သည့် Panda Textile Co. Ltd အား တစ်နှစ်ငှားရမ်းခ ၃၆၀ သန်းဖြင့် ၁-၄-၂၀၁၃ ရက်မှ ၃၁-၃-၂၀၄၃ ရက် အထိ(၃၀+၁၀+၁၀)ဖြင့် နှစ်ရှည်စာချုပ် ချုပ်ဆိုငှားရမ်း ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ ကော်မရှင်၏ ၉-၃-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၂၄/၂၀၁၆) (မနသ)ဖြင့် နှစ်ရှည်ငှားရမ်းခွင့်ပြုချက်လည်း ရရှိခဲ့ပါကြောင်း။
Panda Co. Ltd သို့စတင်ငှားရမ်းခဲ့စဉ်က အရာထမ်း ၄၄ ဦး၊ အမှုထမ်း ၁၃၂၈ ဦး၊ နေ့စားဝန်ထမ်း ၉၅ ဦး စုစုပေါင်း ၁၄၆၇ ဦးအား စာချုပ်သက်တမ်းစတင်သည့် ၁-၄-၂၀၁၃ ရက်နေ့မှစ၍ လွှဲပြောင်းတာဝန်ထမ်းဆောင်စေခဲ့ပြီး စက်မှုဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့၏ မူလစာချုပ် အပိုဒ်(၈)နှင့်အပိုဒ်(၉)ပါ နိုင်ငံံ့ဝန်ထမ်း အခွင့်အရေး၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ပေး စေခဲ့ပါကြောင်း။
အမှတ်(၂)အထည်စက်ရုံ(ပလိပ်) စက်ရုံအား ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းခဲ့သည့် အချိန်မှစ၍ ယနေ့အထိအလုပ်သမားများ ဆန္ဒပြမှု သုံးကြိမ် ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပထမအကြိမ်အဖြစ် ၁၆-၁-၂၀၁၄ ရက်နေ့တွင် နှစ်ပြည့်ပင်စင်၊ လျော်ကြေးပင်စင်များခံစားပြီး ကုမ္ပဏီတွင် ဆက်လက် လုပ်ကိုင် မည့် အငြိမ်းစား ဝန်ထမ်းအလုပ်သမား များ အနက် ၁၁၈ ဦးသည် ဖွဲ့စည်းပုံမဖျက်သေးဘဲ ၂၀၁၅ ခုနှစ် အထိ အလုပ်ခန့်ထားပေးရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ စက်ရုံတွင် ကုမ္ပဏီအစီအစဉ်ဖြင့် ခန့်ထား သော အလုပ်သမား များနှင့် နှစ်ပြည့်ပင်စင်၊ လျော်ကြေးပင်စင်ခံစားပြီး ကုမ္ပဏီတွင် ဆက်လက် လုပ်ကိုင်လိုသည့် အငြိမ်းစားဝန်ထမ်းများအား အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ၂၂-၁၂-၂၀၁၄ ရက်နေ့တွင် Employment Contract - EC စာချုပ် ချုပ်ဆိုကြရန်နှင့် EC စာချုပ်ချုပ်ဆိုပြီးမှသာ အလုပ်ဝင်ရောက်ရန် ကြေငြာခဲ့သဖြင့် အငြိမ်းစားဝန်ထမ်းလုပ်သား ၇၉၁ ဦးသည် EC စာချုပ်ချုပ် ဆိုခြင်း မပြုဘဲ စက်ရုံအတွင်း ဒုတိယအကြိမ်ဆန္ဒဖော်ထုတ်ခဲ့ခြင်းများကို ပြုလုပ်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန အထည်အလိပ်လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် စဉ့်ကိုင်မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တို့မှ ညှိနှိုင်းဖြန်ဖြေပေးခဲ့ကြပါကြောင်း၊
