ယနေ့ ဒီမိုကရေစီနိုင်ငံ တော်ကို တည်ဆောက်နေကြပါကြောင်း၊ ဒီမိုကရေစီနိုင်ငံဆိုသည်မှာ ပြည်သူ များအတွက် ပြည်သူများက ၎င်းတို့၏အရေးအရာများကို ကိုယ်တိုင်စီမံခန့်ခွဲသည့် ပြည်သူ့အစိုးရစနစ် ဖြစ်သည့်အတွက် ပြည်သူများသည် အသိဉာဏ်ပညာဗဟုသုတနှင့် ကြွယ်ဝသည့် အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသည့် ပြည်သူများဖြစ်ရန်လိုအပ်ပါကြောင်း၊ ပြည်သူများကို အမြဲတမ်း Warm Inform Personal ဖြစ်နေအောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီခေတ်တွင် ပြည်သူများသည် ၎င်းတို့သိသင့်သိထိုက်သည့်အရာများကို သိရန်အခွင့်အရေး ရှိပါကြောင်း၊ ၎င်းတို့၏ နိုင်ငံ၊ ဒေသ၊ ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုးရန်ဆိုပါက အနည်းဆုံး မိမိတို့ဒေသ၏ အကြောင်းအချင်းအရာ အကုန်လုံးကို အစစအရာရာ သိရန်လိုပါကြောင်း၊ သို့မှသာ ပြည်သူများသည် ၎င်းတို့၏ ကျေးရွာ ဒေသ၊ မြို့ရွာ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်တိုင်း မြို့နယ်တိုင်းတွင် အသေးစိတ်အချက်အလက်များပါသည့်စာအုပ်မျိုး ရှိရန် လိုအပ်နေ ပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များပေါင်းစပ်ပြီး ၎င်းအချက် အလက်များပါသည့် စာအုပ်တစ်အုပ်ကို ပြုစုပြီး နှစ်စဉ်ထုတ်ဝေမည်ဆိုပါက ကုန်ကျစရိတ်ကို နိုင်ငံတော်မှကုန်ကျခံစရာ မလိုဘဲ မြို့နယ်များတွင်ရှိသည့် လုပ်ငန်းရှင်များမှ စာအုပ်တွင် ၎င်းတို့၏ လုပ်ငန်းအကြောင်းများကို ပြည်သူများသိအောင် ကြော်ငြာကြမည်ဆိုပါက ဝင်ငွေများရလာ စရာရှိပါကြောင်း၊ အုပ်ချုပ်ရေးအာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်မှုလုပ်ပေးရန် လိုပါကြောင်း၊ နှစ်တိုင်းနှစ်တိုင်းတွင် လည်း ယခုလို တစ်နှစ်ပြည့်သည်နှင့် အသစ်ပေါ်လာသည့် အချက်အလက်များ အကုန်လုံး Update လုပ်ပြီးတစ်ဆင့်တစ်ဆင့်တိုးမြှင့်သွားမည်ဆိုပါက ၎င်းစာအုပ်သည့် မိမိတို့ မြို့နယ်၊ ကျေးရွာ၊ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးဝင်သည့် စာအုပ် တစ်အုပ် ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ယခုလိုစာအုပ်မျိုး မြို့နယ်တိုင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်ပြီး မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၏ လမ်းညွှန်ကြီးကြပ်မှုနဲ့ ဆောင်ရွက်ပေးရန် အတွက် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းမေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူ၍ ရည်မှန်းချက်တာဝန်များကို ပြည်သူကိုဗဟိုပြု၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်မြေဒေသ၏ အုပ်ချုပ် ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အခြေခံကျပြီး အရေးပါသည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဆင့် ၏ ဒေသဆိုင်ရာအချက်အလက်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဦးစီး ဌာနများနှင့် ပူးပေါင်းပြီးနှစ်စဉ် Up To Date ရေးဆွဲပြုစုဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသ ဆိုင်ရာအချက်အလက်စာအုပ်ကို အခန်း(၁) နိဒါန်းနှင့်ဒေသသမိုင်းအကျဉ်း၊ အခန်း(၂) ပထဝီဝင် အနေအထား၊ အခန်း(၃) ရာသီဥတုနှင့်သဘာဝပတ်ဝန်း ကျင်၊ အခန်း(၄) လူဦးရေဆိုင်ရာ အချက် အလက်များ၊ အခန်း(၅) အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ၊ အခန်း(၆) စီးပွားရေးဆိုင်ရာ အချက် အလက်များ၊ အခန်း(၇) လူမှုရေးဆိုင်ရာအချက်အလက်များ၊ အခန်း(၈) ဘာသာရေးနှင့် သမိုင်းဝင် အဆောက်အဦများ၊ အခန်း(၉) ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များ၊ အခန်း(၁၀) အထွေထွေ တို့ဖြင့် ပြုစုဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဒေသဆိုင်ရာအချက်အလက်များ စုစည်းပြုစုရာမှာ အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးနယ်မြေ၊တည်နေရာနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေ၊ မြို့နယ်အတွင်းရှိသည့် လူဦးရေတည်ရှိ ပျံ့နှံ့မှုများ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း အင်အား ၊ တရားစီရင်ရေးနှင့် ပတ်သက်တဲ့အချက်အလက်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အင်အား စာရင်း၊ မီးသတ်နှင့်အခြားတပ်ဖွဲ့ဝင်များ စီမံခန့်ခွဲ့မှုအခြေ အနေများပါ ထည့်သွင်းပြုစုထားရှိပါကြောင်း၊ မြို့နယ် နယ်မြေတွင် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို သိရှိနိုင်ရန် နိုင်ငံရေးပါတီများ၊ ဒေသ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုများကို လွယ်ကူစွာစီမံဆောင် ရွက် နိုင်ရန်အတွက် မြေအသုံးချမှု၊ ဆည်မြောင်းတာတမံများ တည်ဆောက်မှုနှင့် ရေပေးဝေနိုင်မှု အခြေအနေများ၊ သစ်တောထွက်ပစ္စည်းများ၊ ကြိုဝိုင်း/ကြိုးပြင်ကာကွယ်တောများ၊ တွင်းထွက်နှင့် ဓာတ်သတ္တုထုတ်လုပ်မှုအခြေအနေများ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် သုံးစွဲမှု အခြေအနေတွေကိုပါ ထည့်သွင်းပြုစု ထားရှိပါကြောင်း၊ ထို့အပြင် နယ်မြေဒေသ၏ စီးပွားရေး အခြေအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး၊ လူတစ်ဦးချင်း ဝင်ငွေများကိုလည်းကောင်း၊ ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာများကိုလည်းကောင်း၊ လွယ်ကူစွာသိရှိနိုင်ပြီး ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း ဆင်းရဲချမ်းသာကွာဟမှုနည်းစေရန်နှင့် မူဝါဒများချမှတ်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးကိုလည်း ထည့်သွင်းပြုစုထားရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး / ပြည် နယ် အစိုးရအဖွဲ့ဝင်များ၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုခရီးစဉ်တွေမှာ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ် ရေးမှူးများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၏ လိုအပ်သည့်အချက်အလက်များကို အချိန်တိုအတွင်းသိရှိပြီး ဖြည့်ဆည်းဆောင်ရွက်နိုင်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသို့ ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အများပြည်သူအကျိုးစီးပွားနှင့် ပတ်သက်သည့်ကိစ္စများ အတွက် ဘဏ္ဍာငွေ လိုအပ်ချက်ကို ဦးစားပေးလုပ်ငန်းအစီအစဉ်အလိုက် တင်ပြတောင်းခံခြင်းများကို ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ သို့သော်ဒေသဆိုင်ရာ အချက်အလက်များတွင်ပါရှိသည့် အချို့သောအချက်အလက်များ သည် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆက်စပ်ပြီး ရေးသားထားတာဖြစ်သည့်အတွက် လုံခြံရေး၊ တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ဖွယ်ရှိသည့်အတွက်ကြောင့် ၎င်းအချက်အလက် များကို ကန့်သတ်ပြီး ကျန်သည့်အချက်အလက်များကို အများပြည်သူအချိန်မရွေး သိရှိ နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)၏ Website ဖြစ်သည့် WWW.gad.gov.mm တွင် တစ်နိုင်ငံလုံးတွင်ရှိသည့် မြို့နယ်များ၏အချက်အလက်များကို လွှင့်တင်ပေးလျက်ရှိသည့်အပြင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် Website များတွင်လည်း လွှင့်တင်ထားလျက်ရှိရာ ၁၄.