မေးခွန်း အကြောင်းအရာ
ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ကောက်ခံသည့် ဝင်ငွေခွန်များကို ဝင်ငွေအလိုက် ကင်းလွတ်ခွင့်နှင့် နုတ်ပယ်ပြီး သတ်မှတ်ထားသော အဆင့်အလိုက် တွက်ချက်ကောက် ခံနေသည် ကို တွေ့ရ ပါကြောင်း၊ ကောက် ခံရာတွင် လစာနှင့်ဝင်ငွေအပေါ် ကင်းလွတ်ခွင့်များနုတ်ပြီး ကျန်သည့်ငွေ သိန်း ၂၀ ထက်ကျော်လွန်သော ဝင်ငွေအပေါ် ဝင်ငွေအဆင့်အလိုက် ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းဟူ၍ တွက်ချက်ကောက်ခံပါကြောင်း၊ ထို့အပြင့် ပြောင်းရွှေ့နိုင်သောပစ္စည်း၊ မပြောင်းရွှေ့နိုင်သောပစ္စည်းများ ဝယ်ယူမှုအပေါ် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေအပေါ် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု အခွန်အကောက်ဥပဒေပုဒ်မ ၂၄ အရ တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၁ ကျပ်မှ သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀၁ ကျပ်နှင့်အထက်ကို ၂၅ ရာခိုင်နှုန်းဟူ၍ သတ်မှတ်ကောက်ခံသည်ကို တွေ့ရပါကြောင်း၊
ဥပဒေဆိုတာ True and Fair ဖြစ်ရန် လိုပါကြောင်း၊ မိမိတင်ပြခဲ့သော အခွန်အကောက်စနစ်အရ အခွန်ထမ်းဆောင်သည့် ပြည်သူတစ်ယောက်အနေဖြင့် လစာနှင့် ဝင်ငွေအပေါ် အခွန်ငွေတစ်ရပ် ထမ်းဆောင်သည့်ခါ လက်ရှိစနစ်အရ အခွန်ဦးစီးဌာန အဆင့်ဆင့်ရှိ အခွန် ဦးစီးအရာထမ်း အဆင့်ဆင့်က ဝင်ငွေခွန်ကြေညာလာ၊ တင်သွင်းမှု စစ်ဆေးမှုအပေါ် ခန့်မှန်းတွက်ချက်ပြီး အခွန်ဆိုင်ရာ အဆင့်ဆင့် တင်ပြစိစစ် ခွင့်ပြုသတ်မှတ်ချက်အရ အခွန်ကောက်ခံရသည်ကို တွေ့ရှိရပါကြောင်း၊ အခွန်ထမ်းပြည်သူတစ်ဦးအနေဖြင့် သတ်မှတ်ပေးလိုက်သည့် အခွန်ငွေကို ထမ်းဆောင်ပေးသွင်းလိုက်ရပြီး မိမိတရားဝင်စုစောင်းနိုင်သော ငွေဖြူပမာဏ မည်မျှရှိသည်ကို မသိကြပါကြောင်း၊
ထို့ကြောင့် ပြည်သူတစ်ဦးသည် နေအိမ်ဝယ်ယူခြင်း၊ ဆောက်လုပ်ခြင်း၊ မော်တော်ယာဉ်များ ဝယ်ယူခြင်း စသည့်တို့ပြုလုပ်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ နားမလည်သည့်အတွက် အခွန်အကောက်ဥပဒေပုဒ်မ ၂၄ ပါပြဋ္ဌာန်း ချက်ဖြင့် ထပ်ပြီး အခွန်ထမ်းဆောင်ရသည့်အခါ မလိုလားအပ်သော ပြဿနာများ၊ အခွန်ထမ်းပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာခြင်းများ၊ လုပ်ပိုင် ခွင့်ရှိသူများ၏ မသမာကိုယ်ကျိုးရှာမှု အခွင့်အလမ်း ဖန်တီးပေး ထားသကဲ့သို့ အခြေအနေများ ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အခွန်ထမ်းပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ နေထိုင်နိုင်ရေး၊ ဥပဒေအရ ခွင့်ပြုထားသော ရပိုင်ခွင့်၊ စုစောင်းခွင့် ငွေဖြူပမာဏကို ထမ်းဆောင် လိုက်သည့် အခွန်ငွေပမာဏနှင့်အညီ တရားဝင်စုစောင်းပြီး ငွေမည်မျှရှိသည်ကို သိရှိနိုင်ပြီး