Panda Textile Co. Ltd အနေဖြင့် ဆန္ဒပြအငြိမ်းစားဝန်ထမ်း အလုပ်သမား ၇၅၀ ဦးနှင့် ချုပ်ဆိုထားခဲ့သည့် EC စာချုပ်ပါအတိုင်း တစ်နှစ်ကျော်လိုက်နာဆောင်ရွက်ခဲ့ရာမှ အလုပ်ရှင်မှ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် အပိုဒ်(၇)ပါအတိုင်း တတိယဆိုင်း(ကြားဆိုင်း)ကို စနေ၊ တနင်္ဂနွေနေ့တွင် အလုပ်သမားများ နားရက်အဖြစ် သတ်မှတ်ထားသော်လည်း ၂၀၁၆ ခုနှစ် ဧပြီလမှ စ၍ တတိယဆိုင်း(ကြားဆိုင်း)အား စနေ့နေ့ည ၁၁း၀၀ နာရီမှ တနင်္ဂနွေနေ့ နံနက် ရး၀၀ နာရီအထိ အလုပ်သမားများ အလုပ်ဆင်းရန် ပြင်ဆင်သတ်မှတ်ကြေငြာခဲ့ပြီး အလုပ်ဆင်းခိုင်းစေခဲ့ရာ အလုပ် သမားများက အလုပ်မဆင်းကြသဖြင့် ၂-၄-၂၀၁၆ ရက်နေ့၊ ၉-၄-၂၀၁၆ ရက်နေ့နှင့် ၂၃-၄-၂၀၁၆ ရက် နေ့တို့အတွက် ၃ ရက်စာ လစာဖြတ်တောက်ခံခဲ့ရတဲ့အတွက် အငြိမ်းစားဝန်ထမ်းအလုပ်သမား ၈၀ ဦး ခန့်က စက်ရုံဂိတ်ပေါက်တွင် ၃-၆-၂၀၁၆ ရက်နေ့မှစ၍ တတိယအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ရာ ယနေ့ အချိန်ထိ ဖြစ်ပါကြောင်း။
ဆန္ဒပြအငြိမ်းစားပြင်ပဝန်ထမ်းများ၏ ဆန္ဒပြတောင်းဆိုချက်ငါးချက်နှင့်ပတ်သက်၍ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကုမ္ပဏီအား EC စာချုပ်ဖောက်ဖျက် မှုအရ တရားစွဲဆိုဆောင်ရွက်လျက်ရှိပြီး ဆန္ဒပြအငြိမ်းစား ဝန်ထမ်းများ၊ အလုပ်သမားများ လုပ်ငန်း ခွင် ဝင်ရောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သော်လည်း ဝင်ရောက်ခြင်းမရှိဘဲ ထပ်မံ၍ မူလ စာချုပ်အပိုဒ်(၈)နှင့်(၉)ပါ နိုင်ငံ့ဝန်ထမ်းအခွင့်အရေးများနှင့် အလုပ်ရှင်၊ အလုပ်သမားသဘော တူညီ ချက် မှတ်တမ်းစာချုပ် (၁/၂၀၁၄)ပါအတိုင်း တောင်းဆိုနေခြင်းဖြစ်သဖြင့် တွေ့ဆုံညှိနှိုင်း ဆောင် ရွက်ပေးခဲ့ သော်လည်း ပြေလည်ပြီးပြတ်မှုမရရှိခြင်းဖြစ်ပါကြောင်း။
အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်နှစ်ဦး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် Panda Textile Co. Ltd မှတာဝန်ရှိသူများနှင့် ဆန္ဒပြအလုပ် သမားကိုယ်စားလှယ် ၃၀ ဦးတို့ဖြင့် ၉-၇-၂၀၁၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ယခင် တယက ရုံးဟောင်းကလည်းကောင်း၊ စက်မှုဝန်ကြီးဌာန အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းမှ တာဝန်ရှိသူ များသည် ဆန္ဒပြအလုပ်သမားကိုယ်စားလှယ် ၁၀ ဦးနှင့် ၁၃-၇-၂၀၁၆ ရက်နေ့တွင် အမှတ်(၃) အကြီး စားစက်မှုလုပ်ငန်းရုံးချုပ်၌လည်းကောင်း၊ ၂၈-၇-၂၀၁၆ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းမှ တာဝန်ရှိသူများသည် Panda Textile Co. Ltd မှတာဝန်ရှိသူများနှင့် အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းရုံးချုပ်၌လည်းကောင် စုစုပေါင်း ၃ ကြိမ်တိ တိ တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ထို့အပြင် ၂၆-၈-၂၀၁၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ကိုယ်စားလှယ် နှစ်ဦးတို့သည် Panda Textile Co. Ltd မှ တာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ် ၃၀ ဦးတို့အား မန္တလေးတိုင်းဒေသကြီး ယခင်(တယက) ရုံးဟောင်း၌လည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် အလုပ်သမားကိုယ်စားလှယ် ၃၀ ဦးတို့အား ကျောက်ပြား စက်ရုံ(မန္တလေး) အစည်းအဝေးခန်းမ၌လည်းကောင်း ထပ်မံတွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပါသော်လည်း ပြီးပြတ်ပြေလည်မှုမရရှိခဲ့ပါကြောင်း။
အလုပ်ရှင်နှင့် အလုပ်သမားများ တွေ့ဆုံညှိနှိုင်းဆွေးနွေးဖြန်ဖြေရာတွင် အလုပ်သမားများအနေ ဖြင့်စက်မှုဝန်ကြီးဌာနနှင့် Panda ကုမ္ပဏီသို့ ချုပ်ဆိုခဲ့သည့် မူလစာချုပ်အပိုဒ် ၈၊ ၉ ပါအခွင့်အရေး များကို ပြန်လည်ရရှိရန်နှင့်အလုပ်ထုတ်ခံထားရသည့် အလုပ်သမား ၂၂ ဦးအား အလုပ်ပြန်လည်ခန့် ထားရန်တို့ကိုသာ တောင်းဆိုနေခြင်းဖြစ်ပြီး မူလစာချုပ်အပိုဒ် ၈၊ ၉ ပါ အခွင့်အရေး များ တောင်းဆို နေခြင်းသည် နိုင်ငံ့ဝန်ထမ်းများမဟုတ်တော့သည့်အတွက် ဆောင်ရွက်ပေး၍ မရနိုင်မှုကိုသိရှိ နားလည်သော်လည်း နှစ်ရှည်ငှားရမ်းစက်ရုံများသို့ လွှဲပြောင်းပေးသည့် နိုင်ငံံ့ဝန်ထမ်းများ အား လျော်ကြေးပင်စင်၊ နှစ်ပြည့်ပင်စင်နှင့်ကုမ္ပဏီတွင် ဆက်လက်လုပ်ကိုင်သူများအား အသက် ၆၀ နှစ် ပြည့်သည့်အထိအလုပ်ခွင်တည်မြဲရေး၊ အိမ်ယာနေထိုင်ခွင့် အာမခံချက်ရရှိရေး၊ လက်ရှိအစိုးရ ဝန်ထမ်း များ၏ ရာထူးအနွယ်နှင့် လစာအတိုင်း လစာတိုးမြှင့်ပါက လုပ်ခလစအား တိုးမြှင့်ပေးရေး၊ အစိုးရ ဝန်ထမ်းများနည်းတူ အလုပ်ပိတ်ရက်ခံစားခွင့်ရရှိရေး ကိစ္စများအား မူဝါဒတောင်းခံပေးရန်နှင့် မူဝါဒ ချမှတ်သည်အထိ စောင့်ဆိုင်းမည်ဖြစ်ကြောင်း ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်များက အကြိမ်ကြိမ် တောင်းဆိုနေခြင်းဖြစ်ပြီး အလုပ်ရှင်ဘက်မှလည်း အလုပ်ထုတ် ခံရသည့် အလုပ်သမားများ ကို ပြန်လည် ခန့်ထားခြင်းမပြုနိုင်ကြောင်း၊ အလုပ်သမားများအား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင်ရွက်ပေးမည်မဟုတ်ဘဲ တည်ဆဲ အလုပ်သမား ဥပဒေအတိုင်း သာ ဆောင်ရွက်ပေးနိုင် မည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြကြသဖြင့် ပြဿနာအား ပြေလည်စေလိုသည့်ဆန္ဒဖြင့် အပြန်အလှန် ဆွေးနွေးခြင်းပြုလုပ်ရမည့်အစား အလုပ်ရှင်နှင့်အလုပ်သမား ယခင်ကဖြစ်ပေါ် ခဲ့သော အခြေအနေ များကိုသာ အပြန်အလှန်ထောက်ပြနေကြပြီး တစ်ဖက်၏ တင်ပြချက်ကို အခြားတစ်ဖက်က ဆန့်ကျင် သည့်သဘော ဆွေးနွေးနေကြသဖြင့် ပြေလည်ပြီးပြတ်မှုမရဖြစ်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း အထူကုန်သွယ်ခွင့်(GSP) ရရှိရန် နီးစပ်နေပြီဖြစ်ပြီး အဆိုပါအခွင့် အရေးရရှိလာပါက နိုင်ငံတကာသို့ အခွန်ကင်းလွှတ်မှုဖြင့် ပေးပို့နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများလာရောက်ဆွေးနွေးရာတွင်လည်း