(ခ)-“မိုင်းနှင့်ပေါက်ကွဲအားပြင်းသောလက်နက်ခဲယမ်း” များအသုံးပြုနေမှုတို့ကြောင့် ပြည်သူများ၏ဘဝလုံခြုံမှု မရှိဖြစ်နေခြင်းတို့ကိုသက်ဆိုင်ရာမှမည်သို့ကူညီပေးနေ သည်နှင့်သုံးပြုမှုလျော့နည်းသွားစေရန်မည်သို့ဆောင် ရွက်ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၁၂.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

nan khan ayeမြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်နှင့် အတူ ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်ချက်သည် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ သည် နိုင်ငံရေး ပြဿနာဖြစ်ပြီး  ပြဿနာကိုဖြေရှင်းနိုင်ရန် ယုံကြည်မှုက မရှိမဖြစ်လိုအပ်ပါကြောင်း၊ NCA လမ်းစဉ်အတိုင်း ငြိမ်းချမ်းရေးအတွက် အားသစ်လောင်းရ မည့်အချိန်တွင် လက်နက်ကိုင်တပ်များ၏ ဖောက်ခွဲရေးပစ္စည်းများအသုံးပြုပြီး တိုက်ပွဲများဆင်နွှဲနေခြင်းကြောင့် ပြည်သူများ၏ ဘဝသည် လုံခြုံမှုမရှိဖြစ်ပေါ်နေပါကြောင်း၊

မိမိတို့ နမ္မတူမြို့နယ်၏ တချို့ကျေးရွာထိပ်များတွင်  မိုင်းများတပ်ဆင်ထားခြင်း၊ လမ်းဘေးဝဲ/ယာများတွင် ကြိုးမိုင်းများ တပ်ဆင်ထားခြင်း ၊ ပေါက်ကွဲမှု များသော ဒေသဖြစ်သော် လည်း မိုင်းနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊  အသိပညာပေးမှုများ မရှိခြင်း၊ တပ်ဆင်ထားသော မိုင်းများကို လာရောက် ဖြုတ်ပေးရန် လက်နက်ကိုင်တပ်များအား အကူ အညီတောင်းသော်လည်း အကူအညီ ရရှိမှုမရှိခြင်း၊ တပ်ဆင်ထားသောမိုင်းများသာ ပေါက်ကွဲပြီး ထိခိုက်ဆုံးရှုံးမှုများကိုသာ ကြုံတွေ့ခဲ့ရပါကြောင်း၊လက်နက်ကိုင်များ က ပြောင်း လဲခြင်းမရှိဘဲ တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွား နေမည်ဆိုပါက ငြိမ်းချမ်းရေးကိုဆန့်ကျင်နေသည့်ဘက်သို့ သွားရာရောက်နေပါကြောင်း၊ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေ သည့် မိုင်းနှင့် ပေါက်ကွဲအားပြင်းသည့်လက်နက်ခဲယမ်းများနှင့် ပတ်သက်၍ အောက်ပါ မေးခွန်းများကို မေးမြန်းလိုပါကြောင်း၊(၁) မိုင်းနှင့်ပေါက် ကွဲအားပြင်းသော လက်နက် ခဲယမ်းများကို လက်နက်ကိုင်များ တွင်ကျယ်စွာအသုံးပြုနေမှုတို့ကြောင့် အပြစ်မဲ့ပြည်သူများနှင့် သက်ရှိသက်မဲ့များ ပျက်စီး ဆုံးရှုံးနေခြင်းနှင့် ပြည်သူလူထုများ၏ ဘဝ လုံခြုံမှု မရှိဘဲဖြစ်နေခြင်းတို့ကို သက်ဆိုင်ရာမှ မည်သို့ကူညီဆောင်ရွက်ပေးနေသည်ကိုလည်းကောင်း၊(၂) မိုင်းပေါက်ကွဲ မှုများသည့်ဒေသများတွင် မိုင်းအန္တရာယ် ကာကွယ်နိုင် ရန် ပြည်သူများကို မည်သို့စီစဉ် ဆောင်ရွက်နေ ပါကြောင်းနှင့်(၃) မိုင်းနှင့် ပေါက်ကွဲအားပြင်းသည့် လက်နက်များ အသုံးပြုမှုလျော့နည်း သွားစေရန်မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen myint nweမြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများကြောင့် ထိခိုက်ခံရပြီး အသက်မသေကျန်ရစ်သူများအား ကယ်ဆယ်ခြင်း ရှေးဦးသူနာပြုစုခြင်း၊ ခွဲစိတ်ကုသပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတို့အား ကုသပေးခြင်း၊ ခြေတုလက်တုပြု လုပ်ပေးခြင်း၊ အသက်မွေးဝမ်း ကျောင်းပညာသင်ကြားပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ICRC, DCA ကဲ့သို့ INGO,NGO များပူးပေါင်း၍ Victim Assistance အနေဖြင့် ဒေသအလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ မိုင်းအသုံးပြုမှု တားမြစ်ခြင်းနှင့် ဖျက်ဆီးခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးများသို့လည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်လျက် မိုင်း အသုံးပြုမှု တားဆီးပိတ်ပင်ရေးနှင့် ပတ်သက်သော နည်းပညာများ၊ နိုင်ငံတကာ၏ အတွေ့အကြုံ များကို ရယူလျက်ရှိပါကြောင်း။