၁၁.၂၀၁၇ ရက်နေ့အထိ မြို့နယ် ၃၃၀ ရှိသည့်အနက် ၂၅၃ မြို့နယ်၏ အချက်အလက်များအားလုံး ကို Websiteတွင် လွှင့်တင်ထားပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် မြို့နယ်များအတွက်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးမြင့်လွင်(တွံတေးမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
Website ကို မိမိတို့ ပြည်သူအများစုအနေဖြင့် သိပ်မရင်းနှီးသေးပါကြောင်း၊ IT နည်းပညာကို ကျွမ်းကျွမ်းကျင်ကျင်မသုံးချနိုင်သေးပါကြောင်း၊ လောလောဆယ်ဆယ်တွင် ရန်ကုန် Directoires၊ တယ်လီဖုန်း Directoires၊ မြန်မာပြည်ခရီးသွားလမ်းညွှန် စာအုပ်မျိုးကို ထုတ်ဝေပြီး ယခုလို အများပြည်သူကို ရောင်းချ နိုင်သည့်အနေအထား များမည်သည့်အတွက်မရှိသေး /မလုပ်နိုင်သေးသည်ကို မည်သည့်အတွက်ကြောင့် ဆိုသည်ကိုသိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
စာအုပ်ထုတ်ဝေရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ နေပြည်တော်ကောင်စီ အစိုးရ၏ သဘောထားများကိုမေးမြန်းခဲ့ရာ ၎င်းစာအုပ်ထုတ်ဝေသည့် အခါ ကုန်ကျစရိတ်များ ပါလာ မည်ဖြစ်ပါကြောင်း၊ မိမိတို့မှ ကြော်ငြာများထည့်သွင်းပြီးထုတ်ဝေမည်ဆိုပါက ပြုစုထားသည့် အချက် အလက်များကို မဂ္ဂဇင်းတစ်စောင်လို ထုတ်ဝေသင့်သည့်စာအုပ် မျိုးမဟုတ်သည်ကို လေ့လာတွေ့ရှိပါ ကြောင်း၊ သို့သော် ပြည်သူလူထုတစ်ရပ်လုံး လွယ်ကူစွာသိရှိနိုင်ရန်အတွက် ခလုတ်တစ်ချက်နှိပ်ရုံနှင့် ကြည့်လို့ရသည့်အခြေအနေဖြစ်အောင် Website ထုတ်လွှင့်လုပ်ငန်းစဉ်များကို အလေးအနက်ထား လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်အပတ်ထိဆိုပါက မြို့နယ်ပေါင်း ၉၀ အထိ လွှင့်တင်နိုင်ခဲ့ပါ ကြောင်း၊ သို့သော်လည်း မနေ့ကအထိ မိမိတို့ပြန်ပြီးဆောင်ရွက်သည့် အခါ မြို့နယ်ပေါင်း ၂၄၀ ကျော် ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ သဘောထားနှင့် ပြည်ထောင်စုအစိုးရကို ဦးတည်ပြီးမေးခြင်းဖြစ်သည့် အတွက် ပြည်ထောင်စုအစိုးရ၏ သဘောထားကို လည်း ရယူဆောင်ရွက်ခဲ့ပါကြောင်း၊ ရယူဆောင်ရွက်သည့် အခါ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ဝေ သည့် ၎င်းစာအုပ်ကို သတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် ကန့်သတ်ရန်လိုအပ်သည့် အချက်အလက် များကို ချန်ပြီး ကျန်တာအားလုံးကို မိမိတို့ Website တွင် အသိပေးနိုင်ရေး ဆောင်ရွက်သွားရန် ဆိုသည့် အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စာအုပ်ထုတ်ဝေခြင်းထက် Website တင်ခြင်းသည် ပိုမိုလွယ်ကူစွာသိရှိနိုင် မည်ဖြစ်ပါကြောင်း၊ စာအုပ်ကို မဂ္ဂဇင်းများထုတ်ဝေသလို ကြော်ငြာများနှင့်ထုတ်ဝေသင့်သည့် အချက်အလက်များလည်း မဟုတ်သည့် အတွက်ကြောင့် ၎င်းစာအုပ်ထုတ်ဝေမှုလုပ်ငန်းစဉ်ကို မိမိတို့ဆောင်ရွက်ခြင်း မရှိပါကြောင်း ဆက်စပ်မေးခွန်းအားပြန်လည်ဖြေကြားခဲ့ပါသည်။
