(င)-မြန်မာနိုင်ငံအနှံ့အပြား၌ဆေးရုံ၊ဆေးခန်းနှင့်ဝေး သည့်ကျေးလက်ဒေသများတွင် မွေးဖွားလာရသော ကလေးသူငယ်များမွေးစာရင်းမှန်ကန်၊မြန်ဆန်စွာရ ရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့(၁၇. ၁၀. ၂၀၁၇)

ဒေါ်နီနီမေမြင့် (တောင်ကုတ်)မိမိတို့မြန်မာနိုင်ငံတွင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး GDP အချိုးသည် နိုင်ငံ၏လူဦးရေအပေါ် မူတည်ပြီး ရေးဆွဲရခြင်းဖြစ်သည့်အတွက် မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း၊ ပြည်ထောင်စုအဆင်‌့ထိ လူဦးရေမှန်ကန် တိကျရာတွင် အလွန်အရေးကြီးပါကြောင်း လူဦးရေတိကျမှန်ကန်မှုသည် လူသားအရင်းအမြစ်ပေါ် အခြေခံပြီး စီးပွားရေးမူဝါဒ ချမှတ်ရာတွင်လည်း နိုင်ငံ၏လူဦးရေစာရင်းသည် အလွန်အရေးကြီးပါကြောင်း၊ နောက်တစ်ချက်က မိမိတို့မြို့နယ်အဆင့်တွင် အလွန်အရေးပါသည့် ဆင်းရဲနွမ်းပါးမှု အမြင်‌့ဆုံးမြို့နယ်များကို CCD ဘတ်ဂျက်ရရှိရန် လျှောက်ထားရာတွင်လည်း GDP အပေါ်အခြေခံပြီး ခွင့်ပြုဘတ်ဂျက်ကို ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပြည်သူအများ အလွန်စိတ်ဝင်စားမျှော်လင်‌့ပြီး မဲစာရင်းတိကျခိုင်မာမှုမရှိဘဲ မဲစာရင်းမှားယွင်းမှုများမှာလည်း နိုင်ငံအနှံ့အပြားတွင် ဖြစ်ခဲ့သည်ကိုလည်း အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မြို့နယ်တစ်မြို့နယ်၏ ကျန်းမာရေးဦးစီးဌာနတွင် ရှိသည့် ဖွား/သေ စာရင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ မြို့နယ်လူဦးရေစာရင်းများသည် ခေတ်မီ နည်းစနစ်များဖြင့် လုပ်ဆောင်မှုအားနည်းလျက်ရှိပါကြောင်း၊ ကျွန်မမြို့နယ်အတွင်း ကျေးလက်များ ဆင်းသည့်အခါ ဆေးရုံ၊ ဆေးခန်းနှင့်ဝေးသည့် ကျေးလက်များတွင် မိခင်လောင်းများသည် မိရိုးဖလာအရပ်က ကလေးမွေးပေးသူများနှင့်‌ မွေးဖွားလာရသည့်အခါ ကလေးများသည် မွေးစာရင်း မရှိကြပါကြောင်း၊ ထို့ကြာင့် ကလေးများအတွက် အရေးကြီးသည့် မွေးစာရင်းသည် ကလေးများ၏ ကာကွယ်ဆေးထိုးခြင်းမှစပြီး ပညာရေး၊ နိုင်ငံသားကတ်ရရှိရေး၊ အိမ်ထောင်စုစာရင်းဝင် ဖြစ်ရေးအထိ အခြေခံလိုအပ်ချက်ကြီးတစ်ခု ဖြစ်နေပါကြောင်း၊ မိဘများကိုယ်တိုင်ကလည်း ကလေးမွေးစာရင်းကို မည်ကဲ့သို့ပြုလုပ်ရမည်၊ မည်သည့်နေရာတွင် လုပ်ရမည်ကို ဂဃနဏမသိကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးရွာများအထိ သားဖွားဆရာမကို ကျေးရွာအုပ်စုအလိုက် ခန့်‌အပ်ထားနိုင်ခြင်း မရှိသည့်အတွက် မိခင်လောင်းများသည် မွေးစာရင်းရရန် အခက်အခဲရှိနေကြပါကြောင်း၊ မြို့နယ်အတွင်းလိုအပ်နေသည့် မွေးစာရင်းများကို ကျေးရွာအုပ်စုအလိုက် အလှည်‌့ကျ သက်ဆိုင်ရာဌာနက လုပ်ပေးနိုင်မည်ဆိုပါက အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် မီးဖွားသူများကဲ့သို့ မွေးစာရင်းများကို လွယ်ကူစွာ မရရှိသည့်‌့အပြင် အထက်က မိမိကိုပြောခဲ့သလို ကလေးငယ်များကို