အလုပ်ရှင်များကို မည်သို့ ကာကွယ်ပေးမည်ဆိုသည့်အချက်နှင့် အလုပ်သမားပြဿနာများကို ကိုင်တွယ်ဖြေရှင်းမှုနှင့် စပ်လျဉ်း၍ ဥပဒေများသည် မည်မျှခိုင်မာမှုရှိသည်ဆိုသည်မှာ ဦးစားပေးမေးမြန်းရမည့်အချက်အလက်ဖြင့် ကြုံ တွေ့နေရပါကြောင်း၊ အလုပ်သမားရေးရာနှင့်ပတ်သက်၍ နိုင်ငံတကာတွင်နိုင်ငံအလိုက် လူမှုရေး၊ ပထဝီ အနေအထားအလိုက် ရာနှုန်းပြည့် တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီနိုင်သဖြင့် မြန်မာနိုင်ငံတွင် ကျင့်သုံးနေမှုများသည် မူဝါဒများနှင့် ကိုက်ညီမှုမရှိပါကြောင်း၊ ယနေ့အချိန်သည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ လိုသူများ စိတ်ဝင်တစားဖြင့် လာရောက်လျက်ရှိနေပါသဖြင့် ယနေ့ပေါ်ပေါက်လျက်ရှိ သော အလုပ်သမားပြဿနာများအာ ဖြစ်ရိုးဖြစ်စဉ်ဆိုသည်ကို လက်ခံနိုင်ပါသော်လည်း သာမန် ဖြစ်ရိုးဖြစ် စဉ်များ ထက်ကျော်လွန်၍ ယနေ့ ဖြစ်ပွားနေသည့် ပြဿနာများသည် နိုင်ငံတော်နှင့် ဝန်ကြီးဌာနများအပေါ်တွင် စိန်ခေါ်မှုအဖြစ် သုံးသပ်တွေ့ရှိနေရပါကြောင်း၊ ဆန္ဒပြ အလုပ်သမား၏ တောင်းဆိုချက်များသည် တည်ဆဲ ဥပဒေများနှင့် ညီညွတ်မှသာ ဥပဒေအရအလုပ်ရှင်မှ လိုက်နာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး အလုပ်ရှင်အနေဖြင့်လည်း ချုပ်ဆိုထားသည့် EC စာချုပ်ပါအတိုင်း ဆောင်ရွက်မှသာ အလုပ်ရှင်၊ အလုပ်သမားများအကြား ပြီးပြတ်ပြေလည်မှုရရှိစေနိုင် မည်ဖြစ် ပါကြောင်းနှင့် ဆန္ဒပြအလုပ်သမားများသည် နိုင်ငံ့ဝန်ထမ်းများမဟုတ်တော့သည့်အတွက် ၉-၃-၂၀၁၅ ရက်နေ့မှစ၍ ၁၁-၃-၂၀၁၅ ရက်နေ့အထိအတွင်း အလုပ်ရှင်၊ အလုပ်သမား နောက်ဆုံး သဘောတူညီ လက်မှတ်ရေးထိုးထားသည့် EC စာချုပ်ပါအချက်များ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့် ပြဋ္ဌာန်းထုတ်ပြန် ထားသည့် တည်ဆဲဥပဒေများအတိုင်းသာ ဖြေရှင်းဆောင်ရွက် ရမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါက်တာဒေါ်ကြည်မို့မို့လွင်(စဉ့်ကိုင်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိ၏ မေးမြန်းသည့် မေးခွန်းတွင် အဆိုပါ အလုပ်သမားသပိတ်နှင့်စပ်လျဉ်း၍ ဖြေရှင်း ပေးရန် တွင် အချိန်ကာလတိကျစွာဟူ၍ ထည့်သွင်းမေးမြန်းခဲ့ပါကြောင်း၊ စာချုပ်စတင်ချုပ်စဉ်ကပင် ပွင့်လင်း မြင်သာမှုမရှိခဲ့ခြင်း၊ လျော်ကြေးပင်စင်များ ရယူခဲ့ခြင်းများတွင်လည်း ၎င်းတို့၏ သဘောဆန္ဒ အမှန် မဟုတ်ခြင်း၊ ဝန်ကြီး၏ ဖြေကြားချက်များတွင် ဥပဒေ အတိုင်းဆောင်ရွက် မည်ဖြစ်ကြောင်း ဖြေကြား ထားရာ စက်ရုံ၏ စွန့်ပစ်ရေများကို ချုန်းချုန်းကျချောင်းကတစ်ဆင့် ဒုတ္ထဝတီ မြစ်ထဲသို့ စွန့်ပစ်နေသည်ဟု တိုင်ကြားထားသည်ကိုလည်း သိရှိရသည့် အတွက် စာချုပ်ပါ စည်းကမ်း ချက်များအရ စာချုပ်ရပ်စဲ ရန်အစီအစဉ်ရှိ/မရှိကိုလည်းကောင်း၊ ယခုဖြစ်ပေါ်လျက်ရှိသော အလုပ်သမားသပိတ်နှင့် စပ်လျဉ်း၍ ဆက်လက်ဆောင် ရွက်ပေးမည့် အစီအစဉ်ကို လည်းကောင်း သိရှိလို ပါကြောင်း မေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
