မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံကို လေ့လာကြည့်ရာတွင် ပြည်တွင်းဘဏ်ပေါင်း နှစ်ဒါဇင်ရှိပြီး နိုင်ငံခြားတွင် ၁၃ ဘဏ်ရှိပါကြောင်း၊ ပြည်တွင်းဘဏ်များသည် Pay up Capital အဖြစ်နှင့် အမေရိကန် ဒေါ်လာနှစ်သန်းခန့် ကို Deposited လုပ်ပြီး လှည့်လည်ရပ်တည်နေကြပါကြောင်း၊ ထိုအချိန်တွင် နိုင်ငံခြားဘဏ်များအနေဖြင့် ဘဏ်လိုင်စင်ရရှိရန်အတွက် Pay up Capital ခုနစ်သန်းခွဲကို ထည့်ထားပြီး ဘဏ်လိုင်စင်လည်း ထုတ်ပေးထားပါကြောင်း၊ ထိုသို့ ထုတ်ပေးထားသော်လည်း ထို Foreign Bank များကို ပြည်သူများ၊ မြန်မာနိုင်ငံသားများအနေ Direct မဆက်ဆံရပါကြောင်း၊ နိုင်ငံခြားသားဘဏ်များ၊ နိုင်ငံခြားနှင့် ဖက်စပ် သည့် ဘဏ်များ အနေဖြင့်သာ ပတ်သက်ရမည် ဖြစ်နေသည့်အတွက် အခုချိန်ထိ Foreign Bank များအားလုံး ထိုင်စောင့်နေကြပါကြောင်း၊ ထိုသို့ စောင့်နေကြသည့်အခါ ပြည်တွင်းဘဏ်များ ဖြစ်သည့် ဘဏ် ၂၄ ဘဏ်က ဘဏ်လုပ်ငန်းများအပြင် Insurances ၊ ဓာတ်ဆီ၊ လုပ်ငန်းမျိုးစုံ လုပ်ပါကြောင်း၊ ထိုအခါ ငွေမလောက်တော့ဘဲ အပြန်အလှန်ချေးကြသောကြောင့် ပြည်သူများအတွက် ချေးရန်ငွေ ဈေးကွက်မရှိတော့ပါကြောင်း၊ တိုင်းပြည်တစ်တိုင်းပြည် စီးပွားတက်ရန် အရင်းအနှီးမရှိ နည်းပညာမရှိ ဈေးကွက်မရှိဘဲနဲ့ ဘယ်လိုမှဖြစ်မလာနိုင်ပါကြောင်း၊ တစ်ဖက်တွင် Foreign Bank များက ရင်းနှီးမြှုပ်နှံ လိုသောကြောင့် စောင့်နေပါကြောင်း၊ ဒီဘက်ရှိ Local လုပ်ငန်းရှင်များကလည်း ပိုက်ဆံလိုချင် သောကြောင့် မျှော်နေကြပါကြောင်း၊ ထိုသို့မျှော်နေကြသည့် အချိန်တွင် ယခုထက်ထိ Foreign Bank များ ဖွင့်ခွင့် မပေး သေးပါကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်အား မြန်မာနိုင်ငံသားများအတွက် လက်လီဝန်ဆောင်မှုကို မည်သည့်အချိန်မှာ ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာ ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ကြေညာမည်ကို သိရှိလိုကြောင်း မေးခွန်း မေးမြန်းပါသည်။
ယခု ခွင့်ပြုထားသည့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်သည် ကိုယ်စားလှယ်ရုံးများ မဟုတ်ကြပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်အားလုံး ၄၆ ဘဏ်၏ ကိုယ်စားလှယ်ရုံးများကို ပေးဖွင့်ထားပြီး ယခု တင်ပြလာသည့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်သည် ကိုယ်စားလှယ်ရုံးမဟုတ်ဘဲ ၎င်းတို့၏ နိုင်ငံခြားဘဏ်ခွဲများဖြစ်သည့် ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ရန် ခွင့်ပြုပေးထားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံခြားဘဏ်များ ခွင့်ပြုခဲ့သည့်အချိန်က နိုင်ငံတကာငွေရေးကြေးရေး ထိန်းချုပ်မှု၊ ငွေရေးကြေးရေးတည်ငြိမ်မှုကို ဆောင်ရွက်ရသည့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံပေါင်း ပေါင်းစည်း ထားသော IMF ဟုခေါ်သည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund မှ နိုင်ငံခြားဘဏ်များကို ပေးဖွင့်သည့်အခါ အကယ်၍ အများကြီးပေးဖွင့်မည်ဆိုပါက ပြည်တွင်းရှိ ငွေရေးကြေးရေးကဏ္ဍနှင့် ဘဏ်လုပ်ငန်းကဏ္ဍကို တည်ငြိမ်မှု၊ ထိရောက်မှု၊ သက်ရောက်မှုများ ရှိလာနိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြားဘဏ်များ ဖွင့်ပါက တခြား နိုင်ငံများတွင်လည်း ယှဉ်ပြိုင်မှု (Luck of Competition) များ အများကြီးမြှင့်လာပါကြောင်း၊ Luck of