(ဂ)-မြန်မာနိုင်ငံတွင်အစားအသောက်စစ်ဆေးခြင်းအ တွက်အယူခံဓာတ်ခွဲခန်းသတ်မှတ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိနှင့်ပြည်ပမှတင်သွင်းသောဆေးများအတွက် ကြာမြင့်ချိန်လျော့နည်းအောင်ဆောင်ရွက်ပေးနိုင်မှုရှိ /မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့(၁၇. ၁၀. ၂၀၁၇)

ဒေါက်တာဦးသန်းအောင်စိုး (မင်းလှ)အစားအစာနှင့်သောက်ရေသန့်များကို FDA ကစစ်ဆေးပြီး သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်ကိုက်ညီပါက ထုတ်လုပ်ခွင့်လိုင်စင် ထုတ်ပေးပါကြောင်း၊ FDA ၏ စစ်ဆေးမှုအရ ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ သို့သော် ထုတ်လုပ်သူများ နစ်နာမှုမရှိစေရန်အတွက် မကျေနပ်ပါက အယူခံ၍ရရှိစေရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဍ) တွင် အယူခံဓာတ်ခွဲခန်းဟု ဖော်ပြထားပါကြောင်း၊ အယူခံဓာတ်ခွဲခန်းဆိုသည်မှာ မူလဓာတ်ခွဲ ခန်းမှ အစားအသောက် နမူနာများကို ဓာတ်ခွဲစစ်ဆေးမှုနှင့်စပ်လျဉ်း၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာသည့်အခါ၌ လည်းကောင်း၊ ကျေနပ်မှုမရှိသဖြင့် အယူခံဝင်သည့်အခါ၌လည်းကောင်း၊ ယင်းအစားအသောက် နမူနာများကို ထပ်မံစစ်ဆေး၍ အပြီးသတ်အဆုံးအဖြတ်ပြုနိုင်ရန် အာဏာပိုင်အဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ သီးခြားသတ်မှတ်ပေးသော ဓာတ်ခွဲခန်းကိုဆိုသည်ဟု ဖော်ပြထားပါကြောင်း၊ အခန်း(၄) ပုဒ်မ ၆ အာဏာပိုင်အဖွဲ့၏လုပ်ငန်း တာဝန်များတွင်လည်း ပုဒ်မခွဲ(ဇ) မူလဓာတ်ခွဲခန်းနှင့် အယူခံဓာတ်ခွဲခန်းများ သတ်မှတ်ခြင်းဟု ပါရှိပါကြောင်း၊ အခန်း(၇) အယူခံခြင်း ပုဒ်မ ၁၆ တွင် ချမှတ်သောဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာဝန်ကြီး သို့မဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌထံအယူခံနိုင်သည်။ ပုဒ်မ ၁၇ တွင် သက်ဆိုင်ရာဝန်ကြီး သို့မဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု ဖော်ပြထားပါကြောင်း၊ စစ်ဆေးသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဝန်ကြီးထံတွင် အယူခံသည်ထက် ကြားအဖွဲ့အစည်း (Third Party) ဖြစ်ပါက ပိုမိုကောင်းမွန်မည်ဟု ထင်မြင်ပါကြောင်း၊

ပိုးမွှားများသည် လေထဲတွင် ပျံ့နှံ့နေပါကြောင်း၊ ရောဂါပြင်းပြင်းထန်ထန်ဖြစ်စေသော၊ ရောဂါသိပ်မပြင်းထန်စေသော၊ ရောဂါလုံးဝမဖြစ်စေသော ပိုးများရှိပါကြောင်း၊ လူတို့၏ ခံနိုင်ရည်အားများ ကြောင့်သာ ဒုက္ခမပေးခြင်း ဖြစ်ပါကြောင်း၊ ဥပမာ- သောက်ရေသန့်တွင် အလုံပိတ်အခန်းထဲ၊ အဲယားကွန်းအခန်းထဲတွင် ရေကို Opposite တို့၊ UV ဟူသော Ultraviolet ၊ Ozone စသည်တို့်ဖြင့် အထပ်ထပ်ပိုးသတ်ပြီးမှ  Auto Filling ဟုခေါ်သော အလိုအလျောက်ဖြည့်သော စက်နှင့် ထွက်ရှိသော ရေသန့်သည် ပိုးပါဝင်ရန်အခွင့်အလမ်း အလွန်နည်းပါးပါကြောင်း၊ သို့သော် စစ်ဆေးသည့်အခါ စစ်ဆေး သူ၏ အမှတ်မထင်ကိုင်တွယ်ပြုမူမှုများကြောင့် ပိုးပေါက်ဖွားနိုင်ပါသေးကြောင်း၊ တစ်ခါသုံး 1 Litre ၊ 0.5 Litre တို့နှင့် မိမိတို့ အမြဲတမ်းပြန်လည်အသုံးပြုနေသော 20 Litre ဗူးများနှင့်  ပိုးပါဝင်မှုများသည် ကွာခြားနိုင်သည့်အတွက် မူလဓာတ်ခွဲခန်းတစ်နေရာထဲတွင် စစ်ဆေးမှုကို မကျေနပ်ပါက အယူခံ ဓာတ်ခွဲခန်းတွင် စစ်ဆေးအယူခံနိုင်စေရန် အစားအသောက်ထုတ်လုပ်သူများကိုပါ သိရှိနိုင်စေရန်အတွက် အယူခံဓာတ်ခွဲခန်းဖွင့်လှစ်ဆောင်ရွက်နေခြင်းရှိ/မရှိကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊

