လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက် အင်းစိန်လမ်းမပေါ် ဘာတာဈေးနှင့် လှိုင်မြို့နယ် မီးသတ်ဦးစီးဌာန အဆောက်အဦကြားမြေနေရာ
ယခင်က ၂၀၁၃ ခုနှစ်အထိ ကလေးကစားကွင်းနှင့် ပန်းခြံအဖြစ် လှိုင်မြို့နယ်ပြည်သူများ အသုံးပြုခဲ့သောနေရာ ဖြစ်ပါကြောင်း အဆိုပါအများပိုင်မြေနေရာ၌ ယခင်အစိုးရ လက်ထက်က ကလေးကစားကွင်းနှင့် ပန်းခြံကိုဖျက်သိမ်းပြီး စက်မှုဝန်ကြီးဌာနက ဝင်းသူဇာအရောင်းဆိုင် ဖွင့်လှစ်ပြီး ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်အပါအဝင် ပုဂ္ဂလိကဆိုင်များ ငှားရမ်းခဲ့ပါကြောင်း၊ ထို့နောက် ဝင်းသူဇာ အရောင်းဆိုင်ကို ဖျက်သိမ်းပြီး ပုဂ္ဂလိက အရောင်း စင်တာကြီးတစ်ခုကို တည်ဆောက် ခဲ့ပါကြောင်း၊အဆိုပါ အများပိုင်မြေနေရာ၌ ယခင်အစိုးရလက်ထက်က ငှားရမ်းထားသော လက်ဖက်ရည်ဆိုင်နေရာတွင် လက်ဖက်ရည်ဆိုင်ဖျက်သိမ်းပြီး ယခုအခါ အဆောက်အဦ အသစ် ဆောက်လုပ် ရန် ပြင်ဆင်ဆောက် လုပ်နေသည်ကို တွေ့ရပါကြောင်း၊
လှိုင်မြို့နယ်တွင် ယခင်အစိုးရလက်ထက် အများပိုင်မြေနေရာများကို အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ပုဂ္ဂလိကများမှ အကြောင်းအမျိုးမျိုးဖြင့် ရယူခဲ့ရာတွင် ယခုအခါ အများပြည်သူသုံးစရာ မြေနေရာ မရှိသလောက် ဖြစ်နေပါကြောင်း၊ ပြည်သူကရွေးချယ် တင်မြှောက်ထားသော ဒီမိုကရေစီအစိုးရ၊ ပြည်သူ့အစိုးရလက်ထက်တွင် ယခင်အစိုးရကဲ့သို့ နိုင်ငံတော်ပိုင်၊ အများပိုင်မြေနေရာများ၊ ပလပ်မြေများ၊ မြေလွတ်မြေရိုင်းများ၊ ဝန်ကြီးဌာနများမှ ရွေးကောက်ပွဲဗဟို အဖွဲ့အစည်းတစ်ခု ကိုယ်၏ အကျိုးစီးပွားအတွက် ငှားရမ်းခြင်း၊ ရောင်းချခြင်း မပြုလုပ်တော့ဘဲ အများ ပြည်သူ အကျိုးရှိစေမည့် ကစားကွင်းနှင့် ပန်းခြံပြုလုပ်ရန်၊ ပြန်လည်အသုံးပြုပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ယခင်အချိန်က ဥပဒေအရ ငှားရမ်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အမှတ်(၁၂) ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ
ဘာတာဈေးနှင့် လှိုင်မြို့နယ် မီးသတ်ဦးစီးဌာနအဆောက်အဦကြားရှိ မြေနေရာသည် စက်မှုဝန်ကြီးဌာနအမည်ပေါက် ရရှိထားသော မြေနေရာဖြစ်ခြင်းကြောင့်လည်းကောင်း၊ ငှားရမ်းဆောင်ရွက်နိုင်ရန် ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် ကြော်ငြာထည့်သွင်း၍ တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သော Planets Zone ကုမ္ပဏီသို့ မြေအကျယ်အဝန်း ဝ.၂၆၉ ဧကအား ငှားရမ်းကာလ ၁-၁၁-၂၀၁၄ ရက်မှ ၃၀-၁၀-၂၀၂၄ ရက်အထိလည်းကောင်း၊ Global Summit ကုမ္ပဏီသို့ မြေအကျယ်အဝန်း ဝ.၀၃၀ ဧကအား ငှားရမ်းကာလ ၁-၆-၂၀၁၅ မှ ၃၀-၅-၂၀၂၅ ရက်အထိ လည်းကောင်း စက်မှု ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ငှားရမ်းထားခဲ့ခြင်းဖြစ်ပါကြောင်း၊
