(င)-ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိမိုင်တိုင် အမှတ်၆၁/၃နှင့်၆၁/၆အကြားနှင့်မိုင်တိုင်အမှတ် ၅၂/၂နှင့် ၅၂/၄ အကြား ကွေ့များအား မော်တော် ယာဉ်များအန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ရန် မည်သို့ဆောင်ရွက်ပေးသွားမည်ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၇.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

naing naing winကလေးဝ-ကျီကုန်း-တမူးလမ်းမကြီးသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအရ အိန္ဒိယနိုင်ငံ BRTF မှ ၁၉၉၇-၂၀၀၀ ခုနှစ်အတွင်း နိုင်ငံ တကာအဆင့်‌မီ တည်ဆောက်ပေး ထား တဲ့ နိုင်လွန်ကတ္တရာလမ်းမကြီးဖြစ်ပါ ကြောင်း၊ အိန္ဒိယ-မြန်မာ- ထိုင်းနိုင်ငံ သို့ဆက်သွယ်ပေးထားသည့် လမ်းမကြီးဖြစ်ပါကြောင်း၊ မိုင်တိုင် ၆၁/၃ နှင့် ၆၁/၆ အကြားသည် မျက်ကွယ်ကွေ့ဖြစ်ပြီး လမ်း အဖြောင့်နှစ်ခုခြားထဲသို့ ကွေ့သွားသည့် အကွေ့ဖြစ်ပါကြောင်း၊ မိမိတို့ဒေသသည် မြေပြန့်ဒေသဖြစ်ပြီး လမ်းများလည်း ကောင်းမွန်သည့်အတွက် တိုးတက်လာ သည့် ဈေးကွက် စီးပွားရေးအရ အကြီးမားဆုံး နယ်စပ်ကုန်သွယ်ရေးတစ်ခု ဖြစ်လာမည်‌့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းဖွံ့ဖြိုးတိုးတက်လာမယ်ဆိုပါက ယာဉ်များ များပြားလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကလေးဝ-ကျီကုန်း-တမူး ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိသည့် ဘေလီတံတား၆၉ စင်း ကိုလည်း အသစ်ပြန်လည်တည်ဆောက် တော့မည်ဖြစ်ကြောင်း၊ ၎င်းလမ်းမကြီးသည် ပြည်ထောင်စုလမ်းမကြီး အဖြစ် လည်းကောင်း၊ အာဆီယံလမ်းမကြီး အဖြစ်လည်းကောင်း၊ အာရှအဝေးပြေးလမ်းမကြီး အဖြစ်လည်းကောင်း၊ အသုံးပြုတော့မည်ဖြစ်သည့်အတွက် ယခုလို မျက်ကွယ်ကွေ့များ တည်ရှိနေခြင်း သည် ယာဉ်ဖြတ်သန်းမှု ပိုမိုများပြားပြီး ယာဉ်အန္တရာယ်များ ဖြစ်ပေါ် စေ သည့်အတွက် မတော်တဆမှုများနှင့် ပြည်သူများ၏ အသက်အန္တရာယ်ဆုံးရှုံးမှုများ လျော့နည်းပပျောက်စေ ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win khaingကလေးဝ-ကျီကုန်း-တမူးလမ်း သည် အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံဆက်သွယ်ထားသော လမ်းဖြစ်ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ အကူအ ညီဖြင့် နိုင်ငံ တကာ အဆင့်မီ ဖောက်လုပ်ခဲ့သည့်လမ်းဖြစ်ပြီး လမ်းသား အကျယ် ၂၄ ပေ ရှိသည့် နိုင်လွန် ကတ္တရာလမ်းဖြစ်ပြီး တစ်နာရီ ၅၀ ကီလိုမီတာမှ ၆၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်သည့် လမ်းအမျိုး အစားဖြစ်ပါကြောင်း၊ ကလေး-ကျီကုန်း-တမူးလမ်းတွင်ရှိသည့်  မိုင်တိုင် (၆၁/၃-၆၁/၄) အကြားနှင့် မိုင်တိုင်(၅၂/၂-၅၂/၄) အကြားရှိ လမ်းကွေ့နေရာများတွင် မော်တော်ယာဉ်များ အန္တရာယ် ကင်း ရှင်းစွာ မောင်းနှင်နိုင်ရေးအတွက် လမ်းကွေ့များဖြောင့်တန်းစွာ ဖောက်လုပ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးတိုင်းတာပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် တင်ပြတောင်း ခံပြီး ရန်ပုံငွေ ရရှိသည့် အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မျက်ကွယ်ကွေ့များခြုံခုတ်ခြင်း၊ အကာ အကွယ်တိုင်များ စိုက်ထူပေးခြင်း၊ လမ်းလယ် မျဉ်းအား ဆေးဖြူဖြင့်ရေး ဆွဲခြင်း၊ သတိပေး/အသိပေး ဆိုင်းဘုတ် များ တပ်ဆင်ပေးခြင်းဖြင့် လမ်းအန္တရာယ် ကင်းရှင်းနိုင်ရေးအတွက်  ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။