(ခ)-နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ အတွင်းရှိ မြို့နယ်များတွင်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ရိုးရိုးလွှင့်စက်(Analog System ) မှ (Digital System )သို့အဆင့်မြှင့် ပြောင်းလဲတပ်ဆင်ပေး ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၉.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

kyaw htayနာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်များသည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် မြန်မာ့အလင်းသတင်းစာလည်း အချိန်မီ Up to Date မရရှိနိုင်ပါကြောင်း၊ ပုဂ္ဂလိက ဂျာနယ်များ လည်း သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် ရောင်းသူမရှိပါကြောင်း၊ သတင်းမီဒီယာအတွက် ရေဒီယိုတစ်ခုသာ အားထားရသော်လည်း အမျိုးသမီးများနှင့် ကလေးများနားထောင်သည့် အလေ့အ ထ မရှိသည့်အတွက် အသိအမြင်၊ ဗဟုသုတများ လေ့လာရန် အခွင့်အလမ်းမျိုး မရှိပါကြောင်း၊ Sky Net ကဲ့သို့ စလောင်းများကိုလည်း လူတိုင်းမဝယ်နိုင်ဘဲ ဝယ်နိုင်သူများ အတွက်လည်း ပုံမှန် အခကြေးငွေ ပေးသွင်းနေရသည့် အခက်အခဲများ ရှိပါကြောင်း၊ ထို့ကြောင့်  ရုပ်မြင်သံကြား တပ်ဆင့်လွှင့်စက်ရုံ ရိုးရိုးလွှင်‌့စက် (Analog System) မှ (Digital System) သို့ အဆင့်မြှင့် ပြောင်း လဲတပ်ဆင်ပေးမည်ဆိုပါက မြို့ပေါ်ရှိပြည်သူများ ဗဟုသုတအမြင် ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လေရှီးနှင့် လဟယ်မြို့ပေါ်တွင် လျှပ်စစ်မီးအသင့်အတင့် ရရှိနေပြီဖြစ်ပြီး နန်းယွန်းမြို့တွင်လည်း မကြာမီ လျှပ်စစ်မီးရရှိတော့မည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အသိအမြင်၊ ဗဟုသုတ ပိုမိုကြွယ်ဝစေရေး ကို ရည်ရွယ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် ရုပ်မြင်သံကြားတပ်ဆင့်လွှင်‌့ စက်ရုံရိုးရိုး လွှင်‌့စက် (Analog System) မှ (Digital System) သို့ အဆင့်မြှင်‌့ပြောင်းလဲတပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr phe myintပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင်‌့ ရုပ်မြင်သံကြားသည်  လက်အောက်ခံရုပ်မြင်သံကြားနှင့် အသံလွှင်‌့ထပ်ဆင်‌့လွှင်‌့စက်ရုံများကို ဒီဂျစ်တယ်စနစ်ကို အသွင်ကူးပြောင်းထုတ်လွှင့်နိုင်ရန် အတွက် DVB-T2 လွှင်‌့စက်များ တိုးချဲ့တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ အဓိကမြို့များဖြစ်သော ရန်ကုန်၊ စစ်ကိုင်း၊ ပျဉ်းမနားနှင့် နေပြည်တော် (တပ်ကုန်း) တွင်ရှိသော စက်ရုံ ၄ ရုံသည်  ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် တွင်လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် လူဦးရေထူထပ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် မြို့ကြီး ၂၂ မြို့ရှိ စက်ရုံ ၂၂ ရုံတို့တွင်လည်းကောင်း၊ တတိယအဆင်‌့အနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် အချိုးကျ ပါဝင်စေရေးအတွက် လျှပ်စစ်မီးရရှိမှုအပေါ်မူတည်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စက်ရုံ ၆၉ ရုံတို့တွင် လည်းကောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် နောက်ထပ် စက်ရုံ ၄၉ ရုံကိုလည်ကောင်း တိုးချဲ့တပ်ဆင် ထုတ်လွှင်‌့ပေးခဲ့ပါကြောင်း၊ ယခုအခါ Digital လွှင်‌့စက်များ တပ်ဆင်ပြီးစီးသည့်  စက်ရုံ ၁၄၄ ရုံမှ ထုတ်လွှင်‌့မှုကို တစ်နိုင်ငံလုံး လူဦးရေ၏ ၈၈ .၇ ရာခိုင်နှုန်း ဖမ်းယူရရှိနေပြီ ဖြစ်ပါကြောင်း၊

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ခွဲဝေရရှိသည့် ရန်ပုံငွေပေါ်မူတည်ပြီး လက်အောက်ခံစက်ရုံများကို Digital လွှင်‌့စက်များ တိုးချဲ့တပ်ဆင် မှု ဆောင်ရွက်ပေး လျက်ရှိ ရာ ယခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ခွင့်ပြုချက်မရရှိသည့်အတွက် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ သို့သော် ကျန်ရှိသည့် စက်ရုံများတွင် မှာ DVB-T2 လွှင်‌့စက်များ တပ်ဆင်နိုင်ရေး အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် စက်ရုံ ၂၅ ရုံကိုလည်းကောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စက်ရုံ ၂၅ ရုံကိုလည်းကောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် တွင် နောက်ထပ် စက်ရုံ ၂၅ ရုံကို လည်းကောင်း၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် နောက်ထပ်စက်ရုံ ၂၅ ရုံကိုလည်းကောင်း တိုးချဲ့ တပ်ဆင်ရန်လျာထားပြီး ဘတ်ဂျက်ခွင့်ပြုမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက် သွားနိုင် မည် ဖြစ်ပါကြောင်း၊

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့တွင် မြန်မာ့အသံနှင်‌့ ရုပ်မြင်သံကြားမှ ထပ်ဆင်‌့လွှင်‌့စက်ရုံ တည်ဆောက်ပေးခဲ့ပြီး Analogue လွှင်‌့စက်များ တပ်ဆင်၍ ထုတ်လွှင်‌့ပေးလျက်ရှိပါကြောင်း၊ အဆိုပါ စက်ရုံ ၃ ရုံအနက် နန်းယွန်းစက်ရုံသည် ၂၈-၁-၂၀၁၆ ရက်နေ့မှစပြီး DVB-T2 လွှင်‌့စက် 50 W တပ်ဆင်ပေးခဲ့ပြီး ဒီဂျစ်တယ်ရုပ်သံလိုင်းများ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ကျန်ရှိ သည့် လေရှီးနှင့် လဟယ်ထပ်ဆင့်လွှင်‌့စက်ရုံများတွင် DVB-T2 လွှင့်စက်များကို တပ်ဆင်မှုနှင့်ပတ်သက်ပြီး၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားပြီး ဘတ်ဂျက်ခွင့်ပြုမှုအပေါ်မူတည်ပြီး ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။