မေးခွန်း အကြောင်းအရာ
၂-၅-၂၀၁၆ ရက်နေ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုမှ တာဝါတိုင်များသည် ကျန်းမာရေးထိခိုက်မှုရှိ/မရှိကို မေးခွန်းမေးခဲ့ရာမှာ ကျန်းမာရေးထိခိုက်မှုမရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဖြေကြားခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တရားဝင်လိုင်စင်ရရှိထားသည့် ဆက်သွယ်ရေး ကုမ္ပဏီကြီးသုံးခုသည် နိုင်ငံအနှံ့ တာဝါတိုင်များ စိုက်ထူ လျက် ရှိပါကြောင်း၊ ယခုလို စိုက်ထူရန်အတွက် နေရာများရွေးချယ်ကြရာတွင် GPS စနစ်နှင့် Nominal Point ကို ရွေးချယ်ကြမှန်းသိရှိရပါကြောင်း၊ အများစုဖြစ်သည့် လူနေရပ် ကွက်၊ ကျေးရွာ အလယ်များ တွင် ရွေးချယ်စိုက်ထူကြသဖြင့် နိုင်ငံအနှံ့တွင် ကန့်ကွက်တိုင်ကြားမှုများ ရှိနေပါကြောင်း၊ ၎င်း တာဝါတိုင်များအတွက် လျှပ်စစ်က နေရာတိုင်း မရနိုင် သဖြင့် မြင်းကောင်ရေ ၅၀ နှင့် ၁၀၀ ကြားရှိ သည့် မီးစက်ကြီးများကို အသုံးပြုနေကြရသောကြောင့် ထိုမီးစက်ကြီးများကို ဆိုင်လိမ်ဆာများ တပ်ဆင်ရန် လမ်းညွှန်ထားကြောင်း သိရှိ ရသော် လည်း နေရာအတော်များများတွင် အသုံး မပြုကြောင်း သိရှိရပါသည်။ ၎င်း မီးစက်များ၏ အသံဆူညံမှုသာမက တုန်ခါမှုများလည်း ပတ်ဝန်းကျင်ကိုများစွာ အနှောင့် အယှက် ဖြစ်စေ ပါကြောင်း၊ တာဝါတိုင်စိုက်ထူသည့် ကုမ္ပဏီ အမျိုး မျိုးရှိရာ တွင် ဝေးလံသည့် မြို့ရွာများကို ထပ်ဆင့် ကန်ထရိုက်များပေးကြရာ မြေရှင်က ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု အတွက် မြေငှားရမ်းခ ရသော်လည်း အဆင့်ဆင့် ထပ်မံငွေ ယူငှား ရမ်းကြ သည့် အတွက် တာဝါ တိုင်တစ်ခုကို ကုမ္ပဏီနှစ်ခုက သုံးခုက မီးစက်နှစ်လုံး၊ သုံးလုံးတပ်ဆင် အသုံးပြုကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခု မီးစက်ကြီး များသည် Decimal ၈၀ နှင့် ၁၀၀ ကြားတွင်ရှိပါသောကြောင့် တာဝါတိုင်များ နှစ်ရှည်စာချုပ်များနှင့် ငှားရမ်းချုပ်ဆို ကြသည်ကိုလည်း သတိပြုရမည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ကြုံတွေ့နိုင်ရ ပါကြောင်း၊ နေ ရာတော်တော်များများတွင်လည်း လျှပ်စစ်မီးရရှိမှု အားနည်းသည့် တိုင်းပြည်၏အခြေအနေ ဆိုလာစနစ်ကို ကောင်းစွာအသုံးပြုခြင်း၊ လူနေထူထပ်သည့် မြို့ရွာများ ကို ရှောင် ရှားပြီး နေ ရာရွေး ချယ်ခြင်း၊ နေရာရွေးချယ်ရာတွင် ပတ်ဝန်းကျင်လူနေအိမ်များနှင့် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းမှုများပြုလုပ်ရန် အားနည်းချက်များလည်း