စုစောင်းငွေကိုလည်း လိုအပ်သည့်ပမာဏအပေါ် ပြည်သူများအနေဖြင့် အခွန်ငွေ ထပ်ပြီး ဆောင် လာနိုင်သောကြောင့် နိုင်ငံ အတွက်လည်း အခွန်ငွေပိုပြီး ရလာနိုင်သော အခွင့်အလမ်း တိုးလာနိုင်သဖြင့် အခွန်ထမ်းတစ်ဦးချင်းအတွက် စုစောင်းငွေ သတ်မှတ်ဖော်ပြပေးသည့် အခွန်စနစ် အဖြစ် ပြုပြင်ဆောင်ရွက်ပေးမည့် အစီအမံ များ ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည်ဆိုပါက မည်သည့်ပုံစံ၊ မည်သည့်စနစ်ဖြင့် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်အမျိုးအစား ၂၁ မျိုးရှိပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ကုန်သွယ် လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်ဟူသည့် အခွန် ၅ မျိုးကို ကောက်ခံတာဝန်ယူလျက်ရှိပါကြောင်း၊
ဝင်ငွေခွန်စည်းကြပ်ရာတွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရဖြစ်စေ၊ အထူးကုမ္ပဏီ အက်ဥပဒေအရဖြစ်စေ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီများသည် ဥပဒေအရ သက်သာခွင့်များ မနုတ်မီ အသားတင် အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းပေးဆောင်ရပြီး တစ်ဦးချင်းပုဂ္ဂိုလ်များသည် သက်သာခွင့်များနုတ်ပြီး ကျန်ဝင်ငွေအပေါ် အလွှာအလိုက် အခွန်နှုန်း များဖြင့် ပေးဆောင်ရပါကြောင်း၊ ထိုသို့ ဝင်ငွေခွန်ပေးဆောင်ထိုက်သည့် ဝင်ငွေရရှိသူများကို လစာဝင်ငွေ၊ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှဝင်ငွေ၊ စီးပွားရေးလုပ်ငန်းမှဝင်ငွေ၊ ပစ္စည်းမှ ဝင်ငွေ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေ၊ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေ၊ အခြားရလမ်းမှဝင်ငွေဆိုသည့် ဝင်ငွေခေါင်းစဉ်များဖြင့် စည်းကြပ် ကောက်ခံပါကြောင်း၊ လစာဝင်ငွေမှာ ရရှိသည့် လစာဝင်ငွေစုစုပေါင်းမှ သက်သာခွင့်များကို နုတ်ပယ်ပြီး ကျန်ငွေအပေါ်တွင် ကျသင့်အခွန်တွက်ချက်ပါကြောင်း၊
အဆိုပါလစာဝင်ငွေစုစုပေါင်းမှ ထမ်းဆောင်ခဲ့သည့် အခွန်ကိုနုတ်ပယ်ပြီး ကျန်ငွေသည် စုဆောင်းနိုင်ငွေဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် အိမ်ထောင်ဖက်ရှိပြီး ပညာသင်ကြားဆဲ သား သမီးနှစ်ယောက်ရှိသည့် နိုင်ငံ့ ဝန်ထမ်း ညွှန်းကြားရေးမှူးချုပ်အဆင့်ရှိသူတစ်ဦး၏ လစာသည် တစ်လကို ကျပ် ၅ သိန်းရရှိသည့်အတွက် တစ်နှစ်စုစုပေါင်း ဝင်ငွေ ကျပ်သိန်း ၆၀ ဖြစ်ပါကြောင်း၊ စုစုပေါင်း ဝင်ငွေထဲမှ အခြေခံသက်သာခွင့်ရရှိမည်မှာ အခြေခံ သက်သာခွင့် ၂၀ ရာခိုင်နှုန်း ၁၂ သိန်း၊ အိမ်ထောင်ဖက်အတွက် သက်သာခွင့် ၁၀ သိန်း၊ သားသမီးတစ်ဦးလျှင် ၅ သိန်းစီဖြင့် သားသမီးနှစ်ဦးအတွက် သက်သာ ခွင့် ၁၀ သိန်း စုစုပေါင်း သက်သာခွင့် ၃၂ သိန်း ရရှိမည်ဆိုပါက အခွန်စည်းကြပ်ရန်ဝင်ငွေသည် ၂၈ သိန်းဖြစ်ပါကြောင်း၊ ယင်း ၂၈ သိန်းအပေါ်တွင် ကျသင့်မည့် အခွန်ကို တွက်ချက်ရာတွင် ၄၀၀၀၀ ကျပ်ရပါကြောင်း၊ သို့ဖြစ်ပါ၍ ညွှန်ကြားရေးမှူးချုပ် တစ်ယောက်၏ တစ်နှစ်စုစုပေါင်းဝင်ငွေ ကျပ်သိန်း ၆၀ မှ ကျသင့်အခွန် ၄၀၀၀၀ ကျပ်ကို နုတ်ပယ်ပြီး ကျန်ငွေ ၅၉၆၀၀၀၀ သည် စုဆောင်းနိုင်ငွေဖြစ်ပါကြောင်း၊
