မေးခွန်း အကြောင်းအရာ
မိမိမို့နိုင်ငံသည် ၁၉၆၂ ခုနှစ်တွင် အရှေ့တောင်အာရှဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ အကောင်းဆုံးနိုင်ငံအဖြစ် ကမ္ဘာ၏ဘဏ္ဍာရေး၊ စီးပွားရေးပညာရှင်များ၏ ခန့်မှန်းသုံးသပ်ခြင်းကို ခံခဲ့ ရ သည့် နိုင်ငံဖြစ်ပါကြောင်း၊ အိမ်နီး ချင်းနိုင်ငံများ၏ ငေးမောအားကျခြင်းကိုလည်း ခံခဲ့ရတဲ့နိုင်ငံဖြစ်ပါကြောင်း၊ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ LDC စာရင်းထဲသို့ ဝင်ရောက် သွားခဲ့ ပါကြောင်း၊ LDC ရရှိရန် အတွက် နိုင်ငံတော် အစိုးရ မှ လျှောက်ထား မှရမည်ဆိုသည်မှာ မိမိတို့ သိရှိရပါကြောင်း၊ LDC နိုင်ငံအဆင့်အတန်းရရန်အတွက် လျှောက်ထားသည့်အခါ မည်သည့် အချက် အလက် များ ပြည့်စုံပါက LDC နိုင်ငံ အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများက သတ် မှတ်ပေး မည်နည်း၊ LDC နိုင်ငံဖြစ်သည့်အတွက် မည်သည့်ကောင်းကျိုးများ၊ ဆိုးကျိုးများရရှိမည်နည်း၊ အခု လက်ရှိ အခြေ အနေတွင် မိ မိတို့ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရန်အတွက် အစိုးရအဆက်ဆက်က ကြိုးစားလာခဲ့သည်မှာ မည်သည့်အဆင့် အထိ ရောက်ရှိနေသနည်း၊ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်အောင် လက်ရှိနိုင် ငံတော် ပြည်ထောင်စုအစိုးရအနေဖြင့် မည်သည့်မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်ပြီး ဆောင်ရွက်သွားရန် အစီအစဉ်တွေ ရှိ/မရှိ ဆိုသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ Office of the High Representative for the Least Development Countries ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံများအနက် အဆင်းရဲဆုံးနှင့် အားအနည်းဆုံးနိုင်ငံများကို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (Least Developed Countries- LDCs) အဖြစ် ၁၉၇၁ ခုနှစ်မှစ၍ သတ်မှတ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါနိုင်ငံများ၏ ဖွံ့ဖြိုးမှုက အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် စွန့်စား ရမှု များပြားပြီး ဆင်းရဲမှုမှလွတ်မြောက်ရန် မစွမ်းဆောင်နိုင်သေးသည့်အတွက် အထူးထောက်ပံ့ပေးရန် လိုအပ်သည့် နိုင်ငံများအဖြစ် သတ်မှတ်ခြင်းဖြစ်ပါကြောင်း၊
၁၉၇၁ ခုနှစ်က LDC နိုင်ငံ ၂၀ နိုင်ငံရှိခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် LDC သို့ ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ၄၉ နိုင်ငံရှိခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် မော်လဒိုက်နိုင်ငံနှင့် ၂၀၁၄ ခုနှစ် တွင် ဆာမိုအာနိုင်ငံတို့သည် LDC