တွေ့ရပါကြောင်း၊ GPS စ နစ်ဖြင့် ရွေးရ၍ နေရာ လွှဲလို့မရနိုင်သော် လည်း အဓိကအားဖြင့် သက်ဆိုင်ရာတာဝါတိုင်များ၏ လုံခြုံရေးကို ဦးတည်ပြီး လူနေရပ်ကွက်များအတွင်း ရွေးချယ်ကြခြင်းဖြစ်သည့်အတွက် တာဝါတိုင်အကွာအဝေးကို ပိုမို နီးစေခြင်း၊ အရေအတွက်ကို ပိုများစေခြင်း များပြု လုပ်၍ လူနေရပ်ကွက်များအတွင်း တာဝါတိုင်များ တည်ဆောက်မှု လျော့နည်းအောင် ဆောင်ရွက်မှုများလည်း အားနည်းနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာနများမှ အတည်ပြုရွေးချယ်ပြီးမှ သတ်မှတ်ပေးရ မည်ဖြစ်ပြီး အသုံးပြုမည့် မီးစက်အမျိုးအစားနှင့် မီးစက်အသစ်လား၊ အဟောင်းလားဆိုသည့် စည်းကမ်းသတ်မှတ်ချက်များ ရှိသင့်သည်ဟု ထင်မြင်မိပါကြောင်း၊ ချမှတ်ထားပေးသည့် စည်းကမ်းများရှိခဲ့လျှင်လည်း တာဝန်ရှိသူများက ကွင်းဆင်းပြီး ထိရောက်စွာ တာဝန်ယူစစ်ဆေးမှုများ မပြုလုပ်နိုင်ပါက အောက်ခြေမှ ကန်ထရိုက်အဆင့်ဆင့်က တိကျစွာလိုက်နာခြင်း မရှိကြောင်း ကို တွေ့ရှိရမည်ဖြစ် ပါကြောင်း၊သို့ဖြစ်ပါ၍ တာဝါတိုင်များအသုံးပြုနေသည့် မီး စက်များမှ ဆူညံသံကြောင့် ပတ်ဝန်းကျင် အနှောက်အယှက် မဖြစ်စေရန် သက်ဆိုင်ရာမှ ကိုယ်တိုင်ကွင်းဆင်း လေ့လာစစ်ဆေးပြီး ဆူညံမှုများ လျော့နည်း သက်သာ စေရန်မည်သို့ စီစဉ်ဆောင်ရွက်ပေးသွားမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်း/ပြည်ပအော်ပရေတာ များဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနောမြန်မာလီမိတက်နှင့် အူရီဒူးမြန်မာလီမိတက်တို့ အနေဖြင့် မိုဘိုင်းဆက်သွယ်ရေး စခန်းနှင့် တာဝါတိုင်များကို တည်ဆောက်ရာတွင် လျှပ်စစ်မီးရရှိသည့် နေရာများရှိသကဲ့သို့ လျှပ်စစ်မီးမရရှိသည့် နေရာများလည်း ပါဝင်ပါကြောင်း၊ လျှပ်စစ်မီး ရရှိ သည့်နေ ရာသည် မြန်မာပြည် တစ်ပြည်လုံးတွင် နေရာနည်းသေးသည့် အတွက်ကြောင့် လျှပ်စစ်မီးမရရှိသည့် နေရာများကို ဆောင်ရွက်နေရသည့် အတွက်ကြောင့် လျှပ်စစ်မီး ဓာတ်အားပေးစက်များ သုံးရခြင်းဖြစ်ပါကြောင်း၊ မိုဘိုင်းစခန်းများတွိင် Solar System တပ်ဆင်အသုံးပြုမည်ဆိုပါက Solar System သုံးရန်အတွက် ငွေကျပ်သိန်း ၃၂၀ ကုန်ပါကြောင်း၊ Sound Proof အမျိုးအစား မီးစက်တပ်ဆင် မည်ဆိုပါကလည်း စခန်းတစ်ခုကို ငွေကျပ် ၁၀၅ သိန်း၊ Open Type ရိုးရိုးတန်းတန်းမီးစက်ဆိုလျှင် ၈၉ သိန်း၊ သိန်း ၉၀ ကုန်ကျမည်ဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး Solar