မိမိတို့နိုင်ငံတွင် ဆေးဝါးနှင့်ပတ်သက်၍ အနောက်တိုင်းဆေးဝါးများကို MPF ကလွဲပြီး ကျန်သည်များကို ပြည်ပမှ တင်သွင်းကြရပါကြောင်း၊ ဆေးဝါးတင်သွင်းခွင့်လိုင်စင်ရရှိရန် အချိန်အတော်အကြာစောင့်ရ ပါကြောင်း၊ ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်စေရန် အဆင့်ဆင့်စစ်ဆေးခြင်း၊ ဓာတ်ခွဲခန်းနှင့် ဆေးရုံ၊ဆေးခန်း များတွင် ပေးပို့စစ်ဆေးခြင်းများဖြင့် ရလဒ်ရယူဆောင်ရွက်ခြင်းတို့ကြောင့် ပိုမိုစိတ်ချစွာ သုံးစွဲရပါကြောင်း၊ သို့သော် အထူးဆေးဝါးများဖြစ်သော နှလုံး၊ ဦးနှောက် စသည့်မရှိမဖြစ်လိုအပ်သော ဆေးများသည် တင်သွင်းခွင့်လျှောက်ထားရသည်မှာ ကြာမြင့်သည့်အတွက် ဈေးကွက်တွင် ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့ရပါကြောင်း၊ ဆေးပျက်ခံ၍မရသောလူနာများသည် ဈေးကြီးပေးသော်လည်း မရသည့်အတွက် အသက်အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါကြောင်း၊ တင်သွင်းသူများဘက်ကလည်း အချိန်ကြာလွန်းသည့် အတွက် ဈေးနှုန်းအနေအထား ကွာခြားမှုများကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် စိတ်ချရသော နိုင်ငံများမှ တင်သွင်းသောဆေးဝါးများကို ၎င်းတို့နိုင်ငံ FDA ၏ ထောက်ခံချက်အတည်ပြုခွင့်ပြုပေးပါက စောင့်ဆိုင်း ရသော အချိန်တိုတောင်းသွားနိုင်ပါကြောင်း၊ အဆိုပါတင်သွင်းသောဆေးဝါးများတွင် သက်ဆိုင်ရာ စံချိန်စံညွှန်း ပါဝင်မှုများ ပါရှိနေသည့်အတွက် ပြန်စစ်သည့်အခါ လွဲမှားနေမှုကြုံရပါက မည်သည့် နိုင်ငံများကဆေးဝါးများဖြစ်ပြီး ကြုံတွေ့ရသော ကုမ္ပဏီများကို တရားစွဲဆိုမှုများ ရှိပါသလားဆိုသည်ကို သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် အစားအသောက်စစ်ဆေးခြင်းအတွက် အယူခံဓာတ်ခွဲခန်း သတ်မှတ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိနှင့် ပြည်ပမှတင်သွင်းသော ဆေးဝါးများအတွက် တင်သွင်းခွင့်ရရန် ကြာမြင့်ချိန် လျော့နည်းစေရန် ဆောင်ရွက်ပေးနိုင်မှု၊ တရားဝင်တင်သွင်းသောဆေးဝါးများ၏ စံချိန်စံညွှန်းနှင့် အာနိသင်လျော့နည်းခြင်းများတွေ့ရှိပါက မည်သို့အရေးယူခြင်း၊ ပြည်ပကုမ္ပဏီများကို တရားစွဲဆိုခြင်း များရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး2မြန်မာနိုင်ငံတွင် အစားအသောက်ဥပဒေကို ၁၉၉၇ ခုနှစ်၊ မတ်လ ၃ ရက်တွင် ဥပဒေအမှတ်(၅/၉၇)ဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် အမျိုးသားအစားအသောက်ဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၂၄)ဖြင့် ပြင်ဆင်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် မိမိတို့က နည်းဥပဒေကို မထုတ်ပြန်သော်လည်း အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ပါကြောင်း၊ ဥပမာအားဖြင့် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ်(၂၂/၂၀၁၄)ဖြင့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ် ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်သွင်းခြင်းဆိုင်ရာအမိန့်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ လက်ရှိပြဋ္ဌာန်းထားသော အမျိုးသားအစားအသောက်ဥပဒေ (၁၉၉၇) ရေးဆွဲပြဋ္ဌာန်းစဉ်က နိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်ပုံနှင့် ယခုမျက်မှောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်ပုံ တို့သည် များစွာခြားနားသွားပြီဖြစ်ပါကြောင်း၊ လက်ရှိအမျိုးသားဥပဒေကို ကိုင်တွယ်ကျင့်သုံး ဆောင်ရွက်ရာတွင် အံဝင်ခွင်ကျမရှိခြင်း၊ ထို့အပြင် ထိုဥပဒေသည် နိုင်ငံတကာစံနှုန်းများ၊ အစားအသောက် ဥပဒေပြဋ္ဌာန်းချက်များနှင့်လည်း ကိုက်ညီမှုနည်းပါးခြင်းတို့ကို မိမိတို့အစိုးရလက်ထက်တွင် တွေ့ရှိ ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏လူမှုစီးပွားရေးအခြေအနေများကလည်း ဖွံ့ဖြိုးလာပါကြောင်း၊ ပြည်သူ့ကျန်းမာရေး၏နိယာမဖြစ်သော Public Health Basic Principle ဖြင့်စဉ်းစားသည့်အခါ အခြေအနေအရပ်ရပ်သည် လုံးဝပြောင်းလဲသွားပြီဖြစ်ပါကြောင်း၊  ၎င်းဥပဒေသည် လုံးဝမကိုက်ညီသည့် အတွက် ပြန်လည်ရေးဆွဲပြီး ရှေ့နေချုပ်ရုံးကို ၂၁-၇-၂၀၁၇ ရက်နေ့တွင် တင်ပြထားပြီး ဖြစ်ပါကြောင်း၊ မကြာခင်အတွင်းမှာလည်း အစားအသောက်နှင့်ပတ်သက်သည့် ဥပဒေကြီးက အသစ်ပြန်လည် ရေးဆွဲမည်ဖြစ်ပါကြောင်း၊ အစားအသောက် အယူခံဓာတ်ခွဲခန်းသတ်မှတ်ခြင်းရှိ/မရှိနှင့်ပတ်သက်ပြီး အယူခံရမည်ဆိုပါက ဓာတ်ခွဲခန်းများ များစွာရှိရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အစားအသောက်နှင့် ဆေးဝါးပစ္စည်းနှင့် အလှကုန်ပစ္စည်းကို စစ်ဆေးရန်ဓာတ်ခွဲခန်း ၁၈ ခုရှိပါကြောင်း၊ ဥပမာအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနတွင် အစားအသောက်နှင့်ဆေးဝါး (FDA) ဓာတ်ခွဲခန်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ရှိသည့်အပြင် ပညာရေးဝန်ကြီးဌာနတွင် အမျိုးသားဓာတ်ခွဲခန်း National Analytical Laboratory ရှိပါကြောင်း၊ မိမိတို့၏ ဓာတ်ခွဲခန်းက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ISO, IEC accreditation ကို အမေရိကန်အခြေစိုက် American National Standards Institute(ANSI) ရှိ American National accreditation Board ကရရှိထားပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့အဆင့်အတန်းမီ ဓာတ်ခွဲခန်း ဖြစ်သည့်အတွက် သုံးနှစ်တာကာလက လာရောက်ပြီး စစ်ဆေးပါကြောင်း၊

