မေးခွန်း အကြောင်းအရာ
သမိုင်းဝင်ညောင်ရွှေဟော်နန်းကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတဖြစ်သည့် ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်နှင့် မိသားစု နှစ်ပေါင်း ၃၀ ကျော်နေ ထိုင်ခဲ့သော ဟော်နန်းကြီး ဖြစ်ပါကြောင်း၊ ညောင်ရွှေစော် ဘွားကြီး၏ ညောင်ရွှေဟော်နန်းကြီး ကို ခေတ် အဆက်ဆက် ယဉ်ကျေးမှုပြတိုက်၊ စော်ဘွားကြီးများပြတိုက်၊ ဗုဒ္ဓဝင်ပြတိုက်စသည်ဖြင့် အ မျိုးမျိုး ပြောင်းလဲဖွင့်လှစ်ထားခဲ့ပါကြောင်း၊ ညောင်ရွှေဟော်နန်းကြီးသည် နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်းရှိသော ရှမ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ် တစ်ခု လုံး ၏ ဂုဏ်ဆောင် သမိုင်းပြယုဂ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ညောင်ရွှေဟော်နန်းကြီးကို ယဉ်ကျေးမှုပြတိုက်အဖြစ် ဆောက်လုပ်ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သမိုင်းဝင်ဟော် နန်းကြီး ကို ပြင် သစ် ပညာရှင်များအကူအညီဖြင့် ပြုပြင်မွမ်းမံပြီး ဟိုတယ်ညဈေး အဖြစ် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေခြင်း၊ စော်ဘွားကြီး၏ အသုံးအဆောင်ပစ္စည်းများကို မွမ်းမံလျှော်ဖွပ်ရန် စီစဉ်ဆောင် ရွက်နေခြင်းတို့ ကို ပြည်တွင်းသတင်းမီဒီယာများမှ ဖတ်ရှုလေ့လာ ရပါကြောင်း၊ သို့ဖြစ် ပါ၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ သဘောတူညီဆောင် ရွက်မှု၊ ရှေးဟောင်း သုတေသန ဌာနတို့နှင့် ပြင်သစ်ပညာရှင်များ ပူးပေါင်းဆောင်ရွက်မည့် အစီ အစဉ်တို့ကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန်အတွက် ညောင်ရွှေဟော်နန်းကြီးကို ဟိုတယ်ညဈေးအဖြစ် တစ်ပတ် လျှင် နှစ်ရက် ဖွင့် လှစ်ဆောင် ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်နေသည်မှာ မှန်ကန်မှုရှိ/မရှိ၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ မည်သည့်သဘော တူညီ ချက်ဖြင့် ဆောင်ရွက် ခွင့်ပေးခဲ့ သည်နှင့် ညောင်ရွှေဟော် နန်းကြီးကို ပြုပြင်မွမ်မံခြင်းကို မည်သည့်ဘဏ္ဍာရေးခေါင်း စဉ်ဖြင့်စီစဉ်ဆောင် ရွက်ခဲ့ပြီး ညောင်ရွှေဟော်နန်းကြီး ပြုပြင်ဆောင်ရွက်နေမှုကို ဌာနေ တိုင်းရင်းသားပြည်သူများအားလုံး ပွင့်ပွင့် လင်းလင်းသိရှိနိုင်ရန် ရှင်းပြစေလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ကမ္ဘာ့ပေါ်တွင် ယဉ်ကျေးမှုဆိုင်ရာ၊ သဘာဝဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် ထူးခြားထင်ရှားသော အမှတ်ရဖွယ် လူပုဂ္ဂိုလ်တို့ဆိုင်ရာ သမိုင်းကြောင်းများ ထင်ဟပ်ပေါ်လွင်စေပြီး နိုင်ငံသား များနှင့်နိုင်ငံခြား ဧည့်သည်များ လာရောက်လေ့လာနိုင်ရေးအတွက် ပြတိုက်များကို ဖွင့်လှစ်ပြသထားကြပါကြောင်း၊ ပြတိုက်များသည် လေ့လာသူများအတွက် သက်ဆိုင်ရာ သမိုင်းကြောင်းများကို ပြန်လည်အမှတ်ရစေရေး၊ ဗဟုသုတ ပွားများစေရေးအတွက် အကျိုးရစေသကဲ့သို့ သက်ဆိုင်ရာဒေသ၏ အထင်ကရ အမှတ်တရနေရာအဖြစ် လည်းကောင်း၊ ဒေသ၊ လူမျိုးနှင့် နိုင်ငံ၏ ယဉ်ကျေးမှုသဘာဝနှင့် ထူးခြားသမိုင်း မှတ်တိုင် ဝိသေသအဖြစ် နိုင်ငံခြားသားများ လာရောက်လည်ပတ်လေ့လာခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးကို ပံ့ပိုးပေးမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုပါကြောင်း၊