မိုင်းနှင့်စပ်လျဉ်းပြီး ဆောင်ရွက်လျက်ရှိသော ဂျီနီဗာမြို့အခြေစိုက် Foundation Suissede Deminage (FSD) အဖွဲ့အစည်း၏ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာ တွင်လည်း မြန်မာနိုင်ငံတွင် မိုင်းရှင်းလင်းရေးအသိပညာပေးရေးနှင့် မိုင်းအန္တရာယ်အသိပညာပေးရေးလုပ်ငန်းများကို လည်း ဆောင်ရွက်နိုင်ခဲ့သည် ဟု ဖော်ပြထားသည် ကို တွေ့ရှိနိုင်သည့်အပြင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များနှင့် ညှိနှိုင်း ပူးပေါင်း၍ မိုင်းအသိ ပညာရေး ဆောင်ရွက်မှုဆိုင်ရာသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက်လျက် ရှိရာ UNICEF နှင့် ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့မှ မိုင်းအန္တရာယ် အသိပညာရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာ့တပ်မတော်အနေဖြင့်လည်း မိုင်းများကို အကန့်အသတ်ဖြင့်သာထုတ်လုပ်၍ စစ်ဆင် ရေးများတွင် အကန့်အသတ်ဖြင်‌့သာ အသုံးပြုလျက်ရှိပါ ကြောင်း၊ စစ်ဆင်ရေး ဒေသရှေ့တန်း စခန်းများတွင် လုံခြုံရေး အတွက်သာ မိုင်းများအား စနစ်တကျ မှတ်ပုံတင်၍ အသုံးပြုပြီး စခန်းမှစွန့်ခွာ သောအခါ အဆိုပါမိုင်းများအား စနစ်တကျ ပြန်လည်ဖော်ယူ ရပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ ဒေသများတွင် တပ်အင်အားဖြင့် လုံခြုံရေး မဆောင်ရွက်နိုင်သော နေရာများတွင်သာ အကာ အကွယ်မိုင်းများအား စနစ်တကျခင်းကျင်း၍ ခြံစည်းရိုးခတ်ကာ မိုင်း သတိပေးဆိုင်းဘုတ်များ တပ်ဆင်ဆောင် ရွက်လျက် ရှိပါကြောင်း။

မြန်မာနိုင်ငံသည် ဂျီနီဗာသဘောတူညီချက်ကို လက်မှတ်ရေးထိုးသော နိုင်ငံဖြစ်သည်နှင့်အညီ ၎င်းသဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည့်အချက်အလက်များကို လိုက်နာဆောင်ရွက်လျက် ပါရပါကြောင်း၊ Fourth Geneva Convention တွင်စစ်ဆင်ရေးနယ်မြေများ၌ အရပ်သားများကို ကာကွယ်စောင့်ရှောက်ပေးရမည်ဆိုသောအချက်ပါဝင်ပါကြောင်း၊ ဆေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရရှိလာသောလူနာများကို ပြုစုစောင့်ရှောက် ကုသမှုများပေး လျက် ရှိသည့်နည်းတူ စစ်ဆင်ရေးနယ်မြေအတွင်း မိုင်းထိသောအရပ်သားများကို ဆေးဝန်ထမ်း တပ်ဖွဲ့ ဝင်များမှ မိမိတို့ စစ်သည် များနှင့်မခြား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါအတိုင်း အဆင့် (၅) ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။