လက်ရှိ အမျိုးသားအစားအသောက်ဥပဒေအရ မူလဓာတ်ခွဲခန်းမှ အစားအသောက်နမူနာများကို ဓာတ်ခွဲစစ်ဆေးမှုနှင့် စပ်လျဉ်း၍ ပြဿနာတစ်စုံတစ်ရာပေါ်ခဲ့သည် ဖြစ်စေ၊ ကျေနပ်မှုမရှိသည့် အယူခံဖြစ်စေ အစားအသောက်နမူနာများကို ထပ်မံစစ်ဆေးပြီး အပြီးသတ်အဆုံးအဖြတ် ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံအစားအသောက် ဆေးဝါးအာဏာပိုင်အဖွဲ့ ဆိုတာရှိပါကြောင်း၊ ၎င်းအဖွဲ့မှ အမိန့်ကြော်ငြာစာထုတ်၍ အယူခံဓာတ်ခွဲခန်းတစ်ခုကို သတ်မှတ်ပြီး ပြန်လည်စစ်ဆေး၍ ရပါကြောင်း၊

ပြည်ပမှတင်သွင်းလာသော ဆေးဝါးများ အချိန်ကြာမြင့်ချိန် လျော့နည်းစေရန် ဆောင်ရွက်ပေးခြင်း ရှိ/မရှိဆိုသည့် ကိစ္စနှင့်စပ်လျဉ်းပြီး အားလုံးသည် ကြာမြင့်ခြင်းမရှိပါကြောင်း၊ အမျိုးသားဆေးဥပဒေအရ ဆေးဝါးများတင်သွင်းရာတွင် ပြည်ပမှတင်သွင်းလာသော ဆေးဝါးများအတွက် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားရှိသော ဆေးဝါးများကိုသာ တင်သွင်းခွင့်ရှိပါကြောင်း၊ မှတ်ပုံတင်စစ်ရာတွင်လည်း အာဆီယံနိုင်ငံနှင့် တစ်ပြေးညီဖြစ်စေရန် Quality, Safety, Efficacy ကိုလုပ်ရမည် ဖြစ်ပါကြောင်း၊ အထောက်အထားအားလုံး ပြည့်စုံပါက မှတ်ပုံတင်အသစ် လျှောက်ထားရန်အတွက် ကိုးလကြာပါကြောင်း၊ သက်တမ်းတိုးရန်အတွက်လည်း သုံးလကြာပါကြောင်း၊ ကုမ္ပဏီများမှ တင်သွင်းသည့် စာရွက်စာတမ်းများ မပြည့်စုံခြင်းကြောင့် ကြာမြင့်ခြင်းဖြစ်ပါကြောင်း၊

တင်သွင်းခွင်‌့ ရရှိရန်ကျန်နေခြင်းမှာ Drug Importation Approval Certificate ဆိုတာကို ပေးရပါကြောင်း၊ ပေးသည့်အခါတွင် Original ကုမ္ပဏီက နိုင်ငံခြားတွင်ရှိသော်လည်း တင်သွင်းသည့် ကုမ္ပဏီကို မှတ်ပုံတင်ရပါကြောင်း၊ တစ်ခါတစ်ရံ တင်သွင်းသောကုမ္ပဏီက ၎င်း၏ပါမစ်ကို နောက်ကုမ္ပဏီတစ်ခုကို ရောင်းလိုက်သည့်အခါ နောက်ကုမ္ပဏီက လက်ခံ၍မရပါဘူး။ မိမိတို့က Orginal ကုမ္ပဏီနိုင်ငံကို ပြန်ဆက်သွယ်ရပါကြောင်း၊ ဒုတိယတင်သွင်းခွင်‌့ရသည့် ကုမ္ပဏီကို လက်ခံ/လက်မခံကို မေးမြန်းရပါကြောင်း၊ မိမိတို့က သွားရောက်စစ်ဆေးသည့်အခါ အားလုံးကောင်းမွန်မှသာ ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊

နောက်ဆုံးမေးခွန်းဖြစ်သည့် စံမညီမှုများနှင့် တွေ့ရှိပါက ဈေးကွက်အတွင်းမှ ရုပ်သိမ်းခြင်း၊ တင်သွင်းခွင်‌့ကို ကာလသတ်မှတ်ပြီး ရုပ်သိမ်းခြင်း၊ မှတ်ပုံတင်သက်တမ်းတိုးခြင်းများကို ငြင်းပယ်ခြင်းအပြင် ပြည်ပကုမ္ပဏီများကို အကြောင်းကြားပြီး တင်သွင်းခွင်‌့ပိတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပကုမ္ပဏီ Original ဆေးထုတ်သည့်ကုမ္ပဏီကို အရေးယူ၍မရပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ဆေးရှစ်မျိုး မိမိတို့မှ ပယ်လိုက်ပါကြောင်း၊ အိန္ဒိယကုမ္ပဏီကလေးမျိုး၊ တရုတ်ကသုံးမျိုး၊ ကိုရီးယာက တစ်မျိုး၊  ပြည်တွင်းတွင်လည်း စံချိန်မမီသည့်ဆေးဝါး ၉၉ မျိုး အရေးယူထားပါကြောင်း၊ နောက်ဆုံးတင်ပြလိုသည်မှာ ဆေးဝါး၊ FDA နှင့် ပတ်သက်ပြီး အရည်အသွေးကို မလျှော့ပါကြောင်း၊ ပြည်သူများဒုက္ခရောက်မည် ဖြစ်သည့်အတွက် တတ်နိုင်သမျှ အရည်အသွေးမီသည့် ဆေးဝါးများကို လိုင်စင်ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့မှလည်း ၎င်းကိစ္စကို ကြီးကြပ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။