သို့ဖြစ်ပါ၍ အဆိုပါ ပြတိုက်များကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့အောင် စောင့်ရှောက်ခြင်း၊ ကမ္ဘာသိအောင်မြှင့်တင်ကြော်ငြာခြင်းတို့ကို သက်ဆိုင်ရာ နိုင်ငံအစိုးရ များ၊ ဒေသ အုပ်ချုပ်ရေး အဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက ဘဏ္ဍာငွေ၊ ငွေကြေးကိစ္စ အပါအဝင် နိုင်ငံတကာပြတိုက်ထိန်းသိမ်းရေး မြှင့်တင်ရေးဆိုင်ရာစံနှုန်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု ညောင်ရွှေဟော် နန်းကြီးသည် ပထမဦးဆုံး သမ္မတညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်နှင့် မိသားစုတွေနေထိုင်ခဲ့ရာဟော်နန်းဖြစ်ပြီး ညောင်ရွှေမြို့ရှိသမိုင်းဝင် Heritage အဆောက်အဦတစ်ခုဖြစ်ရာ ၎င်းကိုထိန်းသိမ်းမြှင့် တင်ဆောင်ရွက်ပေးခြင်းဖြင့် ယဉ်ကျေးမှု အမွေအနှစ် ဖော်ထုတ်၍ ရေရှည်ထိန်းသိမ်းရာရောက်သကဲ့သို့ တစ်ဖက်ကလည်း ခရီးသည်များ ပိုမို သိရှိလာရောက်ပြီး Heritage Tourism ဖွံ့ဖြိုးမှုက တစ်ဆင့် ဒေသ ခံများဝင်ငွေနှင့် အလုပ်အကိုင် ပိုမို ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ထိုသို့ဖော်ထုတ်ရန် လွယ်သည့်ကိစ္စမဟုတ်ပါကြောင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ အတွေ့ အကြုံရှိသူများ၏ အကြံပြုချက်များ ပံ့ပိုးမှုများနှင့် ဒေသခံများ၏ အားပေးကူညီမှုများ လိုအပ်လျက်ရှိပါကြောင်း၊
ယခုစတင်နေသည်မှာ Conceptual Stage အဆင့်သာရှိပြီး ညောင်ရွှေဟော်နန်းကြီးအား ပြုပြင်ဖြစ်ခဲ့လျှင် ဟော်နန်းပြတိုက်ကို ညနေ ၆း၀၀ နာရီမှ ၁၁း၀၀ နာရီအချိန်အထိ ညအချိန် ကမ္ဘာ့လှည့်ခရီးသည်များ ဝင်ရောက်လေ့လာနိုင် ရန်၊ရက်သတ္တတစ်ပတ်လျှင် နှစ်ည ဟော်နန်းဝင်းအတွင်း သစ်ပင်ကြီးများအောက်ရှိ ရွေးချယ်သတ်မှတ်မည့် နေရာတွင်သာ လက်တွန်းလှည်းဖြင့်ရောင်းချသော ကျန်းမာရေးနှင့် ညီညွတ်သော အဆာပြေစားဖွယ်များကို စားသောက်နိုင် ရန် စီစဉ်ခြင်း၊ ယင်းဝန်ဆောင်မှုတန်ဖိုးများကို ပြတိုက်ဝင်ကြေးတွင် စုစည်းပြီး နှုန်းထားတစ်ခုသတ်မှတ်၍ ဝင်ခွင့်ပြုခြင်း၊ ညောင်ရွှေဟော်နန်းသမိုင်းကြောင်းအား ကမ္ဘာလှည့်ခရီးသည်များ အကျယ်တဝင့်သိရှိနိုင်စေရန် အဆိုပါ ရက်သတ္တ တစ်ပတ်လျှင် နှစ်ညတွင် ဟော်နန်း၏ ပြင်ပပတ်ပတ်လည်လည်ကို လျှပ်စစ်မီးမောင်းများဖြင့် ထိန်လင်းစွာထွန်းညှိပြသပြီး ဟော်နန်းသမိုင်းကြောင်းကို အသံသွင်းစက်ဖြင့် ဖွင့်လှစ်၍ရှင်းပြခြင်း၊ ရရှိသောဝင်ကြေးများမှ ကုန်ကျစ ရိတ်နှုတ် ဖယ်ပြီး ပိုငွေကို ညောင်ရွှေဟော်နန်းကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်းရန်ပုံငွေအဖြစ် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး မြန်မာ့စီးပွားရေး ဘဏ်တွင် စုဆောင်းထိန်းသိမ်းထားပေးခြင်းများကို ဆောင်ရွက် သွားရန် ရှမ်းပြည်နယ် အစိုးရနှင့် ညောင်ရွှေပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား တိုင်ပင်ဆွေးနွေးနေသည်မှာ မှန်ကန်ပါကြောင်း၊ ဟော်နန်းပြင်ဆင်ရန်အတွက် ပြင်သစ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် လေ့လာဆွေးနွေးခြင်းများပြု လျက် ရှိပါပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ခြင်း မရှိသေးပါ။
