(ဌ)-ရသေ့တောင်မြို့နယ်၊အောင်ဗလကျေးရွာချောင်း ကိုဆည်တမံပိတ်၍အနီးအနားရှိကျေးရွာများအားရေ ချိုဖြန့်ဝေပေးရန်အစီစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၅.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin saw waiရသေ့တောင်မြို့နယ်တွင် ၂၂ မိုင်ခန့်ရှည်လျားသည့် ပင်လယ်ကမ်းခြေတစ်ခု ပါဝင်နေပါကြောင်း၊ ယင်းဒေသ၏ မြောက်ဘက်တွင် လူဦးရေထူထပ်သည့် မောင်တောမြို့နယ်ရှိပြီး အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တည်ရှိပါကြောင်း၊ ၎င်း ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ရခိုင်တိုင်းရင်းသား ကျေးရွာများဖြစ်သည့် ဘို့တန်ကောက်၊ ချင်းခါးလင်း၊ ဒွန်းပိုက်၊ အောင်ဗလ၊ ဆင်ပိုက်၊ ပေါက်တောပြင်၊ သာစည်ကုန်း၊ ကုန်းတန်းရွာတို့ရှိပါကြောင်း၊ ၎င်းရွာများ၏ မြောက်ဘက်တွင်ရှိသည့် ဘင်္ဂါလီလူမျိုးများ လူဦးရေများပြားခြင်းကြောင့် စီးပွားရေးပိတ်ဆို့မှု ဒဏ်ကိုခံရခြင်း၊ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်ရန် လုံခြုံမှုမရှိခြင်း၊ တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီများဝင်ရောက်ပြီး ကျွဲ၊ နွားများခိုးယူခြင်း၊ စစ်တွေမြို့သို့ ဆက်သွယ်သွားလာရာတွင် တစ်နာရီကျော်ကြာ ပင်လယ်ဝကို ဖြတ်သန်းရခြင်းတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု များ နောက်ကျနေရပါကြောင်း၊ ၎င်းကျေးရွာနေရွာသားများမှာ ဆင်းရဲနွမ်းပါးကြသည့် အတွက် ထိုင်းနယ်စပ်များသို့သွားရောက် အလုပ်လုပ်နေကြရပါကြောင်း၊ ၎င်းကျေးရွာများတွင် ပင်လယ် ကမ်းခြေ ရှိခြင်း၊ မြေသြဇာကောင်းပြီးမြေပဲ၊ ငရုတ်များစိုက်ပျိုးပါက အထွက်နှုန်းကောင်းခြင်း၊ အငူငေါ်- မောင်တော- ကျောက်ဖြူကားလမ်းပေါ်တွင် တည်ရှိသော်လည်း ၎င်းကျေးရွာများ ၏ ရေချို ရှားပါးခြင်း အ တွက် မေယုတောင်တန်းမှ တောင်ကျချောင်းကို ပိတ်ဆို့ပြီး ဆည်တမံများ ပြုလုပ်ပေးခြင်းဖြင့် ရေရှားပါးခြင်းကို ဖြေရှင်းပေးနိုင်ပါကြောင်း၊ ဆည်တမံများ တည်ဆောက်ပေးခြင်း အားဖြင့် သောက်သုံးရေ ရရှိ လာခြင်း၊ နွေစပါးနှင့်ဆောင်းသီးနှံများ စိုက်ပျိုးရန်အတွက် အကျိုးရှိလာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းဒေသများတွင် မိုးရေချိန်လက်မ ၂၀၀ နီးပါးရှိပြီး ရေအရင်းအမြစ်ကြွယ်ဝသည့် အတွက် အသေး စား ရေအားလျှပ်စစ်ကိုပင် ထုတ်ယူနိုင်မည် ဖြစ်ပါကြောင်း၊ ဆည်ရေရရှိပါလျှင် ဒေသ အတွင်းရှိ လယ်ဧကတစ်ထောင်ခန့်နှင့် ပင်လယ်ကမ်းနား သဲမြေများမှာလည်း တစ်နှစ်ပတ်လုံး စိုက်ပျိုး နိုင်သည့်မြေ များဖြစ်လာမည် ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာရှစ်ရွာများအနက် အလယ်ဗဟို၌ရှိသော အောင်ဗလကျေးရွာချောင်းသည် ဆည်တမံတည်ဆောက်ရန် အထူးကောင်းမွန် သင့်တော်ကြောင်း ကိုလည်း တွေ့ရှိရ ပါသည်။ တမံပိတ်ရမည့် အောင်ဗလချောင်းသည် တောင်နှစ်လုံးကြားတွင် တည်ရှိပြီး ပေ ၅၀ ခန့်သာ ကျယ်ဝန်းပါကြောင်း၊ ဆည်တမံအဖြစ် တည်ဆောက်ပါက မေယုတောင်တန်း အရှေ့ဘက်ကျေးရွာများ ကို သောက်သုံးရေနှင့် စိုက်ပျိုးရေများကို တစ်နှစ်ပတ်လုံး ပေးဝေနိုင်မည် ဖြစ်သည့်အတွက် ရသေ့တောင်မြို့နယ်၊ အောင်ဗလချောင်းကို ဆည်တမံပိတ်၍ အနီးအနားရှိ ကျေးရွာများအား ရေချိုဖြန့်ဝေပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

aung thuရသေ့တောင်မြို့နယ်အတွင်းရှိ အောင်ဗလကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများ သောက်သုံးရေချို ရရှိရေးအတွက် ရေလှောင်တမံ တည်ဆောက်ပေးရန် အဆိုပြုထားသည့် နေရာသည် ရသေ့တောင် မြို့နယ်၊ အောင်ဗလကျေးရွာ၏ အရှေ့ဘက် ပေ ၁၀၀၀ ခန့်အကွာ အောင်ဗလချောင်းပေါ်တွင် တည်ရှိပါကြောင်း၊ အဆိုပါချောင်းသည် မေယုတောင်တန်း၏ အနောက်ဘက် ခန့်မှ မြစ်ဖျားခံစီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် မိုးရေချိန်လက်မ ၂၀၀ ကျော်ရွာသွန်းပြီး ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းကြောင့် မိုးများရွာ သွန်းလေ့ ရှိသော  ဒေ သဖြစ်သည့်အတွက် ရေလှောင်တမံတည်ဆောက်နိုင်ရန် ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများကို ဦးစွာဆောင်ရွက်ရမည် ဖြစ်သည့်အပြင် အခြားလိုအပ်သော မြေပြင်တိုင်းတာခြင်း၊ ဘူမိဗေဒ ဆိုင်ရာ စူးစမ်းလေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ထိခိုက်နိုင်မှုရှိ/မရှိ ဆန်းစစ်လေ့လာခြင်း စသည်တို့ကို အချိန်ယူလုပ်ဆောင်ရမည်ဟု ညွှန်ကြားထားပါကြောင်း၊ ထို့ကြောင့် စူးစမ်းလေ့ လာမှုများ ဆောင်ရွက်ပြီးသည့်နောက်တွင် စီမံကိန်းဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းရှိသည့် ဒီဇိုင်းပုံစံပြုလုပ်ပြီး ခန့်မှန်းကုန်ကျငွေတွက်ချက်၍ လိုအပ်သည့် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ် အခြေခံပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။