တပ်ရင်းဆေးမှူးများက ဆောင်ရွက်ပေးခြင်း၊ ရှေ့တန်းစစ်မြေပြင်တွင် မိုင်းထိသော အရပ်သားများကို တပ်ရင်းဆေးမှူးများက ကြည့်ရှုကာ ၎င်းတို့၏ ဒဏ်ရာအခြေအနေအပေါ်မူတည်၍ အနာကို ဆေးကြော သန့်စင်ပေးခြင်း၊အသက်ကယ်ကုသပေးမှုများဆောင်ရွက်ပေးခြင်း၊လိုအပ်ပါက ခွဲစိတ်ဖြတ်တောက်ပေးခြင်းများကို ဆောင်ရွက်ပေးကာ ဆေးရုံပြောင်းရွှေ့ရန်လိုအပ်ပါက ပြည့်စုံလုံလောက်သော ကုသမှု မှတ်တမ်း များနှင့်အတူ ဗျူဟာဆေးတပ်ဖွဲ့ သို့မဟုတ် တပ်မဆေးတပ်ဖွဲ့ရှိရာ နေရာသို့ တပ်မတော်၏အစီအစဉ်ဖြင့် အချိန်မီလွှဲပြောင်းကုသစေခြင်း။

ဗျူဟာဆေးတပ်ဖွဲ့များက ဆောင်ရွက်ပေးခြင်း။          မိမိတို့ထံသို့ ရောက်ရှိလာသော မိုင်းထိ အရပ်သားလူနာများကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးပြီး လိုအပ်ပါက ခွဲစိတ်ဖြတ်တောက် ကုသ ပေးခြင်း တို့ကို ဆောင်ရွက်ပေးကာ ဆေးရုံပြောင်းပေးရန် လိုအပ်သူများကို တပ်မတော်၏ အစီအစဉ်ဖြင့် ရှေ့တန်းပင်မဆေးတပ်ဖွဲ့ရှိရာ သို့မဟုတ် တပ်မတော်ဆေးရုံများရှိရာသို့ ပို့ဆောင်ကုသ ပေးခြင်း။

တပ်မဆေးတပ်ဖွဲ့များက ဆောင်ရွက်ပေးခြင်း။           မိမိတို့ထံသို့ ရောက်ရှိလာသော မိုင်းထိ အရပ်သားလူနာများကို လိုအပ်သော ခွဲစိတ်ကုသပေးမှုများ ဆောင်ရွက်ပြီးနောက် ဆေးရုံပြောင်းရွှေ့ ကုသပေးရန် လိုအပ်သောလူနာများကို တပ်မတော်ဆေးရုံများတွင် အခမဲ့ကုသပေးနိုင်ရန်အတွက် တပ်မတော်၏အစီအစဉ်ဖြင့် လွှဲပြောင်းကုသပေးခြင်း။

တပ်မတော်ဆေးရုံများတွင် ဆောင်ရွက်ပေးခြင်း။        တပ်မတော်ဆေးရုံများတွင် လိုအပ် သော ဆေးဝါးကုသမှုများကို အခမဲ့ကုသပေးပြီး ခြေတု၊ လက်တုတပ်ဆင်ရန် လိုအပ်သောသူများကို ခြေတု၊ လက်တုတပ်ဆင်ပေးခြင်းအတွက် လိုအပ်သော ပြင်ဆင်ဆောင်ရွက်မှုများကို ဆောင်ရွက်ရန် တပ်မတော် ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးရုံ(ခုတင်-၃၀၀)သို့ စေလွှတ်ကုသစေခြင်း။

ခြေတု၊ လက်တုများ တပ်ဆင်ဆောင်ရွက်ပေးခြင်း၊ တပ်မတော်ကိုယ်လက်အင်္ဂါပြန်လည် သန်စွမ်းရေးဆေးရုံ(ခုတင်-၃၀၀)တွင် လိုအပ်သော တိုင်းထွာမှုများပြုလုပ်ပြီး ခြေတု၊ လက်တုများကို တပ်ဆင်ပေးကာ နာလန်ထသည်အထိ ကုသပေးပြီး ၎င်းတို့၏မူလဒေသသို့ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