အလားတူ အသက်မွေးလမ်းကျောင်းပညာလုပ်ငန်းများတွင် မိမိကျွမ်းကျင်သည့်ပညာဖြင့် အခ ကြွေးငွေယူပြီး လုပ်ကိုင်သော ဆရာဝန်၊ သူနာပြု၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ အနုပညာသည်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ စာရင်းကိုင် စသည်တို့၏ လုပ်ငန်းများအတွက် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းမှ ရရှိသည့်ဝင်ငွေများမှ ဝင်ငွေရရှိရန် အသုံးပြုခဲ့သော ကုန်ကျစရိတ်များကို နုတ်ပယ်ပြီး သတ်မှတ်ဝင်ငွေတွက်ပါကြောင်း၊ သတ်မှတ် ဝင်ငွေမှ သက်သာခွင့်များကို နုတ်ပယ်ပြီး ကျန်ငွေအပေါ် ကျသင့်သည့်အခွန်ကို တွက်ချက်ပါကြောင်း၊ အဆိုပါသတ်မှတ်ဝင်ငွေမှ ထမ်းဆောင်ခဲ့သည့် အခွန်ကိုနုတ်ပယ်ပြီး ကျန်ငွေသည် စုဆောင်းနိုင်ငွေဖြစ်ပါကြောင်း၊
အလားတူပဲ စီးပွားရေးလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ပြီး့ ဝင်ငွေရရှိသူများမှာ ဝင်ငွေရရှိရန် အသုံးပြုခဲ့သည့် ကုန်ကျစရိတ်များကို ဦးစွာနုတ်ပယ်ပြီး သတ်မှတ်ဝင်ငွေတွက်ပါကြောင်း၊ သတ်မှတ် ဝင်ငွေမှ သက်သာခွင့်များကို ထပ်မံနုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ် ကျသင့်သည့်အခွန်ကို တွက်ချက်ပါကြောင်း၊ အဆိုပါသတ်မှတ်ဝင်ငွေမှ ထမ်းဆောင်ခဲ့သော အခွန်ကိုနုတ်ပယ်ပြီး ကျန်ရှိသည့်ငွေသည် စုဆောင်းနိုင်ငွေဖြစ်ပါကြောင်း၊ မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်း စသည်တို့မှရရှိသော ဝင်ငွေများကို ပစ္စည်းမှဝင်ငွေဆိုသည့် ခေါင်းစဉ်နှင့် အခွန်ထမ်းဆောင်ရပါကြောင်း၊ ထိုဝင်ငွေမှာလည်း လယ်သက်သာခွင့်များကို နုတ်ပယ်ပြီး ကျန်ငွေအပေါ် ကျသင့်အခွန်ကို တွက်ချက်ပါကြောင်း၊ အဆိုပါဝင်ငွေမှ ထမ်းဆောင်ခဲ့သည့် အခွန်ကို နုတ်ပယ်ပြီး ကျန်ငွေသည် စုဆောင်းနိုင်ငွေဖြစ်ပါကြောင်း၊ မြေ၊ အဆောက်အအုံ၊ တိုက်ခန်း၊ ယာဉ်၊ လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်းများ၊ အစုရှယ်ယာနှင့် ကတိဝန်ခံချုပ် ရောင်းချခြင်းမှရရှိသည့် ဝင်ငွေများကို အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း။ အဆိုပါ အခြေပစ္စည်းသတ်မှတ်တန်ဖိုးမှ ထမ်းဆောင် ခဲ့သည့် အခွန်ကို နုတ်ပယ်ပြီး ကျန်ငွေသည် စုဆောင်းနိုင်ငွေဖြစ်ပါကြောင်း၊
