မေးခွန်း အကြောင်းအရာ
နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆုလျန်ထွန်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်ထားသော လမ်းအပိုင်းများသည် ပြီးခဲ့သည့်လ မိုးရွာစဉ်က ပြိုကျပျက်စီးသည့်လမ်းဖြစ်ပါကြောင်း၊ ယခုအချိန် အထိ လက်ရှိနောက်ဆုံးအခြေအနေအထိ ရှိနေသေးသည့် ဆုလျန်ထွန်းကုမ္ပဏီကနေပြီး ဆောက်လုပ်ထားသော Box Culvert များသည် ပြီးခဲ့သည့်နှစ်ကတည်းက ဆောက်ထားသော တိုင်စိုက် ထားခြင်းသည် ဒီအတိုင်းသာ ဖြစ်ပါကြောင်း၊ ယင်းတို့နှင့်ပတ်သက်၍ ပြောလာပါက ရာသီဥတုကြောင့် သဲမရနိုင်၍ဟုဆိုသည့် အကြောင်းပြချက်များ ပေးလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုးမရွာ သည့်အချိန်တွင် ဆုလျန်ထွန်းကုမ္ပဏီက အလုပ်မလုပ်ပါကြောင်း၊ ၎င်းတို့သည် လူမရှိသောပြဿနာသည် အဓိကဖြစ်ပါကြောင်း၊ ပေ ၃၀ ရှိသော ဒုတိယကမ္ဘာစစ်ကတည်းက ဆောက်ထားသည့် တံ တား အဟောင်းကို ပေ ၂၀ သံဘောင်တံတားအသစ် ဆောက်လုပ်ရန်အတွက် ဘတ်ဂျက်ကျလာသော်လည်း တံတားအဟောင်းကို Backhole ဖြင့် အောက် ကိုချပြီး ဆေး သုတ်ကာပြန် တင် လိုက်ပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းပြီး ကြပ်မတ်ပေးစေချင်ပါကြောင်း၊
ပေ ၁၀၀ သံဘောင်ဘေလီတံတားကို ခင်းသည့်အပိုင်း မပြီးစီးသေးသော်လည်း ဟိုဘက်ဒီဘက် တင်လိုက်ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသတွင် လာရောက်လုပ်ကိုင်ဆောင်ရွက်သည့် ဆုလျန် ထွန်းကုမ္ပဏီက လုပ်ငန်းကို မိမိတို့ ဖုန်းဖြင့်ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရပါကြောင်း၊ ယခုအချိန်အထိ ဆက်သွယ်၍ မရပါကြောင်း၊ မြို့နယ်ရှိ နယ်စပ်ရေးရာ န.တ.လ အဖွဲ့ အစည်း များက ပြောပါကလည်း အလေးအနက်မထားသည်ကို တွေ့ရပါကြောင်း၊ ထိုကဲ့သို့သော ကုမ္ပဏီကို မိမိတို့ Blacklist ပေးသင့်ပါကြောင်း၊ အရေးယူသင့်ပါကြောင်း၊ မည်သည့် အခက်အခဲကြောင့် သတ်မှတ်ဘဏ္ဍာနှစ်တွင် ပြီးမြောက်အောင်ဆောင်ရွက်နိုင်မှုမရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြစ်ကြီးနား-ပန်ဆောင်-လီဒိုလမ်း (ရှင်ဗွေယန်-နန်းယွန်း-ပန်ဆောင်အပိုင်း) သည် မိုင်တိုင်(၁၇၇/ဝ) မှ (၂၂၈/ဝ) အထိ ၅၁ မိုင် ရှည်လျားပါကြောင်း၊ ၅၁ မိုင် အနက် မိုင်တိုင်(၁၉၃/ဝ) မှ မိုင်တိုင်(၂၂၈/ဝ) အထိ ၃၅ မိုင်အား ၂၀၁၃-၁၄ ဘဏ္ဍာနှစ်နှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်များတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၎င်းတို့၏ ရန်ပုံငွေနှင့် တာဝန် ယူ ဆောင် ရွက်ခဲ့ပါကြောင်း၊ မိုင်တိုင်(၁၉၃/ဝ) (နန်းယွန်း) မှ မိုင်တိုင်(၂၀၅/ဝ) (နမ္မလစ်) အထိ ၁၂ မိုင်၊ မိုင်တိုင်(၂၂၁/ဝ) မှ မိုင်တိုင်(၂၂၈/ဝ) (ပန်ဆောင်)အထိ ၇ မိုင်၊ စုစုပေါင်း ၁၉ မိုင်တွင် လုပ်ငန်း များ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည့်အတွက် ၂၉-၂-၂၀၁၆ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းလက်ခံပြီး ထိန်းသိမ်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသော ကျန်မိုင်တိုင် (၂၀၅/ဝ) မှ မိုင်တိုင်(၂၂၁/ဝ) အထိ ၁၆ မိုင်သည် လုပ်ငန်းပြီးစီးမှုမရှိသေးသည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခြင်း မရှိသေးပါကြောင်း၊ ဆုလျန်ထွန်းကုမ္ပဏီသည် မိုင် ၂၀၅/၀ မှ မိုင်တိုင် ၂၂၁/၀ အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနရန်ပုံငွေ တင်ဒါစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရန်ပုံငွေ ကျပ်သန်းပေါင်း ၂၂၅၄.၃၇၆ သန်းနှင့် (၃၄) ပေ အကျယ် မြေသားလမ်းချဲ့ခြင်း ၁၁ မိုင် ၃ ဖာလုံ၊ ၁၂ ပေအကျယ် တစ်ပေထုကျောက်ခင်းခြင်း ၄ မိုင်၊ ၄ x ၂၄ ပေ ရေထုတ်ပြွန်တည်ဆောက်ခြင်း ၇၅ စင်း၊ ၆ x ၂၄ ပေရေထုတ်ပြွန်တည်ဆောက်ခြင်း ၁၀ စင်း၊ ၂၀ x ၁၀ x ၅၀ ပေ Box Culvert တည်ဆောက်ခြင်း ၄ စင်း၊ ပေ ၂၀ အရှည် ဘေလီတံတား တည်ဆောက်ခြင်း ၁ စင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန်လုပ်ငန်းများ အနက် ၆၈ % ပြီးစီးနေပြီး ၄ x ၂၄ ပေ ရေ ထုတ်ပြွန်တည်ဆောက်ခြင်း ၂ စင်း၊ ၆ x ၂၄ ပေ ရေထုတ်ပြွန် တည်ဆောက်ခြင်း ၂ စင်းနှင့် ၂၀ x ၁၀ x ၅၀ ပေ Box Culvert တည်ဆောက်ခြင်း တစ်စင်းဆောင်ရွက်ရန် ကျန် ရှိနေ ပါကြောင်း၊
ဆုလျန်ထွန်းကုမ္ပဏီအနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေကျပ် ၉၁၅.၅၃ သန်းဖြင့် ၂၀ x ၈ x ၅၀ ပေ Box Culvert တည်ဆောက်ခြင်း ၄ စင်း၊ ၁၀၀ ပေ အရှည် ဘေလီ တံတား တည်ဆောက်ခြင်း ၁ စင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀ x ၈ x ၅၀ ပေ Box Culvert တည်ဆောက်ခြင်း ၄ စင်းမှာ ဆောင်ရွက်ပြီးဖြစ်ပြီး ပေ ၁၀၀ အရှည်ဘေလီတံတား Bridge Decking and Finishing Works ဆောင် ရွက် ဆဲဖြစ်ပါကြောင်း၊ ကုမ္ပဏီမှ ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများကို ယခုနှစ် ပွင့်လင်းရာသီတွင် အပြီးဆောင်ရွက်ပေးသွားမည်ဟု သိရှိရပါကြောင်းနှင့် ကုမ္ပဏီ၏ဆောင်ရွက်နေမှုများအား သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