Competition မြှင့်လာခြင်းသည် တခြားစီးပွားရေး ကဏ္ဍများအတွက် ကောင်းသော်လည်း ဘဏ်လုပ်ငန်း ကဏ္ဍတွင် Luck of Competition များမြှင့်လာပါက ဘဏ်အချင်းချင်းမှ ပိုပြီး ဆုံးရှုံးနိုင်ချေများသည့် Risk များသည့် ဝန်ဆောင်မှုများ ဆောင်ရွက်လေ့ရှိပါကြောင်း၊ တခြားနိုင်ငံများတွင်လည်း ထိုသို့ဆောင်ရွက်သည့်အခါ ဘဏ်လုပ်ငန်းကဏ္ဍ၏ တည်ငြိမ်မှုကို ထိခိုက်လေ့ရှိသည်ဆိုသော တခြားနိုင်ငံတွင် ဖြစ်ခဲ့သည့် သာဓက များကိုမူတည်ပြီး နိုင်ငံခြားဘဏ်များကို ပေးဖွင့်သည့်အခါ သေသေချာချာ သတိထားပြီး ဆောင်ရွက် ထားရန်နှင့် နိုင်ငံခြားဘဏ်များအတွက် ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့နိုင်ရန် IMF ကတိုက်တွန်းအကြံပေးခဲ့ပါကြောင်း၊ IMF က နိုင်ငံခြားဘဏ်များမှ သုံးဘဏ်ကိုသာ ပေးဖွင့်ရန် တိုက်တွန်း အကြံပေးခဲ့သော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ထိုအချိန်က ပထမ ကိုးဘဏ်၊ နောက် လေးဘဏ် အားလုံးပေါင်း ၁၃ ဘဏ်ကို ဘဏ်လုပ်ငန်းများဆောင်ရွက်ခွင့် Branch License ချပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊
ဘဏ်လုပ်ငန်းများ ကန့်သတ်ချက်ထားသည့် အချိန်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် တစ်ဖက် သတ်ကန့်သတ်ချက်ထားတာမျိုးမဟုတ်ဘဲ နိုင်ငံခြားဘဏ်များကို ခွင့်ပြုချက်မပေးခင် နိုင်ငံခြားဘဏ် အားလုံးကိုခေါ်ယူပြီး ဆွေးနွေးတိုင်ပင်သည့် အစည်းအဝေး (Consultative Meeting) ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ထိုအစည်းအဝေးတွင် နိုင်ငံခြားဘဏ်များကိုယ်တိုင် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုရရှိရန်အတွက် ကန့်သတ်ချက်များ ထားသင့်ကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း ကန့်သတ်ချက်များ ထားခဲ့ဖူးပါကြောင်း၊ ယခုလည်း ထားလျက်ရှိသော်ကြောင့် ၎င်းတို့အနေဖြင့် ကန့်ကွက်ရန်မရှိပါကြောင်း၊ နိုင်ငံခြားဘဏ်တွေကိုယ်တိုင်ကိုက တင်ပြသည့် ကန့်သတ်ချက်မျိုးကို ကန့်သတ်ထားခြင်းဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ကန့်သတ်ချက်သုံးခုထားခဲ့ပါကြောင်း၊ ပထမ ကန့်သတ်ချက်သည် နိုင်ငံခြားဘဏ်များအနေနဲ့ မြန်မာနိုင်ငံတွင် ဘဏ်ခွဲတစ်ခုစီသာ ဖွင့်ရန်ဖြစ်ပါကြောင်း။
ဒုတိယကန့်သတ်ချက်အနေဖြင့် ဘဏ်လုပ်ငန်းကို ဘဏ်ကုမ္ပဏီများကို ကနဦး စစချင်းတွင် နိုင်ငံခြားကုမ္ပဏီများကိုသာ ဝန်ဆောင်မှုပေးရန်ဖြစ်ပါကြောင်း၊ တတိယကန့်သတ်ချက်သည် လက်လီဘဏ်လုပ်ငန်းကို ဆက်လက်ပြီးတော့ ကန့်သတ်ထားရန်ဆိုပြီးတော့ ကန့်သတ်ချက်သုံးခုကို ထားရှိခဲ့ပါကြောင်း၊ ၎င်းကန့်သတ်ချက်သုံးခုထားရှိခဲ့သော်လည်း မြန်နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ကန့်သတ်ချက်များကို အချိန်အတိုင်းအလိုက် တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်း၊ တစ်ခုချင်းတစ်ခုချင်း လျှော့ပေါ့ပေးလျက်ရှိပါကြောင်း၊ ပထမဦးဆုံးဖြေလျှော့သည့်အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲတစ်ခု စီသာ ဖွင့်လှစ်ရမည်ဆိုသည်ကန့်သတ်ချက်ကို ဖြေလျှော့ပြီး မြန်မာနိုင်ငံတွင်ရှိသည့် အထူးစီးပွားရေး ဇုန်များတွင် ဘဏ်ခွဲများ ထပ်မံဖွင့်ခွင့်ပြုခဲ့ပါကြောင်း၊ သို့သော် နိုင်ငံခြားဘဏ်ခွဲများသည် ဘဏ်ခွဲများဖွင့်သည့်အခါ အထူးစီးပွားရေးဇုန်ဖြစ်သည့် သီလဝါအထူး စီးပွားရေးဇုန်တွင် ဘဏ်ခွဲ (Branch Office) ပုံစံမျိုးမဟုတ်ဘဲ Friend Office ပုံစံမျိုးဖွင့်ပြီး လက်ရှိ ဘဏ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဒုတိယအကြိမ်ဖြေလျှော့သည့်အနေဖြင့် ဘဏ်လုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများကိုသာ ဝန်ဆောင်မှုပေးရန်ဆိုတဲ့ကန့်သတ်ချက်ကို ဖြေလျှော့ပြီး နိုင်ငံခြားဘဏ်များကို ပြည်တွင်းကုမ္ပဏီ များကိုလည်း ပြည်တွင်းဘဏ်များနှင့်ပူးပေါင်းပြီး ဝန်ဆောင်မှုများပေးရန် ခွင့်ပြုခဲ့ပါကြောင်း၊ ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်၍ ဝန်ဆောင်မှုပေးရ မည်ဆိုသည့်အချက်သည် ပြည်တွင်းဘဏ်များမှတစ်ဆင့် ဆောင်ရွက်ရန်မလိုဘဲ နိုင်ငံခြားဘဏ်များက ပြည်တွင်းကုမ္ပဏီများကို တိုက်ရိုက်ဝန်ဆောင်မှုပေးသည့်အခါ ပြည်တွင်းဘဏ်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံခြားဘဏ်ခွဲအများစုသည် ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းကုမ္ပဏီများကို ယခုကဲ့သို့ Trade Finance ဝန်ဆောင်မှုများလည်း စတင်ပေးနေပြီဖြစ်ပါကြောင်း၊
တတိယအကြိမ် ထပ်မံလျှော့ပေါသည့်အနေဖြင့် နိုင်ငံခြားဘဏ်များကို ပြည်တွင်းကုမ္ပဏီများကို တိုက်ရိုက်ဝန်ဆောင်မှုပေးခွင့်၊ အဓိကပြည်တွင်းကုမ္ပဏီများဆိုသည့် နေရာတွင် ဦးစားပေးအဖြစ် သတ်မှတ်ထားသည့် ပို့ကုန်လုပ်ငန်းများဆောင်ရွက်သော ပြည်တွင်းကုမ္ပဏီများ၊ Micro Finance Institution ဟုခေါ်သည့် အသေးစားငွေရေးကြေးရေး ချေးငွေလုပ်ငန်း ၎င်းကိစ္စများကို ဦးစားပေးအဖြစ် သတ်မှတ်သည့် လုပ်ငန်းများကို တိုက်ရိုက်နိုင်ငံခြားဘဏ်မှ ဝန်ဆောင်မှုပေးခွင့်ကိုလည်း စတင်ပြီး ခွင့်ပြုရန်အတွက် စီစဉ်နေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ပထမအကြိမ်၊ ဒုတိယအကြိမ်ဖြေလျှော့ပြီးဖြစ်ပါကြောင်း၊ တတိယအကြိမ်ကိုလည်း ဖြေလျှော့ရန်လည်း စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊
လက်လီဘဏ်လုပ်ငန်းဆိုသည့် နေရာတွင် SMEs ဟုခေါ်သည့် Small and Medium Enterprises များကို အရင်းအနှီးရအောင် ပေးထားခြင်း လက်လီဘဏ်လုပ်ငန်း မဟုတ်ပါကြောင်း၊ နိုင်ငံအနှံအပြားတွင် ဘဏ်ခွဲများရှိရန် လိုအပ်ပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် E-Banking စနစ်ဆိုသည့် Electronic Banking System များလည်း ရှိရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် တခြားနိုင်ငံများကိုကြည့်လျှင် လက်လီဘဏ်လုပ်ငန်းကို ထိထိရောက်ရောက် အောင်အောင်မြင်မြင်လုပ်နိုင်တာက နိုင်ငံခြားဘဏ်များ မဟုတ်ဘဲ ပြည်တွင်းဘဏ်များကသာ ထိထိရောက်ရောက် အောင်အောင်မြင်မြင်လုပ်နိုင်သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ပြည်ပဘဏ်တွေအနေဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် နေရာအနှံ့ကို ဘဏ်ခွဲဖွငရန် သူတို့မှာ အစီအစဉ်လည်းမရှိပါကြောင်း၊ သို့သော် နိုင်ငံခြားဘဏ်များတွင် အစီအစဉ်ရှိရှိ၊ မရှိရှိ မြန်နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဖြေလျှော့မှုကို တစ်ဆင့်ချင်းတစ်ဆင်းချင်း ဖြေလျှော့သွားမည် ဖြစ်သည့်အတွက် လက်လီဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ကို ခွင့်ပြုပေးသွားမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်စစ်ဆေးနိုင်ရန် အင်အားပေါ်မူတည်ပြီး ဒီဖြေလျှော့မှုများကို ဒီထက်ပို မြန်ဆန်အောင် ဖြေလျှော့သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