မည်သူမဆို မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို ဝင်ငွေရလမ်းအတိအကျမတင်ပြနိုင်သည့် ဝင်ငွေများကို ကြီးကြပ်မှုက လွတ်ကင်းနေသော ဝင်ငွေခေါင်းစဉ်နှင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ အခွန်ထမ်းဆောင်ပြီးဖြစ်သော ဝင်ငွေရရှိသူများ၊ ဝင်ငွေရှိသူများ၊ ဝင်ငွေရှိသော်လည်း ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိထားသူများအနေဖြင့် အိမ်ခြံမြေဝယ်ခြင်း၊ တည်ဆောက်ခြင်း၊ မော်တော်ယာဉ်ဝယ်ခြင်းများ ဆောင်ရွက်သည့်အခါ ၎င်းတို့ အသုံးပြု သည့်ငွေသည် ၎င်းတို့ရ၏ ဝင်ငွေ တစ်နည်းအားဖြင့် စုစောင်းနိုင်ငွေထဲမှ ဖြစ်နိုင်ပါက အခွန်ထမ်းဆောင်ရန် မလိုအပ်ပါကြောင်း၊ ၎င်းတို့စုစောင်းနိုင်ငွေထက် ကျော်လွန်ပြီး အသုံးပြုသည့် သုံးစွဲငွေ ပမာဏအတွက်သာ အခွန် ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ ဝင်ငွေအမျိုးအစားအလိုက် ကျသင့်အခွန်ကို ပေးဆောင်ရန် ထုတ်စစ်နှင့် အခွန်တောင်းခံလွှာတွင် သတ်မှတ်သည့် ဝင်ငွေ ကျသင့်အခွန် တို့ကို ဖော်ပြပြီး တောင်းခံပါကြောင်း၊
အဆိုပါတောင်းခံလွှာအရ မိမိ၏သတ်မှတ်ဝင်ငွေ မည်မျှရှိသည်၊ အခွန်မည်မျှ ထမ်းဆောင်ရ မည်ဆိုသည်တို့ကို မူတည်ပြီး မိမိ၏ စုစောင်းနိုင်ငွေ မည်မျှရှိသည်ကို အခွန်ထမ်းပြည်သူများ တွက်ချက်နိုင်မည်ဖြစ်ပါကြောင်း၊ အခွန်ထမ်းဆောင်ထားသူ အခန်ထမ်းပြည်သူများအနေဖြင့် မိမိတို့၏ အခွန်ထမ်းဆောင်ထားမှုကို အလွယ်တကူ သိရှိနိုင်ရန်အတွက် အခွန်ထမ်းဆောင်မှုမှတ်တမ်းစာအုပ် များကိုလည်း ထုတ်ပေးလျက်ရှိပါကြောင်း၊ လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရသူများအတွက် လစာဝင်ငွေနှင့် အခွန်ပေးဆောင်ထားမှုများကို ထည့်သွင်းပေးခြင်း၊ ကျန်ခေါင်းစဉ်များဖြင့် အခွန်ထမ်းဆောင် နေသူများအတွက် သတ်မှတ်ဝင်ငွေနှင့် အခွန်ပေးဆောင်ထားမှုများကို ထည့်သွင်းပေးခြင်းများကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ထို့အပြင် အခွန်ထမ်းပြည်သူများ စုစောင်းနိုင်ငွေ မည်မျှရှိသည်ကို လွယ်ကူစွာ တွက်ချက်နိုင်ရန်နှင့် စိုးရိမ်ကြောင့်ကြကင်းစွာဖြင့် အခွန်ထမ်းဆောင်လိုစိတ် ပိုမိုလာစေရန်တို့အတွက် ယခင်က ဆောင် ရွက်ခဲ့ သည့် နေထိုင်စားသောက်မှုစရိတ်၊ နုတ်ပယ်ခြင်းကိုလည်း ပယ်ဖျက်ပြီး ဖြေလျှော့ ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် စည်းကြပ်နှစ်အလိုက် တောင်းခံသည့် အခွန်တောင်း ခံလွှာ တွင် ပါရှိသည့် သတ်မှတ်ဝင်ငွေ၊ ကျသင့်အခွန်တို့ကို ကြည့်၍ စုစောင်းနိုင်ငွေကို အလွယ်တကူ တွက်ချက်နိုင်ကြမည်ဖြစ်ပါကြောင်းနှင့် ဝင်ငွေရလမ်းတင်ပြရာတွင် အထောက်အထားများနှင့် တင်ပြရမည်ဖြစ်၍ အခွန်တောင်းခံလွှာ၊ ငွေသွင်းချလန်ဖြတ်ပိုင်းများကို စနစ်တကျ ထိန်းသိမ်းထားကြရန် လိုအပ်ပါကြောင်း အခွန်ထမ်းဆောင်မှု မှတ်တမ်းစာအုပ်များကိုလည်း စနစ်တကျ သိမ်းဆည်းထားရန် လိုအပ်ပါကြောင်း ရှင်း လင်းဖြေကြားပါသည်။