ဘဝမှလွတ်မြောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တောင်ဆူဒန် နိုင်ငံဝင်ရောက်လာသည့် အတွက်ကြောင့် လက်ရှိအခြေအနေတွင် ၄၈ နိုင်ငံရှိပါကြောင်း၊ ၎င်း ၄၈ နိုင်ငံထဲတွင် အာဖရိကဒေသမှ ၃၄ နိုင်ငံ၊ အာရှနှင့်ပစိဖိတ်ဒေသက အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာအပါအဝင် ၁၃ နိုင်ငံနှင့်လက်တင် အမေရိကနှင့် ကယ်ရီဘီယံဒေသက တစ်နိုင်ငံတို့ ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ကုလသမဂ္ဂမူဝါဒ ဖွံ့ဖြိုးမှုကော်မတီ (The United Nations Committee for Development Policy- CDP) ၏ LDC အဖြစ်သတ်မှတ်သည့် (Criteria) က မိမိတို့ သုံးချက်ရှိပါကြောင်း၊ ၎င်းတို့မှာ ဆင်းရဲမှု၊ လူသားအရင်းအမြစ်၊ စီးပွားရေးထိခိုက်လွယ်မှု တို့်ဖြစ်ပါကြောင်း၊ ပထမဦးဆုံးတိုင်းတာသည့် ညွှန်းကိန်းသည် တစ်ဦးကျသင့်ငွေ GNI ညွှန်းကိန်းဖြစ်ပါကြောင်း၊ သုံးနှစ် ကာလအတွင်း တစ်ဦးကျဝင်ငွေဖြင့် တိုင်းတာခြင်းဖြစ်ပါကြောင်း၊ တစ်ဦးကျဝင်ငွေကို ၁၉၇၁ ခုနှစ် တစ်နှစ်ကို ၇၄၅ ဒေါ်လာ အောက်ရရှိသည့် နိုင်ငံများကို LDC အဖြစ်သတ်မှတ်ခဲ့ပြီး ၉၀၀ ကျော် ရှိမည်ဆိုပါက LDC အဖြစ်ကလွတ်မြောက်ခြင်းဟု သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ပြင်ဆင် သတ်မှတ်သည့် စံနှုန်းအရဆိုလျှင် တစ်ဦးကျဝင်ငွေ တစ်နှစ်ကို ၁၀၃၅ ဒေါ်လာကို ဝင်ရောက်နိုင်ပြီး လွတ်မြောက်ရန်အတွက် ၁၂၃၂ ဒေါ်လာကျော်ကို သတ်မှတ်ကြောင်း တွေ့ရှိရပါသည်။
လူသားအရင်းအမြစ် ညွှန်းကိန်းဖြစ်သည့် Human Asset Index ၏ HAI အတိုကောက်ဖြစ်ပါကြောင်း၊ အာဟာရဓာတ်ရရှိမှု၊ ငါးနှစ်အောက်ကလေးသေနှုန်း၊ အလယ်တန်းကျောင်းဝင်မှုနှုန်းနှင့် သက်ကြီးစာ တတ်မြောက်မှုနှုန်း စသည်တို့တိုင်းတာရပါကြောင်း၊ HAI အတွက် သတ်မှတ်သည့် စံနှုန်းဝင်ရောက်ရေး အတွက်ကို ၆၀ ဖြစ်ပြီး လွတ်မြောက်ရေးအတွက်မှာ ၆၆ ဖြစ်ပါကြောင်း၊ နောက်ညွှန်းကိန်းတစ်ခုမှာ စီးပွားရေးထိခိုက်လွယ်မှု ညွှန်းကိန်း (Economic Vulnerability Index- EVI) ဖြစ်ပါကြောင်း၊ လူဦးရေအရွယ်အစား၊ ဝေးလံခေါင်းပါးဒေသများ များပြားခြင်း၊ တင်ပို့သည့် ကုန်စည်အမျိုးအစား နည်းပါးခြင်း၊ စီးပွားရေးအဆောက်အအုံတွင် လယ်ယာ၊ သားငါး၊ သစ်တောထုတ်ကုန်အပေါ် မှီခိုရခြင်း၊ လယ်ယာထုတ်လုပ်မှု တည်ငြိမ်မှုမရှိခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှု၊ တင်ပို့မှုမတည်ငြိမ်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းတို့ ပါဝင်ပါကြောင်း၊ EVI အတွက် သတ်မှတ်စံနှုန်း ဝင်ရောက်ရေးအတွက် ၃၆ ဖြစ်ပြီး လွတ်မြောက်ရေးအတွက်မှာ ၃၂ ဖြစ်ပါကြောင်း၊