အလုပ်သမားများနှင့် သဘောတူညီ ချက်ရရှိခဲ့သော သဘောတူညီချက်(၁၆)ချက် ရှိခဲ့ပါကြောင်း၊ အပိုဒ် ၇ နှင့် ၈ တွင် အဆိုပါ အလုပ်သမားများအနေဖြင့် သာမန်အစိုးရဝန်ထမ်းကဲ့သို့သာ ရပိုင်ခွင့်များ ရရှိလိုခြင်းဖြစ်ပြီး ပြင်ပ ဝန်ထမ်းအဖြစ် ရယူလိုခြင်းမရှိခြင်းနှင့် အဓိကကွာခြားချက်သည် အလုပ်ချိန် ကွာခြားမှုဖြစ်ပါကြောင်း၊ ယခု Panda ကုမ္ပဏီတွင် အလုပ်သမားအုပ်စုလေးစု သီးခြားခွဲထားပြီး တစ်လှည့်စီလှည့်ကာ စနေ၊ တနင်္ဂနွေရက်မျာကို တာဝန်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် စနေ၊ တနင်္ဂနွေကို အနားရရှိမှုမရှိခြင်းကြောင့် အလုပ်မဆင်းလိုသည့်အတွက် သပိတ်များ စတင် ဖြစ်ပေါ်ခြင်းဖြစ်ပါကြောင်းနှင့် အဆိုပါ လေးရက်အတွက် လစာငွေကို ဖြတ်တောက်ခြင်းကြောင့် သပိတ်မှောက်ကြခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် အဆိုပါကိစ္စကို ပြန်လည် အရေး ယူ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပိုင်ရှင်အနေဖြင့် ပြန်လည်ပေးလျော်ရမည်ဖြစ်ပါကြောင်း။
သို့သော် နိုင်ငံ့ဝန်ထမ်းများအဖြစ် ဝန်ထမ်းများမှာ ဆက်လက်ရပ်တည်နေလိုသောအုပ်စု၊ ကုမ္ပဏီ ဝန်ထမ်းများအဖြစ် နိုင်ငံတော်မှ လျော်ကြေးပင်စင်၊ သက်ပြည့်ပင်စင်၊ နှစ်ပြည့် ပင်စင် စသည်ခံစားပြီး ပြောင်းရွှေ့သွားလိုသူများ အုပ်စု၊ အပြီးအပိုင် အငြိမ်းစားယူ သွားပြီး မည်သည့်နေရာတွင်မှ အလုပ်မလုပ်မည့်သူများ အုပ်စု ဟူ၍ ရှိကြပါကြောင်း၊ ယခု ပြဿနာသည် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက် လုပ်ဆောင်လိုပြီး ပြည်သူ့ဝန်ထမ်းအဖြစ်၊ နိုင်ငံ့ဝန်ထမ်းအဖြစ် အပြည့်အဝခံစားလိုသော ယခုထက်ထိဆန္ဒပြနေကြခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများဘက်က ရပ်တည်ပြီး ဝန်ထမ်းရပိုင်ခွင့်များကို အပြည့်အဝပေးအပ်ထားသကဲ့သို့ ပုဂ္ဂလိကကိုလွှဲပြောင်းပေးသည့် စက်ရုံများ ကိုလည်း လုပ်သားများ၏ ရပိုင်ခွင့် အကုန်လုံးကို CSR အားလုံးအပြည့်အဝ လိုက်နာပေးရန် စာချုပ် လည်း စာချုပ်ဆိုထားပါကြောင်း၊ ထိုသို့ ချုပ်ဆိုထားမှုအပေါ် ပျက်ကွက်မှုများကို အရေးယူဖို့ လည်းရှိပါကြောင်း၊ ယခုဖြစ်ပေါ်လျက်ရှိသော အလုပ်သမားသပိတ်နှင့် စပ်လျဉ်း၍ ပြန်လည်ဖြေရှင်း ပေးနိုင်ရန် တိကျသောမူဝါဒ ချမှတ်ပြီး အမြန်ဆုံးရပ်ဆိုင်းရန်နှင့် ခိုင်မာသော ဥပဒေကဲ့သို့တည်မြဲမည့် မူဝါဒတစ်ခု ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