စနစ်တပ်ဆင်ခြင်းနှင့် Sound Proof အမျိုးအစား မီးစက်များကို အစားထိုးတပ်ဆင် ပေးသွားမည်ဖြစ်သကဲ့သို့ တယ် လီနောနှင့်အော်ဒီဒူး တို့ကိုလည်း မီးစက်များအသုံးပြုပါက Sound Proof မီးစက်မျေားကိုသာ အသုံးပြုရမည်ကို ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားလိုင်းတိုးချဲ့ ချိတ်ဆက် သွယ်တန်းနိုင်မှု အပေါ်မူ တည်ပြီး မိုဘိုင်းဆက်သွယ်ရေးစခန်းများကို လျှပ်စစ်ဓာတ်အားနှင့် ပြောင်းလဲချိတ်ဆက် တပ်ဆင်သွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်၍သော်လည်း ကောင်း၊ လျှပ်စစ်ဓာတ် အား မရရှိ၍သော်လည်းကောင်း မီးစက်များကိုအသုံးပြုရမည် ဆိုပါက ဆူညံသံလျော့နည်းသည့် Sound Proof အမျိုးအစားမီးစက်များကို အသုံးပြုသွားရန်နှင့် သုံးစွဲမှုသက် တမ်းကျော်လွန်သည့် မီးစက်များကိုလည်း အစားထိုးလဲလှယ်ပေးသွားမည် ဖြစ်ပါကြောင်း၊
မီးစက်များ၏ ဆူညံသံကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်မဖြစ်စေရန် နေ့ပိုင်းအချိန်များတွင် မီးစက်မောင်းနှင်ပြီး ညပိုင်းအချိန်များတွင် Battery Bank များ တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ မီးစက်သံများကြောင့် ပတ် ဝန်းကျင်ဆူညံမှုဖြစ်ပေါ်ပြီး တိုင်ကြားမှုများရှိခဲ့လျှင် ချက်ချင်းကွင်းဆင်း စစ်ဆေးပါကြောင်း၊ မိမိတို့ဘက်မှလည်း တတ်နိုင်သမျှ မီးစက်သံကို မည်ကဲ့သို့ လျှော့ချရမည်ဆိုသည့်နည်းကိုလည်း သုတေသနပြုပြီး စဉ်းစားဆောင် ရွက် ရှာဖွေနေပါကြောင်း၊
ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက် ဝန်ထမ်းအိမ်ရာရှိ GSM စခန်းတွင် လျှပ်စစ်ဓာတ်အားအတွက် Solar ၊ အရန်မီးစက်နှင့် Batteryတို့ တပ်ထားပါကြောင်း၊ ဂန့်ဂေါမြို့ အမှတ်(၄)ရပ်ကွက်ရှိ GSM စခန်းတွင် မီးရရှိသည့်အတွက် Transformer ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ဂန့်ဂေါမြို့နယ် တောင်ယာပြင် သူတွင် မီးမရသည့်အတွက်ကြောင့် မီးစက်ကိုသာအားထားရပါကြောင်း၊ ဂန့်ဂေါမြို့နယ် ခေါက်ခူတွင် အရည်အသွေးကောင်းသည့် Solar ကိုသုံးရန် မိမိတို့က နှိုးဆော်နေရပါကြောင်း၊ ဂန့်ဂေါမြို့နယ် စိုင်ဒူးတွင်ရှိသည့် GSM စခန်းတွင် အရန်မီးစက်နှင့် မောင်းရခြင်းကြောင့် မီးစက်၏ဆီစရိတ် နှင့် လုပ်သားစရိတ် အခက်အခဲရှိခြင်းတို့ကြောင့် မီးစက်ကိုအသုံး မပြုကြပါကြောင်း၊ မလွှဲသာ မရှောင်သာ၍ မီးစက်ကို သုံးရခြင်းဖြစ်သည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။