ဟော်နန်းအဆောက်အဦကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးအပ်ထားကြောင်းနှင့် ဟော်နန်းမြေဧရိယာအဝိုင်းအဝန်းကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ စီမံခန့်ခွဲမြေအဖြစ် မြေစာရင်းဌာနတွင် မှတ်ပုံတင်ထား ရှိကြောင်း သိရှိရပါကြောင်း၊ ညောင်ရွှေဟော်နန်းကြီး ပြုပြင်မွမ်းမံခြင်းကို ကုန်ကျခံမည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအား ရှာဖွေလျက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ဘဏ္ဍာရန်ပုံငွေခွင့်ပြုပေးမည်ဆိုပါက ပိုမိုကောင်းမွန် ပါကြောင်း၊ ညောင်ရွှေဟော်နန်းကြီးပြုပြင်ဆောင်ရွက်ရန် အစီအစဉ်များ ပေါ်ပေါက်လာပြီးသောအခါနှင့် ဘဏ္ဍာငွေရလမ်း ပေါ်ပေါက်လာသောအခါတွင် ဌာနေတိုင်းရင်းသား ပြည်သူလူထုအား ပွင့်ပွင့်လင်းလင်း သိရှိနိုင်ရန် ရှင်း လင်းပြ မည်ဖြစ်ပါကြောင်း၊ ယခုအခါ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ တိကျသော ဆုံးဖြတ်ချက် မရှိသေးပါ၍ ဒေသခံပြည်သူများကို ရှင်းလင်းပြရန် အချိန်စောသေးပါကြောင်း၊
သို့ရာတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ညောင်ရွှေမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး ဦးဆောင်၍ ညောင်ရွှေမြို့ ပြည်သူလူထုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဟော်နန်းပရဝဏ်အတွင်း ခြုံနွယ်ပိတ်ပေါင်းများကို သုံးကြိမ်တိုင်တိုင် လုပ်အားပေးရှင်းလင်းပြီးဖြစ်ပါကြောင်း၊ ဟော်နန်းကြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် အန္တရာယ်ဖြစ်နေသော ဟော်နန်းအဆောက်အဦအတွင်းရှိ ခြတောင်ပို့များ ကိုလည်း ပြင်သစ် ပညာရှင်က ပေးသော အကြံ ဉာဏ်ဖြင့် ရှင်းလင်းပေးထားပြီး ဖြစ်ပါကြောင်း၊ ပထမ အကြိမ် ပြင်သစ်ပညာရှင်လာစဉ်ကလည်း ညောင်ရွှေစော်ဘွားကြီးစပ်ရွှေသိုက်၏ သမီးငယ်ဖြစ် သူ ဒေါ်ဟေမာသိုက်နှင့်လည်း ဟော်နန်းတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရ ပါကြောင်း၊
ထို့အပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ယခင်ယဉ်ကျေးမှုဝန်ကြီးဌာနလက်ထက်တွင် ညောင်ရွှေဟော်နန်းအဆောက်အအုံစော်ဘွားများ၏ အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီ၊ ဓာတ်ပုံများနှင့် အတူ ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်၏ စီမံခန့်ခွဲမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ၂၉-၅-၂၀၁၃ ရက်နေ့တွင် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ ပြီးဖြစ်ပါကြောင်းနှင့် ဟော်မြေနေရာသည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမည်ပေါက် ဖြစ်သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင်ရှိနေသဖြင့် သဘောထား မှတ်ချက်ပေးရန် မရှိသည်ကို ပြောကြားလာပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ လည်း ညောင်ရွှေဟော်နန်းအား နိုင်ငံခြားသားခရီးသည်များအား ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အခြားသော သဘောထားမှတ်ချက်ပေး ရန်မ ရှိကြောင်း ပြန်ကြား လာခဲ့ပါကြောင်း ရှင်း လင်းဖြေကြားပါသည်။
