မေးခွန်း အကြောင်းအရာ
ရခိုင်ပြည်နယ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် ဒုတိယအဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ရခိုင်ပြည်နယ်ရှိ အလုပ်လုပ်ကိုင်နိုင်သူများ၏ ၆၅ ရာခိုင်နှုန်း သည် အလုပ်အကိုင် အခွင့်အလမ်း မရှိသည့်အတွက် မိသားစုများ၊ ဆွေမျိုးများကိုခွဲခွာပြီး နိုင်ငံခြားတိုင်းပြည်များ၊ကချင်ပြည်နယ်၊ ဖားကန့်ဒေသနှင့် ရန်ကုန်မြို့ကြီး အပါအ ဝင် ဝေးလံသည့် ဒေသများသို့ အလုပ်သွားရောက် လုပ်ကိုင်လျှက်ရှိပါကြောင်း၊ရွာများတွင် လယ်အငှားထွန်ပေးသူ၊ စပါးရိတ်အငှား ထွန်ပေးသူများ မရှိသည့်အတွက် သက်ကြီး ရွယ်အို၊မိန်းမများနှင့် ကလေးများသာ ကျန်ရှိပါကြောင်း၊ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်ပြည်နယ်ရှိ အလုပ်လက်မဲ့ ပြဿနာကြီးများ ကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်ပြီး ကျောက်ဖြူအထူးစက်မှုဇုန် စီမံကိန်းနှင့် ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းနှစ်ခုကို အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် တရား ဝင်ကြေညာ ထားပေးပြီးဖြစ်ပါကြောင်း၊ ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် အရေးတကြီး လိုအပ်နေသည့် လျှပ်စစ်မီး လည်း ယခုအခါ ရရှိနေပြီဖြစ်ပါကြောင်း စက်မှုဇုန်အတွက် ရေရရှိရန် ပုဏ္ဏားကျွန်းမြို့နယ် ကျင်ချောင်းဆည်ကိုလည်း ၂၀၁၄-၁၅ ဘတ်ဂျက်တွင် ဆည်ဖို့ပြီးစီးခဲ့၍ ယခုနှစ်မိုး ရာသီ တွင် ရေလှောင်ထားပြီးဖြစ်ပါကြောင်း၊စက်မှုဇုန်အတွက် မြေနေရာ ၁၈၃၃ ဧကကိုလည်း သတ်မှတ်လျာထားပြီး လယ်သမားများကို စပါးမစိုက်စေဘဲ လျော်ကြေးငွေများ ကို ပေးထားပြီးဖြစ်ကြောင်းကို သိရပါသည်။ ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းအကောင် အထည်ဖော် အောင်မြင်လာပါက အလုပ်သမားတစ်သိန်းခွဲခန့် အလုပ်အကိုင်ခွင့် အခွင့် အလမ်း ရရှိနိုင်မည်ဖြစ်ပါ၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူ ရရှိနိုင်မည်ဖြစ်သည့် အတွက်ကြောင့် ဒေသခံများ၏ တောင်းဆိုချက်အရ ပုဏ္ဏား ကျွန်းမြို့ စက်မှုဇုန်စီမံကိန်းကို အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းလိုခြင်းဖြစ်ပါသည်။
ပုဏ္ဏားကျွန်းမြို့နယ် အမှတ်(၂၂) စက်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လယ်မြေ ၁၅၃၃ ဧက၊ စားကျက်မြေ ၁၃၁ ဧက၊ အခြားမြေ ၁၆၉.၁၅ ဧက စုစုပေါင်း ၁၈၃၃.၀၅ ဧကအား လျာထားသတ်မှတ်ထားခဲ့ပါကြောင်း၊ အဆိုပါဧကများထဲမှ လယ်မြေ ၆၅၆.၈၅ ဧက၊ စားကျက်မြေ ၁၃.၃ ဧကနှင့်အခြားမြေ ၂၁.၆၃ ဧက စုစုပေါင်း ၆၉၁.၇၈ ဧကအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ဟိုးဒင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် မှ မြေ ယာလျော်ကြေးငွေကျပ် ၁၆၈၃.၇၀၅ သန်းနှင့် သက်ဆိုင်ရာတောင်သူများသို့ ပေးချေ ခဲ့ပြီးဖြစ် ပါကြောင်း၊ ၎င်းအပြင် စက်မှုဇုန်ဧရိယာအတွင်း၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ စက်မှုလက်မှု ပညာ သင်ကျောင်း ဆောက်လုပ်နေသောမြေ ၅.၁၄ ဧကအတွက် လျော်ကြေးငွေကျပ် ၁၁.၄၃ သန်းအား သက်ဆိုင် ရာ တောင်သူများ သို့ ပေးအပ်ပြီးဖြစ် ပါကြောင်းနှင့် စက်မှုဇုန် ဧရိယာအတွင်း စုစုပေါင်း မြေဧရိယာ ၆၉၆.၉၂ ဧကအတွက် လျော်ကြေးငွေကျပ် ၁၆၉၅.၁၃၅ သန်းကို ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ ဖြေကြားထားပါကြောင်း၊
စက်မှုဇုန်ဧရိယာအတွင်းရှိ စက်မှုဇုန်အား ကျော်ဇံကျေးရွာအထိ မြေသားလမ်း ၃.၇ မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ လမ်းပေါ်ရှိရေပြွန်ငါးစင်း၊ သံကူကွန်ကရစ် တံတားတစ်စင်းတို့အား တည်ဆောက်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊BMIC ဆောက်လုပ်ရေးကုမ္ပဏီတို့ သဘောတူ စာချုပ်ချုပ် ဆိုပြီးဖြစ်သည့် အတွက် မြေလျော်ကြေးငွေ ပေး အပ်ပြီးသည့်အပိုင်းကို လုပ်ငန်းစတင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ထို့အပြင် မြန်မာကျောက်ဖြူ အထူးစီးပွားရေးဇုန်၌ ဟိုးဒင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အား မြေယာလျော်ကြေး ပေးအပ်ပြီးသော အပိုင်းအားမြေညှိခြင်း လုပ်ငန်းဆောင် ရွက်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှစတင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရခိုင်ပြည်နယ်အစိုးရကိုယ်စား ရှင်း လင်းဖြေကြားပါသည်။
