မေးခွန်း အကြောင်းအရာ
ပေါက်တောမြို့နယ် သစ်ပုတ်ကျေးရွာ လယ်သမားများပိုင် လယ်မြေ ၁၅၂ ဧကကို စစ်တွေမြို့ အခြေစိုက်ခြေလျင်တပ်ရင်း (၃၅၄)မှ တပ်သိမ်းမြေဧရိယာသည် တာတမံ အတွင်း သို့ ကျရောက်လျက် ရှိပါကြောင်း၊တာတမံအတွင်း စပါးတစ်မျိုးတည်းကိုသာ စိုက်ပျိုးရန် ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းရပါကြောင်း၊၎င်း ဧရိယာ သည် ပေါက်တောမြို့မှ ၁၄ မိုင်ကွာဝေးပြီး စစ်တွေမြို့မှ မိုင် ၃၀ ခန့် ဝေးပါကြောင်း၊ စစ်တွေမြို့မှ အခြားမြစ်များကို ခက်ခက်ခဲခဲဖြတ်သန်း သွားရပါကြောင်း၊ယခု ထိန်းသိမ်း ထားသည့် အနေအထားမှာ ၁၉၉၇ ခုနှစ် တွင် အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဧက ၈၀၊ ခလရ ၃၅၄ မှ ၁၅၂ ဧက စုစုပေါင်း ၂၃၂ ဧက တို့ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများမှ မကြာခဏ တိုက်တွန်း တောင်းဆိုနေသည့်အတွက် ၂၀၁၄ တွင် စသုံးလုံးက သိမ်းယူထားသည့် ဧက ၈၀ ကို စွန့်လွှတ်ပြီး တစ်ချိန်တည်းမှာ တပ်မှသိမ်းထားသည့်မြေ ၁၅၂ ဧကကို မစွန့်လွှတ်နိုင်ကြောင်း အကြောင်းကြားလာခဲ့ပါကြောင်း၊ သို့သော် အဆိုပါလယ်မြေများကို သိမ်းယူမည်ဆိုပါက ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေဖြင့် သိမ်းယူရ မည်ဖြစ် ပါကြောင်း၊မည်သည့် ရည်ရွယ်ချက်ဖြင့် မြေသိမ်းရန်ကို အကျိုးအကြောင်း ဖော်ပြပြီး Notification ဟု ခေါ်သည့် ကြေညာချက်ကို ထုတ်ပြန်ရ မည် ဖြစ်ပါကြောင်း၊ထို့နောက် ကန့်ကွက်လွှာခေါ်ရမည်ဖြစ်ပြီး ကန့်ကွက်သူရှိပါက စစ်ဆေးရမည်၊ လျော်ကြေးပေးရမည် ဖြစ်ပါကြောင်း၊ ၎င်းနောက်မြေကို လက်ရောက် လွှဲပြောင်းပေးရာ တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ အမှုတွဲကို သက်ဆိုင်ရာဝန်ကြီးဌာနကို လွှဲပေးခြင်းဖြစ်ပါကြောင်း၊ ယခု ၎င်းကိစ္စများကို မလုပ်ခဲ့သည့် အတွက်ကြောင့် မူလရည်ရွယ်ချက်အတိုင်း စပါးစိုက်ရမည့် အစား ပုစွန်မွေးထားခြင်းဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းအရ ကြည့်လျှင် မူလကပင် ပျက်ပြယ်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊
ယခုအခါ တပ်ရိက္ခာအတွက်နှင့် တပ်သက်သာချောင်ချိရေးအတွက်ဆိုပြီး နှစ်ပေါင်း ၂၀ ခန့် ထိန်းသိမ်းထားသည့်အတွက် လယ်သမားများမိသားစု စားဝတ်နေရေးအတွက် ယင်းမြေများကိုရရှိမှသာ လယ်သမားမိသားစု တစ်စုလျှင် တစ်ထောင့်ထွာ လယ်မြေကိုရရှိမည်ဖြစ်ပြီး အထိုက်အလျောက် စားဝတ်နေရေး ပြေလည်နိုင်မည်ဖြစ်ပါကြောင်း၊ မသမာသည့် လယ်သမားတစ်စုသည် ပုစွန်မွေးမြူရေး ရရှိရန်အတွက် တပ်ရင်းအကြီးအကဲများနှင့် ဆက်သွယ်ပြီး နည်းမှန်လမ်းမှန်မဟုတ်ဘဲ ရယူခဲ့ပါကြောင်း၊ မိမိတို့ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံတော်ပိုင်ပြုလုပ်ရေး အက်ဥပဒေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအသစ်၊ နောက်မြေသိမ်းဥပဒေများအရ သိမ်းယူခြင်းမဟုတ်ခြင်းကြောင့် စစ်တွေမြို့ အခြေစိုက်ခြေလျင်တပ်ရင်း (၃၅၄)မှ သိမ်းယူထားသော ပေါက်တောမြို့နယ်၊ သစ်ပုတ်ကျေးရွာ လယ်သမားများထံ ပြန်လည်ပေးအပ်နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြေနေရာသည် အမှတ်(၃၅၄) ခြေမြန်တပ်ရင်း၏ တပ်ဧရိယာပြင်ပ ပေါက်တောမြို့နယ်၊သစ်ပုတ်ကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၁၂၀၇)၊ ဂေါ်ယဉ်ပင်ကွင်းရှိ မြေဧရိယာ (၁၆၀.