မေးခွန်း အကြောင်းအရာ
ပြည်သူများသည် ရုံးပြင်ကန္နားများကို သွားရောက်ပြီးလုပ်ငန်းဆောင်ရွက်သည့်နေရာတွင် အစိုးရရုံးဌာနများ၏ လုပ်ထုံးလုပ်နည်းများကို နည်းမလည်၍သော်လည်းကောင်း၊ ကိုယ်နှင့်အတူ ပါလာသည့် စာရွက်စာတမ်း၊ အချက်အလက်၊ အထောက်အထားများသည် ရုံးလုပ်ငန်းစဉ်အရ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မသိနိုင်၍သော် လည်းကောင်း လုပ်ငန်းကြန့်ကြာမှုများကို အစဉ်ကြုံတွေ့နေရလေ့ရှိပါကြောင်း၊ ထိုအခြေအနေများကြောင့် မည်သည့်အချက်များလိုသည်၊ မည်သည့်စာရွက်စာတမ်းများ ပြည့်စုံရမည်၊ မည်သည့် အဆင့်ပြီးရင် မည်သည်တို့ ဆောင်ရွက်ရမည်ကို တိကျသည့်လမ်းညွှန်ချက်များ အများပြည်သူသိရှိနိုင်ရန် ရေးဆွဲ၊ ချိတ်ဆွဲထားခြင်းဖြင့် လုပ်ငန်းများကို အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်နိုင်ရုံမျှမက ပြည်သူ့ဝန်ထမ်းများ၊ တစ်နည်းအားဖြင့် အစိုးရအပေါ်ကို ယုံကြည်မှုများ ပိုမိုတိုးပွားလာ စေနိုင်မည်ဖြစ်ပါကြောင်း၊
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရုံးလုပ်ငန်းများကို Online ကတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးထားသကဲ့သို့ မည်သည့်အချက်အလက်များ၊ မည်သည့် အထောက် အထား စာရွက်စာတမ်းများ ပါရမည်ဖြစ်ပါကြောင်း၊ မည်သည့်အဆင့်ခေါ်ပြီး မည်သို့ဆက်လုပ်ရမည်ကို Internet တွင် ပြည့်စုံစွာဖော်ပြ ထားသည်ကို တွေ့ရှိရပါကြောင်း၊ ဖွံ့ဖြိုးဆဲ မိမိတို့အိမ်နီးချင်းနိုင်ငံ များတွင် စာတမ်းများချိတ်ဆွဲပြသထားသည်ကို တွေ့ရသကဲ့သို့ မိမိတို့နိုင်ငံ၏ အချို့သော ရုံးဌာနများတွင် ရုံးတွင်းအစီအစဉ်ဖြင့် Vinyl များ တွင် ရေးသားပြီး ချိတ်ဆွဲဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ထိုသို့ ရှင်းလင်းစွာ ချိတ်ဆွဲဖော်ပြထားသည့်ရုံးများနှင့် ထိတွေ့ဆက်ဆံခွင့်ရသည့် ပြည်သူများအနေဖြင့် လွယ်ကူ အဆင်ပြေချောမွေ့မှုများကြောင့် စိတ်ကျေနပ်မှု ရရှိကြသည်ကို တွေ့ရှိရပါကြောင်း၊
သက်ဆိုင်ရာဌာနများကို ရုံးလုပ်ငန်းများအတွက် ရောက်ရှိလာသော ပြည်သူတွေအချို့သည် လုပ်ထုံးလုပ်နည်းနှင့် မညီသည်များ သို့မဟုတ် အထောက်အထား၊ အချက်အလက်၊ စာရွက်စာတမ်းမပြည့်စုံပါက အချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက် ပြည်သူ့ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြားပေးသော်လည်း တစ်ဖက်နှင့်တစ်ဖက် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပွားနေကြသည် ကို တွေ့ရ ပါကြောင်း ၊ ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်လာသည့် အစိုးရသစ်တစ်ရပ်နှင့်အညီ ယခင်ပုံစံဟောင်းထဲမှ ခွဲထွက်ပြီး ပြည်သူ့အကျိုးကို အမှန်တကယ်ဆောင် ရွက်လိုသည့် ပြည်သူ့ဝန်ထမ်းများက မည်သည့်အချက် များလိုပြီး မည်သို့သောစာရွက်စာတမ်းများ လိုအပ်သည်ကို ပြည်သူအချို့ကို ရိုးသားစွာ ရှင်းလင်းဖော်ပြခဲ့သော်လည်း အပိုင်းလေးမပါ၍လား၊ ပုဒ်မလေးမလုပ်၍လားဟူသော ရိုးစစ်မှုများ ခံနေရသည် ကို တွေ့ရပါကြောင်း၊
