(က)-မကွေးတိုင်းဆေးရုံကြီးတွင် လိုအပ်နေသော ကျောက်ကပ်စက်နှင့်ရေသန့်စက်ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့(၁၇. ၁၀. ၂၀၁၇)

ဦးမြင့်ဦး (မကွေး)မကွေးတိုင်းဆေးရုံကြီးကို မကွေးမြို့အပါအဝင် နီးစပ်သည့်မြို့များဖြစ်သည့် ချောက်၊ ရေနံချောင်း၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်း၊ မင်းလှ၊ မင်းဘူး၊ စကု၊ စလင်း၊ ပွင့်ဖြူ မြို့နယ်များနှင့် မင်းဘူးခရိုင် နှင့် မကွေးခရိုင်အတွင်းရှိ မြို့နယ်များ၊ ကျေးရွာများမှ ကျန်းမာရေးအတွက် အားကိုးအားထားပြုရသည့် ဆေးရုံကြီးဖြစ်ပါကြောင်း၊ မကွေးတိုင်းဆေးရုံကြီးတွင် ကျောက်ကပ်ဆေးစက်သုံးစုံနှင့် ရေသန့်စက် တစ်စုံ ရှိပါကြောင်း၊  ကျောက်ကပ်ဆေးစက်တစ်စုံကို မြွေကိုက်ခံရသည့်လူနာများနှင့် အရေးပေါ် လူနာ များအတွက်သာ အသုံးပြုရပါကြောင်း၊ လူနာတစ်ဦးအတွက် အချိန်လေးနာရီပေးရပါကြောင်း၊ စက်တစ်လုံးကို တစ်နေ့လျှင် လူနာသုံးဦးနှင့် စက်နှစ်လုံးရှိသည့်အတွက် လူနာ ခြောက်ဦးကိုသာ ကျောက်ကပ်ဆေးစက် ဆေးနိုင်ပါကြောင်း၊  အချို့လူနာများသည် တစ်ပတ်လျှင် နှစ်ကြိမ် ဆေးရသည့် အတွက် တစ်ပတ်ကို ၁၅ ဦးခန့်သာ ကုသပေးနိုင်ပါကြောင်း၊ ကျောက်ကပ်ဆေးရန် စောင့်ဆိုင်းနေ သည့် လူနာဦးရေ ၁၅ ဦးခန့်ရှိပါကြောင်း၊ စာရင်းမပေးရသေးသည့်လူနာ များလည်းရှိနိုင်ပါကြောင်း၊ လက်ရှိ အချို့လူနာများသည် နေပြည်တော်သို့လည်းကောင်း၊ ပခုက္ကူသို့လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံများတွင် လည်းကောင်းခက်ခဲစွာ ငွေကုန်ကြေးကျခံပြီးသွားရောက် ကုသနေရပါကြောင်း၊ မကွေးတိုင်း ဆေးရုံကြီး ကျောက်ကပ်ဌာနအတွက် လိုအပ်နေသည့် ကျောက်ကပ်ဆေးစက်နှင့် ရေသန့်စက် ဖြည့်ဆည်းပေးနိုင်ပါရန်နှင့် စက်ပစ္စည်းထားရန် အခက်အခဲမရှိပါကြောင်းနှင့် ဖြည့်ဆည်း ပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများကို ဖြည့်ဆည်းပေး လျက်ရှိရာ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးအတွက် Haemodialysis Machine-1 Unit တစ်လုံးအား   ကုသရေးဦးစီးဌာန၊ ဗဟိုကောင်စီဌာနမှာ မကွေးတိုင်းဒေသကြီးကို ၂၇-၆-၂၀၁၇ ရက်နေ့တွင် ထောက်ပံ့ ပေးပြီးဖြစ်ပါကြောင်း၊ ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်၍ ၎င်းစက်ကို အသုံးပြုလျက် ရှိပါကြောင်း၊  မကွေးတိုင်းဆေးရုံကြီး၏ ကျောက်ကပ် Haemodialysis လုပ်ခြင်းကို လေ့လာသည့် အခါ ချက်ချင်းကျောက်ကပ် ပျက်စီးဆုံးရှုံးခြင်းအတွက်ကို ၂၀၁၇ ခုနှစ်တွင်၂၅၈ ကြိမ် ၊ လူ ၈၀ ကို ကုပေးနိုင်သည်ကိုတွေ့ရပါကြောင်း၊ ထို့အပြင် ရေရှည်ကျောက်ကပ်ပျက်စီးခြင်း လူနာ ၁၉၀ အတွက်ကို ၁၂၄၂ ကြိမ်၊ စုစုပေါင်း ၂၅၀၀ ကြိမ်ခန့် ၂၀၁၇ ခုနှစ်တွင် ကုပေးလိုက်နိုင်သည်ကို တွေ့ရသည့်အတွက် အခုလောလောဆယ် 3 Units မှ 4 Units ရှိသွားပြီဖြစ်ပါကြောင်း၊ သို့သော် မလုံလောက်သည့်အတွက် ထပ်ပြီးပေးရန်စဉ်းစားထားပါကြောင်း၊  ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တစ်လုံးထပ်ပြီး ပေးရန်ရှိပါကြောင်း၊ မိမိ တစ်ခုတင်ပြချင်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် ပစ္စည်းကိရိယာများဝယ်ရန် ၇၂ ဘီလီယံကိုသုံးထားပါကြောင်း၊ Haemodialysis Machine တစ်ခုကို ၁၄၅ သိန်း၊ Reverse Osmosis ဖြစ်သည့် ရေသန့်စက် ၃၁၉ သိန်း၊ စက် 1 Unit တပ်မည်ဆိုပါက သိန်း ၄၀၀၊ ၅၀၀ လောက်ပေးရပါကြောင်း၊ ထို့အပြင် နောက်နှစ်များတွင်လည်း ဝယ်ရန်ရှိပါကြောင်း၊ ယခုနှစ်တွင် ကျောက်ကပ်ဆေးစက်ပေါင်းကို သိန်း ၅၅၀၀ ဝယ်ပြီး ဆေးရုံများကိုဖြန့်ဝေရန် အစီအစဉ် ရှိပါကြောင်း၊ မကွေးဆေးရုံကြီးတွင် လောလောဆယ် တစ်လုံး၊ နောက်ထပ် မကြာခင်လာမည့်လပိုင်းများတွင် တစ်လုံး၊ နှစ်လုံးပေးမည်ဆိုပါက တော်တော်လေး ပြည့်စုံသွားမည်ဟု ယူဆပါကြောင်းဖြင့် ဖြေကြားခဲ့ပါသည်။