နိုင်ငံတစ်နိုင်ငံသည် အထက်ပါအချက်ပါအချက်များနှင့် အကျုံးဝင်ကိုက်ညီမှုရှိပါက ကုလသမဂ္ဂ စီးပွားရေးနှင့်လူမှုရေး ကောင်စီ၏ အတည်ပြုချက်နှင့် LDC နိုင်ငံအဖြစ် ဝင်ရောက်နိုင်ပါကြောင်း၊ ဤသို့ ဝင်ရောက် ရာတွင် နိုင်ငံ၏ လူဦးရေ သည် ၇၅ သန်းထက် မပိုရ၊ LDC နိုင်ငံအဖြစ်ရရှိနိုင်သည့် အကျိုး ကျေးဇူးများမှာ အကြွေးလျှော်ပေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာအခွင့်အရေးများ ရရှိနိုင်မှု၊ တရားဝင်ဖွံ့ဖြိုးမှု အကူအညီများရရှိနိုင်မှု၊ နိုင်ငံခြားအကူအညီ အထောက် အပံ့များ ရရှိနိုင်မှု၊ ကုလသမဂ္ဂထည့်ဝင်ကြေး လျှော့ပေါ့ပေးမှု၊ နိုင်ငံခြားအစည်းအဝေးများ တက်ရောက်ရာတွင် သက်ဆိုင်ရာဖိတ်ကြားသည့် အဖွဲ့အစည်းများမှ ခရီးသွားရန် ရန်ပုံငွေအထောက်အပံ့ရရှိနိုင်မှု၊ ပညာတော် သင်ဆုများ၊ နည်းပညာ အကူအညီများနှင့် အခြားအကူအညီများဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးမှုအထောက်အပံ့များကို ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများထံမှ ရရှိနိုင်ပါကြောင်း၊ LDC နိုင်ငံသည် World Trade Organization (WTO) အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့လျှင် WTO နှင့် ဆက်စပ်သည့် အထူးအခွင့်အရေးများဖြစ်သော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဈေးကွက်ရရှိမှုတို့အတွက် အထူးအခွင့်အရေးများ အစီအစဉ်အောက်မှ နိုင်ငံ ဖွံ့ဖြိုးမှု အတွက် ပေးအပ်သည့် အကူအညီ အထောက် အပံ့များကိုလည်း ခံစားနိုင်မည်ဖြစ်ပါကြောင်း၊ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရန် ကြိုးပမ်းလိုသည့် နိုင်ငံများအတွက် ကုလသမဂ္ဂအစီအစဉ်အောက်ရှိ LDC နိုင်ငံမှ လွတ်မြောက်ရေး အတွက် အစ္စတန်ဘူလ်လုပ်ငန်းစဉ်ပါ အထူး အကူအညီများကိုလည်း ရရှိခဲ့စား နိုင်စေခြင်းဖြစ်ပါကြောင်း၊
LDC နိုင်ငံအဖြစ်က လွတ်မြောက်ရန် သတ်မှတ်ထားသော အချက်သုံးချက်ရှိသည့်အနက် အချက် နှစ်ချက်မှာ လွတ်မြောက်ရန် သတ်မှတ်ထားသည့် အညွှန်းကိန်းထက်ကျော်လွန်နေလျှင်ဖြစ်စေ၊ တစ်ဦးကျ ဝင်ငွေ စံသတ်မှတ် ချက်ထက် နှစ်ဆကျော်လွန်နေလျှင်ဖြစ်စေ လွတ်မြောက်နိုင်ပါကြောင်း၊ သို့ရာတွင် သုံးနှစ်ဆက်တိုက်ဖြစ်ရန်လိုအပ်ပြီး နောက်ထပ်သုံးနှစ် စောင့်ကြည့်ခြင်းကို ခံရမည်ဖြစ်ပါကြောင်း၊ စောင့်ကြည့်ကာလ သုံးနှစ်ပြည့်မြောက်ပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အတည်ပြုချက်ဖြင့် LDC မှ လွတ်မြောက်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄-၁၅ ခုနှစ် တွက်ချက်မှုအရ HAI ၇၂.၇ ရှိသည့်အတွက် သတ်မှတ်စံနှုန်း ၆၆ ထက်ကျော်လွန် သည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် HAI နှင့်ပတ်သက်၍ အချို့ကိန်းဂဏန်းများ၏ အရည်အသွေး လိုအပ်ချက်များရှိနေပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ် တစ်ဦးကျဝင်ငွေ ၁၀၆၃ ဒေါ်လာ ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် သတ်မှတ် ချက် ပြည့်မီမှုမရှိသေးပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ် EVI တွင် ၃၃.