တပ်မတော်အနေဖြင့် လက်နက်ကိုင်သောင်းကျန်းသူများရှိသောဒေသများရှိ ဒေသခံပြည်သူ လူထုမှ လာရောက်သတင်းပေးပို့ပါက စစ်မြေပြင်အင်ဂျင်နီယာစစ်သည်များဖြင့် မိုင်းနှင့် မသင်္ကာဖွယ် ရာ/ပေါက် ကွဲစေတတ်သော ပစ္စည်းများကို အချိန်မရွေးသွားရောက်ရှင်းလင်းပေးခြင်း၊ ၎င်းဒေသများ တွင် မိုင်းအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက်တပ်မတော်အနေဖြင့် မိုင်းအသိပညာပေးခြင်းနှင့် မိုင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ဗဟုသုတများ ပြည်သူလူထုမှ သိရှိစေရန် ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပတ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လျက်ရှိရာ တပ်မတော်မှလည်း ပါဝင် ဆွေးနွေးဆောင် ရွက်လျက်သည့် နည်းတူ ပြည်တွင်းတွင် ကျင်းပလျက်ရှိသော မိုင်းအန္တရာယ် အသိပညာပေးအထောက်အကူပြုအဖွဲ့များ၏ ဆွေးနွေးမှုများနှင့်အတူ မြန်မာနိုင်ငံ မိုင်းလုပ်ငန်းဗဟိုဌာန၏ မိုင်းရှင်းလင်းရေး ကိစ္စရပ်များတွင် အကောင်အထည်ဖော်ရေးကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်တွင်းတွင် ကျင်းပသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး အလုပ်ရုံ ဆွေးနွေးပွဲများနှင့် သင်တန်းများသို့လည်း တက်ရောက်လျက်ရှိပြီး ယခုအခါ ကရင် ပြည်နယ်အတွင်း သုမွဲထမြစ်ဆုံနှင့် ဖာပွန်-ခေါပုတ်-နတ်တောင်-ဒါးကွင်းဒေသ၌ လူသားချင်းစာနာမှု မိုင်းရှင်း လင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူ လူထုနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်နန်းခမ်းအေး(နမ္မတူ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ယခုဖြေကြားချက်များသည် မိုင်းနှင့်ပေါက်ကွဲအားပြင်းသည့် လက်နက်ခဲယမ်းများကြို အသုံးပြုမှုမှ ဆုံးရှုံးမှု ရှိနေခြင်းများကို ကာကွယ်ပေးခြင်း၊ ကုသပေးခြင်းများကို ဖြေကြားခဲ့ခြင်းဖြစ်ပါကြောင်း၊ မိုင်းများ တပ်ဆင်ထားရှိမှုကို သတင်းပေးပါက အချိန်မရွေးသွားရောက်ရှင်းလင်းခြင်း၊မိုင်းအန္တရာယ် ကင်းရှင်းစေမည့် အသိပညာဗဟုသုတပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မိုင်းရှင်းလင်းရေး အလုပ်ရုံ ဆွေးနွေးပွဲ များသည် မိုင်းပေါက်ကွဲမှုများသည့် ဒေသတွင်  မရှိပါကြောင်း၊ ထို့ကြောင့် တပ်ဆင်ထား သော မိုင်းများနှင့် ပေါက်ကွဲအားပြင်းစေသောလက်နက်များအား အချိန်မီ ရှင်းလင်း ပေးနိုင်ခြင်း မရှိပါ က မည့်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မိုင်းနှင့်ပတ်သက်ပြီး မိမိတ၏ စွမ်းဆောင်နိုင်မှု အတိုင်းအတာ အတွင်းတွင် အပြည့်အစုံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလားတူ နိုင်ငံတော်အစိုးရ၏ အဖွဲ့ အစည်းများ အသီးသီးကလည်း ပညာပေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိုင်း များကို အချိန်မီသွားရောက်ရှင်းလင်းနိုင်ရန်နှင့်စပ်လျဉ်း၍ သွားရောက် ရှင်းလင်းနိုင်သည့် အခြေ အနေပေးနိုင်မှသာ သွားရောက်ရှင်းလင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊

အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ရန်နှင့် စပ်လျဉ်း၍ အဆိုပါနယ်မြေဒေသတွင် နယ်မြေ အေးချမ်းမှု ရှိမှသာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများက ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း မိမိတု့ိနိုင်ငံ တွင် ငြိမ်းချမ်းရေးတိုးတက်ဖြစ်ပေါ်လာသည်နှင့်အမျှ ပြဿနာများသည် အေးချမ်းသွားမည်ဟု ယူဆပါကြောင်း၊ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး (၂၁)ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းနှင့်  တစ်ဆက်တည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဆောင်ရွက်ရမည့်လုပ်ငန်းများလည်းရှိပါကြောင်း၊ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်မှု ရပ်ဆဲရေးစာချုပ် အခန်း(၃) အပိုဒ် ၅(င) တွင် ငြိမ်းချမ်းရေးတိုးတက်ဖြစ်ပေါ်မှုနှင့်အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားသောမိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များ ကို နိုင်ငံတော် အစိုးရနှင့် တစ်ဆင့်ချင်းညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန် ပါရှိပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းမှုများ၊ လက်နက်ကိုင်ပဋိပက္ခများ ငြိမ်းချမ်းသွားတာနှင့်အညီ တပ်မတော်ကလည်း လိုအပ်နေသော ပြည်သူ လူထုနှင့်အတူ တပ်မတော်သားများအားလုံး၊ နိုင်ငံသူနိုင်ငံသားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး၊မိုင်းကင်းရှင်းရေးကိစ္စများကို ဆက်လက်ဆောင် ရွက်နေပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။