အဆိုပါ မြေနေရာပေါ်၌ Planets Zone နှင့် Global Summit Co.,Ltd တို့မှ ၎င်းတို့၏ အကျိုးစီးပွားအတွက် ငှားရမ်းထားသောကာလအတွင်း အဆောက်အဦအသစ် ဆောက်လုပ်ရန် ရည်ရွယ်ချက်ဖြင့် အကာအရံများ ကာရံပြီး ပြင်ဆင်နေသည်ကို စုံစမ်းသိရှိရချိန်တွင် မူလစာချုပ်ပါ စည်းကမ်းနှင့် မကိုက်ညီသည့်အတွက် တည်ဆောက်နေဆဲကာလကို ရပ်တန့်စေပြီး ပြန်လည်အရေးယူ စိစစ်လျက်ရှိပါကြောင်း၊
မိမိတို့ Planets Zone နှင့် Global Summit Co.,Ltd တို့ငှားရန် တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုကာ နှစ်စဉ် ငှားရမ်းခအား အနည်းဆုံး နှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထက်ထိ တိုးမြှင့်သတ်မှတ်ပေးဆောင်စေပြီး ဘဏ္ဍာရေးနှစ်အလိုက်ရရှိသည့် ငှားရမ်းခငွေများအား နိုင်ငံတော်သို့ ပေးသွင်းလျက်ရှိနေပါကြောင်း၊ တစ်နှစ်လျှင် တစ်ကြိမ်အမြဲတမ်း Review ပြန်လုပ်၍ သုံးသပ်တင်ပြခြင်းဖြစ်သည့်အတွက် ဥပဒေနှင့် ညီသော လျော်ကန်သော ဆောင်ရွက်ချက်များကို တစ်နှစ်လျှင် တစ်ကြိမ် သက်တမ်း ကာလအတွင်း၌ တားမြစ်နိုင်မည်ဖြစ်ပါကြောင်း၊
သို့သော် Planets Zone ထံမှရရှိသည့် ၁-၁၁-၂၀၁၄ ရက်မှ ၃၁-၁၀-၂၀၁၅ ရက်အထိ ငှားရမ်းခငွေကျပ် ၁၀.၄၆၅ သန်း၊ ၁-၁၁-၂၀၁၅ မှ ၃၁-၁၀-၂၀၁၆ အထိ ငှားရမ်းခငွေကျပ် ၁၀.၆၇၅ သန်း ရရှိခဲ့ပြီး နိုင်ငံတော်ကိုပေးသွင်းပြီး ဖြစ်ပါကြောင်း၊ ၁-၁၁-၂၀၁၆ ရက်မှ ၃၁-၁၀-၂၀၁၇ ရက်အထိ အတွက် လည်း ငှားရမ်းခငွေကျပ် ၁၀.၈၈၈ သန်း ရရှိမည်ဖြစ်ပါသဖြင့် နိုင်ငံတော်သို့ ဆက်လက်ပေးသွင်းသွားမည် ဖြစ်ပါကြောင်း၊
Global Summit Co., Ltd ထံမှရရှိသည့် ၁-၆-၂၀၁၅ ရက်နေ့မှ ၃၀-၅-၂၀၁၆ ရက်အထိ ငှားရမ်းခ ငွေကျပ် ၂၆.၅၂၀ သန်းကို နိုင်ငံတော်သို့ ပေးသွင်းပြီးဖြစ်ပါကြောင်း၊ ၁-၆-၂၀၁၆ ရက်မှ ၃၀-၅-၂၀၁၇ ရက်နေ့ထိလည်း ရရှိမည့်ငှားရမ်းခငွေကျပ် ၂၇.၀၅၀ သန်းကို နိုင်ငံတော်သို့ ဆက်လက်ပေးသွင်းသွားမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ အဆိုပါမြေနေရာများသည် စက်မှုဝန်ကြီးဌာနပိုင် အမည်ပေါက်ရရှိထားသည့် မြေနေရာဖြစ်ခြင်း၊ကုမ္ပဏီများသို့ ၁၀ နှစ်တာကာလ နှစ်ရှည်ငှားရမ်းထားပြီး ငှားရမ်းခငွေများကိုလည်း နိုင်ငံတော်သို့ အစဉ်မပြတ် ပေးသွင်းလျက်ရှိခြင်းတို့ကြောင့် ကလေးကစားကွင်းနှင့် ပန်းခြံပြုလုပ်ရန် အတွက် အများပိုင်မြေနေရာအဖြစ် လောလောဆယ် ပြန်လည်ပေးအပ်နိုင်ခြင်းမရှိပါကြောင်း။ သို့သော် ယင်းနေရာများတွင် ဥပဒေနှင့်မညီသော ကျူးကျော်တည်ဆောက်မှုများ ရှိနေပါကြောင်း၊ ထိုတည်ဆောက်မှုကို မိမိတို့ ယခုနှစ်သက်တမ်းကာလ Review လုပ်ချိန်တွင် သိရှိရသည့်အတွက် ရပ်တန့်ပြီး နိုင်ငံတော်၏ မြေအဖြစ် ပြန်လည်ရယူကာ သင့်တော်သလို ဆက်လက်စီစဉ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