၆၂) ဧက မြေနေရာဖြစ်ပြီး ၁၉၉၃ ခုနှစ်ခန့်က ဆည်မြောင်းတာတမံများ ကျိုးပေါက်၍ ဆားငန်ရေများဝင်ရောက်ခဲ့သဖြင့် လယ်ယာစိုက်ပျိုး၍ မရရှိခြင်းကြောင့် အစိုးရမှ ပလပ်ထားရှိသည့် မြေနေရာဖြစ်၍ အမှတ်(၃၅၄) ခြေမြန်တပ်ရင်းမှ ပိုင်ဆိုင်မှု လုပ်ကိုင်ခွင့် လျှောက်ထားတင်ပြစဉ် ပိုင်ဆိုင်လုပ်ကိုင်သူ မရှိသည့်အတွက် အစိုးရ ပလပ်မြေ အဖြစ်သာ တည်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
အဆိုပါမြေနေရာအား တပ်မိသားစုသက်သာ ချောင်ချိရေးအတွက် ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် ယခင်ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊သစ်ပုတ်ကျေး ရွာအုပ်စု၏ ၁၉၉၉ ခုနှစ်၊ဇန်နဝါရီလ ၁၆ ရက်စွဲပါစာအရ မည်သူတစ်ဦး တစ်ယောက်မျှ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံ ချက်ဖြင့် လျှောက်ထားဆောင် ရွက်ခဲ့ရာ မြေ စာရင်းပုံစံ (၁၀၅) ရရှိခဲ့ပြီးဖြစ် ပါကြောင်း ၊ရေငန်ပုစွန်မွေးမြူခြင်း လုပ်ငန်းအား ၁၉၉၉ ခုနှစ်မှ ယနေ့ထိတိုင် စဉ်ဆက်မပြတ် မွေးမြူ လုပ်ကိုင်လျက်ရှိပြီး ငါးလုပ်ငန်း ဦးစီးဌာနသို့ ၂၀၀၄-၀၅ ခုနှစ်မှစ၍ နှစ်စဉ် ငါးပုစွန်မွေးမြူရေး လိုင်စင်ကြေးများ ပေးဆောင်လုပ်ကိုင်လျက်ရှိပါကြောင်း စိစစ်တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေနေရာသည် အမှတ် (၃၅၄) ခြေမြန် တပ်ရင်းအနေဖြင့် အင်အားသုံး၍ မတရားရယူသိမ်းဆည်းခဲ့ခြင်း၊စီးပွားရေးသမား များနှင့်ပေါင်း၍ ငွေကြေး အကျိုးအမြတ် ရရှိရန်အတွက် သိမ်းယူခဲ့ခြင်းမျိုးမဟုတ်ဘဲ တပ်ရင်းမိသားစု သက်သာချောင်ချိရေးအတွက် ပုစွန်မွေးမြူနိုင်ရန် အစိုးရပလပ်မြေကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းခဲ့ရာ ပုံစံ (၁၀၅) ရရှိပြီး ဖြစ်သောကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးအောင်ကျော်ဇံ(ပေါက်တော ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဗိုလ်ချုပ်ဖြေသွားသည့် အထဲတွင် ပုံစံ (၁၀၅)၊ (၁၀၆) ရပြီးဖြစ်သည်ဟု ဆိုပါကြောင်း၊ပုံစံ(၁၀၅) သည် မြေပုံ၊ ပုံစံ (၁၀၆) သည် မြေယာဆိုလျှင် မှန်ကန်ပါကြောင်း၊ မြေကိုအပိုင်လွှဲအပ်ခဲ့သည့် အမိန့် အာဏာ Authority မဟုတ်ပါကြောင်း၊ထို့ကြောင့် ၎င်းကိစ္စသည် တရားမဝင်သည့်အတွက် ပြန်ပေးသင့်သည်ဟု ထပ်မံပြောကြားလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်
မိမိတို့အနေဖြင့် တရားဝင်မြေသိမ်းဆည်းသည့်အခါနှင့် စွန့်လွှတ်ပေးသည့် အခါတို့တွင် တပ်မတော်၏ မြေသိမ်းဆည်းရေး မူဝါဒသုံးရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် အဆင့်မြင့် ဆုံး ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ စိစစ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသော ညွှန်ကြားချက်နှင့်အညီလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊တပ်မတော်၏ မြေစွန့် လွှတ်ရေး မူဝါဒသုံးရပ်နှင့်အညီလည်း စွန့်လွှတ်ပေးနိုင်ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားပြီး ဖြစ်သည့်အတွက် ထပ်မံဖြေကြားပေးရန် မရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