ကာကွယ်ဆေးထိုးခြင်း၊ ကျောင်းအပ်နှံခြင်း၊ နိုင်ငံသားကတ်ပြုလုပ်ခြင်း၊ ပုံစံ (၁၀) ခေါ် အိမ်ထောင်စုစာရင်းများ ပြုလုပ်ရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရသည့်အတွက် မွေးစာရင်းမှန်ကန်၊ မြန်ဆန်စွာရရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး3မိမိတို့နိုင်ငံတွင် Population Policy မရှိသေးပါကြောင်း၊ Myanmar Demographic Health Survey စစ်တမ်းအရ ကြည့်သည့်အခါ Neg; Reproduction Rate က (၁)အောက်ကို ရောက်နေပါကြောင်း၊ ဆိုလိုသည်မှာ ၎င်းအတိုင်းသွားမည်ဆိုပါကလည်း မိမိတို့နိုင်ငံ၏ လူမျိုးများ တဖြည်းဖြည်းလျော့ နည်းသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တကယ် နည်းသလား၊ မနည်းဘူးလားဆိုသည်ကို သိရှိရန် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့် မွေးစာရင်းမြန်မြန်ရရန်ကိစ္စမှာ အလွန်အရေးကြီး ပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံ၏ ဖွား/သေ မှတ်ပုံတင်ခြင်းစနစ် ပိုမိုကောင်းမွန်လာစေရန်အတွက်လည်းကောင်း၊ နိုင်ငံတကာအဆင့်အတန်း မီသော စနစ်ဖြစ်လာရန်အတွက်လည်းကောင်း၊ မွေးဖွားမှုနှင့်သေဆုံးမှု စာရင်းဇယားများ မှန်ကန်စွာရရှိပြီး သဘာဝအလျောက် လူဦးရေတိုးနှုန်း (Population Growth Rate)၊ ဖွား/သေစာရင်းအင်း ညွှန်းကိန်းများ မှန်ကန်စွာ တွက်ချက်နိုင်ရန်အတွက်ကို အစိုးရအနေဖြင့် ၁၉-၄-၂၀၁၆ ရက်နေ့တွင် (၆/၂၀၁၆) အမိန့် ကြော်ငြာစာဖြင့် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ၎င်းအဖွဲ့တွင် မိမိမှ ဥက္ကဋ္ဌ ဖြစ်ပါကြောင်း၊ အမြဲတမ်းအတွင်းဝန် သုံးဦးပါဝင်ပြီး ညွှန်ကြားရေးမှူးချုပ် ၁၀ ဦးအပါအဝင် ဗဟိုအဖွဲ့၊ တိုင်းဒေသကြီးအဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များရှိကြပါကြောင်း၊ ၎င်းအဖွဲ့များကလည်း ဆေးရုံဆေးခန်း၌မွေးသော ကလေးငယ်များအတွက် ဆေးရုံ၊ ဆေးခန်းများ၌ မွေးစာရင်းထုတ်ပေးပါ ကြောင်း၊ ရပ်ကွက်၊ ကျေးရွာများ၌ မွေးသောကလေးများအတွက် သားဖွားဆရာမများမှ မွေးဖွားမှုဆိုင်ရာ အချက်အလက်များစာရင်းတွင် ဖြည့်သွင်းပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူမှ လက်မှတ်ထိုးပြီး မွေးစာရင်းပြန်ပေးလိုက်ပါကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကြီးမေးသည့်အတိုင်း ဆေးရုံ၊ ဆေးခန်းနှင့်ဝေးသော ကျေးလက်ဒေသများရှိ အရန်သွားဖွားဆရာမ မိရိုးဖလာအရပ်လက်သည်ဖြင့် မွေးဖွားသောကလေးများအတွက်ဆိုလျှင် သက်ဆိုင်ရာ အရန်သားဖွားဆရာမနှင့် အရပ်လက်သည်တို့သည် သက်ဆိုင်ရာကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် အကူအညီဖြင့် အဆိုပါကျေးရွာအုပ်စုပိုင် Sub-center တွင်ရှိသည့် သားဖွားဆရာမသို့ မွေးဖွားကြောင်း အကြောင်းကြားပါက သားဖွားဆရာမမှတစ်ဆင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ တင်ပြပြီး မွေးစာရင်းထုတ်ပေးပါကြောင်း၊

