မေးခွန်း အကြောင်းအရာ
လားရှိုးမြို့နယ် တံတားအမှတ် ၆/၉ သည် ၂၄ ပေကျယ်ပြီး ၁၇၀ ပေရှည်သည့် အီနိုင်းတံတား ဖြစ်ပါကြောင်း၊ ၎င်းတံတားသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်ထားပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် အသုံးပြုခဲ့သည့် တံတားဖြစ်ပါကြောင်း၊ အီနိုင်းမြစ်ရေသည် နှစ်စဉ် ရေကြီးပြီး တစ်ခါတစ်ရံ တံခါးဘောင်ကိုကျော်ပြီး ရေဖုံးလွှမ်းမှုများလည်း ရှိခဲ့ပါကြောင်း၊ ချဉ်း ကပ်လမ်း သည် ၁၇ ပေခွဲမြင့်ပြီး ဖို့မြေများနှင့် တည်ဆောက် ထားသော လမ်းဖြစ်ပါကြောင်း၊ လားရှိုးဘက်ခြမ်းရှိ ချဉ်းကပ်လမ်းသည် ပေ ၇၀၀ ရှိပြီး အီနိုင်းဘက်ခြမ်းတွင် ပေ ၃၀၀ ရပြီး မြေကာနံရံ များမရှိပါကြောင်း ၊ မြစ်ရေကြီးပါက ချဉ်းကပ်လမ်းသည် ရေတိုက်စားပြီး ကတ္တရာ လမ်းများ ပျက်စီး၍ အီနိုင်း-လာရှိုး လမ်း ပိုင်း ဆက်သွယ်ရေးပါပြတ်တောက်ပြီး နိုင်ငံ့အတွက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ ရမည်ဖြစ်ပါကြောင်း၊ သီပေါ-လာရှိုးလမ်း လမ်းပိတ်ဆို့မှုဖြစ်ခဲ့ပါက သီပေါမှ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ တရုတ်ပြည်သို့ ကုန်သွယ်ကူးသန်းမှု များစွာထိခိုက်နစ်နာမည်ဖြစ်ပါကြောင်း၊ အီနိုင်းတံတား တစ်ခုတည်းကိုသာ အသုံးပြုနေရသည့်အတွက် အရေးကြီးသော တံတားဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ပွင့်လင်းရာသီတွင် မြေကာနံရံကို တည်ဆောက်ပေးမည်ဆိုပါက ၂၀၁၇-၁၈ မိုးရာသီတွင် အရည်အသွေးပြည့်ပြီး စံချိန် စံညွှန်းနှင့်ကိုက်ညီသော လမ်းနှင့်မြေကာနံရံများ ကို အသုံးပြုပြီး မိမိတို့နိုင်ငံ၏ ဆုံးရှုံးနစ်နာမှုများကို ကြိုတင် ကာကွယ် ရာလည်း ရောက်ပါကြောင်း၊ လားရှိုးမြို့နယ် တံတားအမှတ် ၆/၉ အီနိုင်းတံတား အတွက် အရေးတကြီးလိုအပ်လျက်ရှိနေသည့် တံတားချဉ်းကပ်လမ်း အမြင့်နှင့်အညီ မြေကာနံရံများ ပြုလုပ်ပေးနိုင်ရန်အတွက် ချမှတ်ပေးနိုင် ရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လားရှိုး မြို့နယ်၊ အီနိုင်းကျေးရွာရှိ တံတားအမှတ်(၆/၉) အီနိုင်းတံတားသည် ပြည်ထောင်စုအစိုးရအဖွဲ့ စီမံခန့်ခွဲသည့် လားရှိုး-မန်စံလမ်း၏ မိုင်တိုင်(၈/၃)နှင့်(၈/၄)အကြားတွင် တည်ရှိပါကြောင်း၊ လားရှိုး-မန်စံလမ်း ကို နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ယာဉ်စီးရေ AADT ၂၅၀ ဖြတ်သန်း အသုံးပြုလျက် ရှိပါကြောင်း၊ အဆိုပါ တံတားသည် မူလက ပေ ၁၅၀ အရှည်ရှိ တစ်လမ်းသွား သစ်သားတံတားဖြစ် သော်လည်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ်နှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် (၂)နှစ်တွင် ရန်ပုံငွေကျပ် ၄၇၂ သန်းဖြင့် ပေ ၁၇၀ အရှည် ရှိ ၂၄ ပေအကျယ် နှစ်လမ်းသွား အမြဲတမ်းသံကူ ကွန်ကရစ်တံတားသစ်အဖြစ် တိုးမြှင့်တည်ဆောက်ခဲ့ပါကြောင်း၊ အဆိုပါ တံတား အတွက် ချဉ်းကပ်လမ်းနှစ်ဖက်ပေါင်း ၁၀၃၇ ပေ အရှည် မြေတာပေါင်တင်ခြင်းနှင့် ကတ္တရာ လမ်း ခင်းခြင်း လုပ်ငန်းများကို ရန်ပုံငွေကျပ် ၁၄၈ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တံတားချဉ်းကပ်လမ်း တာပေါင် တင်ခြင်း နှင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ရန်ပုံငွေရရှိပြီး၊ ယာယီ အစီအစဉ်ဖြင့် မြေကာနံရံဆောင်ရွက်ထားရှိပြီး အမြဲတမ်း မြေကာနံရံဆောင်ရွက်ရန် အတွက် ငွေလုံးငွေ ရင်း နှင့် ဆောင်ရွက် ရမည် ဖြစ်သည့် အတွက် ပေ ၆၅၀ အရှည် မြေကာ နံရံ တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၉၄.၂ သန်း အား ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဖြည့်စွက် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ပြတောင်းခံ ဆောင်ရွက် သွား မည် ဖြစ် ပါကြောင်း နှင့် ဖြည့် စွက်ငွေလုံးငွေရင်းရန်ပုံငွေ မရရှိပါက ၂၀၁၇-၁၈ ဘဏ္ဍာ နှစ် တွင် မူလငွေလုံးငွေရင်း ရန်ပုံ ငွေ ကို တောင်းခံပြီး ဆောင် ရွက်ပေး သွားမည်ဖြစ် ပါကြောင်း ဖြေကြားခဲ့ပါသည်။