ထိုမှတစ်ဆင့် မည်သို့ပင် ပြောင်းလဲ၊ ပြောင်းလဲ မထူးပါသဖြင့် စိတ်ပျက်သွားမည်ကို အလွန်ပင် စိုးရိမ်မိပါကြောင်း၊ ဤအခြေအနေများကို ရှောင်ရှားကျော်လွှားသွားနိုင်ရန် ရုံးများတွင် လိုအပ်သည့် အချက် အလက်များကို Vinyl များ ချိတ်ဆွဲထားခြင်းအားဖြင့် လွယ်လွယ်ကူကူ ကျော်လွှားသွားနိုင်မည်ဟု ယူဆပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန် အစိုးရအနေဖြင့် ငွေကုန်ကြေးကျမများပါကြောင်း၊ မိမိတို့အနေဖြင့် E-Government System များ၊ Online Service များ မလုပ်နိုင်သေးခင် အစိုးရဘတ်ဂျက်များ အမြောက်အမြားမကုန်ဘဲ ပြည်သူများနှင့် အစိုးရကိုယ်စား ထိတွေ့ဆက်ဆံနေ ရသည့် ပြည်သူ့ဝန်ထမ်း များကြားတွင် အပြန်အလှန် လေးစားယုံကြည်မှုများကို ၎င်းနည်းဖြင့် မြှင့်တင်နိုင်လိမ့်မည်ဟု ယူဆပါကြောင်း၊ မိမိတို့ ကိုယ်စားလှယ်များအနေဖြင့် ကိုယ့်မဲဆန္ဒနယ်ရှိ အစိုးရ ဌာနများ၏ တာဝန် ရှိသူများကို တိုက်တွန်းအားပေး မေတ္တာရပ်ခံသည့် ပုံစံမျိုးများဖြင့် ယင်းလုပ်ငန်းများကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသော်လည်း မဲဆန္ဒနယ် တစ်နယ်ချင်းစီ အလိုက် သာ ဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ဝန်ကြီးဌာနအားလုံးအတွက် ပြည်ထောင်စုအစိုးရအနေဖြင့် လမ်းညွှန်ချက်ချမှတ်ပြီး တစ်ပြေးညီဆောင်ရွက်မှသာ အကောင်အထည်ပေါ် လာမည်ဟု ယူဆ ပါကြောင်း၊
သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ၍ ရုံးလုပ်ငန်းများ လုပ်ကိုင်နေရသော အစိုးရဌာနရုံးများတွင် ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များနှင့် လိုအပ်သော အချက်အလက်များကို အများပြည်သူမြင်သာသောနေရာများတွင် ချိတ်ဆွဲပြသထားခြင်းနှင့် Website, Social Media အစရှိသော အင်တာနက်၊ လူမှုကွန်ရက်များတွင် ရှင်းလင်းစွာရေးသား ၍ဖြန့်ချိပေး ရန် ပြည်ထောင်စုအစိုးရအနေဖြင့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာနများသည် နိုင်ငံတော်အစိုးရ၏ ချမှတ်ထားသောမူဝါဒ၊ လမ်းညွှန်ချက်များ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ရသည့်ဌာနများတွင် လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် ဆောင်ရွက် ရသည့် လုပ်ငန်းများအပေါ် မူတည်ပြီး ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များနှင့် လိုအပ်သည့် သတင်းအချက်အလက်များကို ဝန်ကြီးဌာန အားလုံးနီးပါး Website များထားရှိပြီး ထုတ်ပြန်ကြေညာပေးလျက်ရှိသကဲ့သို့ ရုံးဌာနအသီးသီးတွင်လည်း လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်များကို Vinyl များချိတ်ဆွဲ၍လည်းကောင်း၊ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခြင်းဖြင့်လည်းကောင်း အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း၊
ပြန်ကြားရေးဝန်ကြီးဌာန၏ Web Portal ဖြစ်သော www.moi.gov.mm တွင် မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် ဖတ်ရှုနိုင်ပြီး MOI Web portal Facebook, MOI Blog ဖြစ်သော moigovnews.blogspot.com တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် ဌာနဖြစ်သည့် အားလျော်စွာ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြည်သူများသိလိုသည့် ဥပဒေများ၊ နည်းဥပဒေများ၊ အစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရေးမှူးများ၏ အမည်စာရင်း၊ ဆက်သွယ်နိုင်မည့် တယ်လီဖုန်းနံပါတ်တို့အပြင် ဝန်ကြီး ဌာနများ၏ Website လိပ်စာများကိုလည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် Link များနှင့် ပြည်ကြားရေးဝန်ကြီးဌာန Web Porta ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Web Page တို့တွင် ပြည်သူများ သိရှိနိုင်စေရန်နှင့် ဆက်သွယ်မေးမြန်းနိုင်ရန် လွှင့်တင်ဆောင်ရွက်ထားပါကြောင်း၊