အထက်ပါအစီအစဉ်အတိုင်း မဆောင်ရွက်လိုက်ရသည့် ကလေးများအတွက်ဆိုလျှင် မိမိတို့ဘက်မှတာဝန်ယူထားသည်မှာ မိဘအုပ်ထိန်းသူများမှ သက်ဆိုင်ရာကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် One Stop Service ဆိုတာရှိပါကြောင်း၊ Service များအကုန်ပေးထားခြင်း၊ ဖွင့်လှစ်တဲ့အခါတွင်လည်း သတင်းပေးပို့မှုရှိလျှင် တစ်ခါတည်း မွေးစာရင်းထုတ်ပေးပါကြောင်း၊ မှတ်ပုံတင်ရန်အတွက်ကို မွေးဖွားမှတ်ပုံတင်ခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ၂၀၁၄ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တွင် စတင်လုပ်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွင်လည်း လုပ်ပါကြောင်း၊ လုပ်တဲ့အခါမှာ မကွေးတွင် မှတ်ပုံတင်မရှိသည့် ကလေးများက ၂၀၁၄ ခုနှစ်တွင် ၁၂၃၆၃၃၆ ဦး လာမှတ်ပုံတင်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၁၇၈၆၇၀ ဦး လာတင်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ ဖွား/သေမှတ်ပုံတင် စနစ်ကို ပိုမိုကောင်းလာစေရန်နှင့် ကလေးလူငယ်အခွင့်အရေး အပြည့်အဝရရှိရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖြေလျှော့သည့် အမိန့်စာကို ၁၇-၃-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ပါကြောင်း၊ ၎င်းထုတ်ပြန်ချက်အတိုင်း ဆောင်ရွက်ရန်ကိုလည်း မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်း လမ်းညွှန်စာအုပ်ကို UNICEF နှင့်ပေါင်းပြီး နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မိမိကိုယ်တိုင် UNICEF၊ ဖွား/သေဌာနနှင့်လည်း ပေါင်းစပ်ပြီး ပြုလုပ်ပါကြောင်း၊ ထိုစာအုပ်ရှိထားပြီဆိုလျှင် ပြည်သူများသည် ၎င်းခရိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် လည်းကောင်း၊ တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးမှူးများသည်လည်းကောင်း မည်ကဲ့သို့ ပြုလုပ်ရမည်ကိုလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိမည်ဖြစ်သည့်အတွက် မွေးဖွားမှုသည် အားလုံးပိုပြီး စာရင်းဇယားပြည့်စုံမည်ဖြစ်ပါကြောင်း၊ အမိန့်စာအပေါ်မူတည်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ၂၀၁၇ ခုနှစ်၊ မေလ၊ ဇွန်လအတွင်း ငါးနှစ်အောက် ကလေးများအားလုံး မွေးမှတ်ပုံတင်ရန်နှင့် မွေးစာရင်းထုတ်ပေးရေးကို စီမံချက်ချပြီး သေသေချာချာလုပ်သည့်အခါ မောင်တော၊ ဘူးသီးတောင်တွင်ရှိသည့် ကလေးစုစုပေါင်း ၁၃၂၈၈ ဦးကို မွေးစာရင်းထုတ်ပေးလိုက်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံတွင် မည်သည့်ဒေသတွင်မဆို မွေးဖွားသည့်ကလေးငယ်များအတွက် မွေးစာရင်းမှန်ကန်စွာ ရရှိရေးအတွက် နှီးနွှယ်ဝန်ကြီးဌာနများနှင့် ညွှန်ကြားရေးမှူးချုပ် ၁၀ ဦး ပါသည့်အဖွဲ့မှ ဦးဆောင်ပြီး လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။