၇ ရှိသဖြင့် အများဆုံးသတ်မှတ်ချက်ထက် ပိုမိုနေပါကြောင်း၊ GNI နှင့် EVI တို့မှာ အချိန်တိုအတွင်း သတ်မှတ်သည့် threshold များကို ပြည့်မီရန် လိုအပ်နေ သည်ကိုလည်း တွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံသည် ၁၉၈၇ ခုနှစ် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်မှစပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုများကြောင့် LDC နိုင်ငံများ ရရှိခံစားနိုင်သည့် အခွင့် အရေးများကို အပြည့်အဝရရှိခံစားရခဲ့ခြင်းမရှိပါကြောင်း၊ ယခုအခါ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပြီးဖြစ်သဖြင့် LDC နိုင်ငံများ ရယူခံစားခွင့်ရှိသည့် Special Support Measure များကို လေ့လာပြီး ရယူအသုံးချနိုင်ရန် စီမံချက်များ၊ အဆိုပြုလွှာများရေးဆွဲ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံအနေဖြင့် LDC မှလွတ်မြောက်ရန် ရည်မှန်းချက်ထက် ပိုမိုသာလွန်သော နိုင်ငံဖွံ့ဖြိုးရေးရည်မှန်း ချက်များကိုထားရှိပြီး အဆိုပါရည်မှန်းချက်များအရ ရရှိလာမည့် ဖွံ့ဖြိုးမှုရလဒ်များအရ LDC အလိုအလျောက် လွတ်မြောက်သည့် ပုံစံကိုစဉ်းစားသင့်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် LDC နိုင်ငံများရရှိသင့် ရရှိထိုက်သော အခွင့်အရေးများဖြစ်သည့် ကုန်သွယ်ရေးအကူအညီ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုခံစားခွင့် စသည်များကို ရရှိ ခံ စားနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖြစ်သည့် Importer ၊ Exporter များကိုလည်း အသိပညာပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အစိုးရသစ်အနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး LDC Graduation ကို ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယသမ္မတ(၂) ဦးဆောင်သည့် ဖွံ့ဖြိုးမှုနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီကို ၂၈-၄-၂၀၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး စီမံ ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါကြောင်း၊ ယင်းကော်မတီကို အထောက်အကူပြုရန်အတွက် တစ်ဦးကျဝင်ငွေဆိုင်ရာ ဆပ်ကော်မတီ၊ လူသားအရင်းအနှီး အညွှန်း ကိန်း ဆိုင်ရာ ဆပ်ကော်မတီ၊ စီးပွားရေးထိခိုက် နစ်နာလွယ်မှု ဆိုင်ရာ ဆပ်ကော်မတီနှင့် ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်းများ ဆက်ဆံရေးဆပ်ကော်မတီတို့ကို ဖွဲ့စည်းထားရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