ပြည်သူများ နေ့စဉ်ဖြစ်ပျက်နေသည့် သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာသတင်းများနှင့် အစိုးရအဖွဲ့၏ ဆောင်ရွက်မှုသတင်းများနှင့် လွှတ်တော်ဆိုင်ရာ သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်အတွက် MOI Web portal Facebook တွင် နေ့စဉ် လွှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံသို့ တက်ရောက်သတင်းရယူမည့့်် သတင်းမီဒီယာသမားများအား Web portal တွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ထို့အပြင် အစိုးရ၏ ရက် ၁၀၀ စီမံချက် လုပ်ငန်းစဉ်များလည်း ပြည်သူများ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်စေရန် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ရက် ၁၀၀ ဗီဒီယိုဖိုင်များကို ပြန်ကြားရေးဝန်ကြီးဌာန Web portal တွင် ပြည်သူများသိရှိနိုင်စေရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကိုလည်း နိုင်ငံပိုင် မီဒီယာများဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများတွင် ထုတ်လွှင့်ဖော်ပြပေးခဲ့ပါကြောင်း၊ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးပေါင်း ၄၃၁ ရုံးတွင်လည်း နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာနအသီးသီး၏ လုပ်ဆောင်မှုများ၊ သတင်း အချက် အလက်များကို ကြော်ငြာသင်ပုန်းများဖြင့်လည်းကောင်း၊လက်ကမ်းစာစောင်များဖြင့်လည်းကောင်း သက်ဆိုင်ရာ ဒေသအလိုက် အာဏာပိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အသိပညာပေးခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ အပါအဝင် အခြားသောဝန်ကြီးဌာနများ၏ သတင်းအချက်အလက်များ၊ မိုးလေဝသသတင်းများ၊ ထူးခြားဖြစ်စဉ် သတင်းများနှင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုသတင်းများကို ပြည်သူများ အလွယ်တကူ မေးမြန်းသိရှိနိုင်စေရန်အတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာန Call Center Hot Line(1883) ဖွင့်လှစ်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်ပြီး နိုင်ငံတော်အစိုးရ၏ လုပ်ငန်း ဆောင်ရွက်မှုများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေးအတွက် အများပြည်သူ မြင်သာ သည့်နေရာများတွင် ချိတ်ဆွဲပြသခြင်း၊ လိုအပ်သည့် အချက်အလက်များ ထုတ်ယူအသုံးပြုနိုင်ရန် ဌာနဆိုင်ရာ Websit နှင့် ဌာနဆိုင်ရာ Social Media များတွင် ဖော်ပြပေးခြင်း တို့ကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အခြားသောဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ယခုထက်ပိုမို တိုးတက်ပြည့်စုံအောင်လည်း အများပြည်သူအတွက် ပိုမိုအဆင်ပြေအောင် ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဖြိုးဇေယျာသော် (ခ) ဦးဇေယျာသော် (ဇမ္ဗူသီရိမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုဝန်ကြီးအနေဖြင့် ရှင်းရှင်းလင်းလင်း ဖြေကြားပေးသွားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊သို့သော် ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်တွင် အဓိကအားဖြင့် ဌာနများ၏ လုပ်ဆောင်နေ သည့် လုပ်ငန်းများကို သတင်းအဖြစ် Website များတွင် ဖော်ပြခြင်းမျိုးက ပိုပြီးများပြားနေပါကြောင်း၊ မိမိမေးခွန်း၏ အဓိကရည်ရွယ်ချက်မှာ မေးခွန်းတွင်လည်း ပါထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ မှတ်ပုံတင် လိုချင်၍ လဝကရုံးကို သွားပါက မှတ်ပုံတင်ရရှိရန်အတွက် မည်သည့်အချက်၊ မည်သည့်အထောက်အထား၊ မည်သည့် စာရွက်စာတမ်းများ ပါရမည်ကို သိရှိလိုပါကြောင်း၊ ပြည်သူများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသည့် မြေစာရင်းဌာနများ၊ စည်ပင်ဌာနများ၊ အခွန်ဦးစီးဌာနများတွင် ပြည်သူများက ရုံးလုပ်ငန်းများကို လာရောက်လုပ်ကိုင်ဆောင်ရွက်ရသည့်နေရာတွင် အခက်အခဲ၊ အဟန့်အတား မဖြစ်စေရန် မည်သည့်အချက်အလက်များ လိုအပ်သည်ကို ရှင်းရှင်းလင်းလင်း သိသာမြင်သာအောင် သက်ဆိုင်ရာရုံးဌာနများတွင် ချိတ်ဆွဲပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းခြင်းဖြစ်ပါကြောင်း၊ မိမိတို့ မြို့နယ် တစ်ခုချင်းစီထက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဦးစီးဦးဆောင်လုပ်ကာ လမ်းညွှန်ချက်ချမှတ်ပြီး ဝန်ကြီးဌာနများကို ညွှန်ကြားမှသာ အကောင်အထည်ပေါ်လာလိမ့်မည်ဟု ယူဆသည့်အတွက် ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်
မိမိသည် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဖြေကြားခြင်းဖြစ်သည့်အတွက် အစိုးရအဖွဲ့တစ်ရပ်လုံး သို့မဟုတ် အခြားသောဝန်ကြီးဌာနများကို ကိုယ်စားပြုပြီး ဖြေကြားရန် ခက်ခဲပါကြောင်း၊ သို့သော် အစိုးရဌာနဆိုင်ရာ ရုံးဌာနအသီးသီးတွင် ယင်းလိုအပ်ချက်များကို ထုံးစံအားဖြင့် ကြေညာထားပြီး ဖြစ်ပါကြောင်း၊ သို့သော် ယခုလက်ရှိအနေအထားတွင် ယင်းဆောင်ရွက်မှုများသည် မပြည့်စုံသေးဘဲ အားနည်းနေဟု ယူဆပါက မိမိတို့ ပြည်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကြားမှ ဆက်စပ်ပြီး အစိုးရဌာနများတွင် ၎င်းကိစ္စရပ်များကို အများပြည်သူအတွက် ပိုမိုရှင်းလင်း သိမြင်နိုင်ရန်အတွက် လွယ်ကူ အဆင်ပြေချောမွေ့စေရန်မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်ဆိုသည့် အကြံပြုစာမျိုး မိမိတို့ ပြန်ကြားရေး၏ ပြန်ကြားသည့် မီဒီယာများမှတစ်ဆင့် ဖော်ပြပေးခြင်းမျိုး တတ်နိုင် ပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနအသီးသီးတွင် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များကို ဆက်စပ်ပြီး ၎င်းတို့နှင့်အတူ သတင်းစာရှင်းလင်းပွဲများ စသဖြင့် ဆက်စပ်ပြီးဆောင် ရွက်နေသည့်အတွက် မိမိတို့သည် ထိုကဲ့သို့ပုဂ္ဂိုလ်များမှ တစ်ဆင့် အခြားသောဝန်ကြီးဌာနများကို ကိုယ်စားလှယ်ကြီး၏မေးမြန်းချက်နှင့် ပတ်သက်ပြီး အသိပေးအကြောင်းကြားပြီး ဆက်လက်ဆောင် ရွက်ကြ ရမည့် နှိုးဆော်သည့်အလုပ်ကို လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
