မေးခွန်း အကြောင်းအရာ
ပဲခူးတိုင်းဒေသကြီးမှာ (ပုံစံ-၇) လက်ဝယ်တွင်ရှိပြီး လယ်ယာမြေမှတ်ပုံတင်ကတ်လည်း ရှိလျက်နှင့် တောင်သူလယ်သမားအချို့သည် စိုက်ပျိုးစရိတ်ချေးငွေမရရှိသည်ဟု သိရပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး လေ့လာ စုံစမ်း ကြည့်ရာတွင် တိုင်းဒေသကြီး ဘဏ်မန်နေဂျာက ညွှန်ကြားချက် ထုတ်ထားပါကြောင်း၊ ယခုနှစ်တွင် ချေးငွေအသစ် လျှောက်ထားသူများကို (ပုံစံ-၇) ရှိပြီး ကြွေးကျန်လည်း မရှိသော် လည်း ထုတ်ချေး မပေးရန် ညွှန်ကြား ထား ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် လာရောက်ရှင်းပြရာတွင် လယ်တစ်ဧကကို စိုက်ပျိုးစရိတ်ချေးငွေ ၁၅၀၀၀၀ ပေးပြီး ၁၀ ဧကအထိ ပေးမည်ဟု ရှင်းပြခဲ့ပါကြောင်း၊ ထိုသို့ ရှင်းပြခဲ့စဉ်က အဟောင်းများ၊ အသစ်များ မှ ချေးမည်ဆိုတာမျိုး မပါရှိပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွား မြင့်တင်ရေး ဥပဒေပုဒ်မ ၈ တွင် ဦးဆောင် အဖွဲ့သည် တောင်သူ လယ်သမား များအား အောက်ပါ အခွင့်အရေးများကို ရရှိစေရန် ညှိနှိုင်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပုဒ်မခွဲ(ခ)တွင် သင့် တင့်သော စိုက်ပျိုးစရိတ်ချေးငွေများ ချေးယူခွင့်ဟု ရေးထားပါကြောင်း၊ ပုဒ်မ ၁၆ တွင် ဦးဆောင် အဖွဲ့သည် ချေးငွေ အကူအညီနှင့် အထောက် အပံ့များကို အမှန်တကယ် ခံစားခွင့် ရှိသော တောင်သူ လယ်သမား များ လက်ဝယ်သို့ အပြည့်အဝရရှိစေရန် စီမံဆောင်ရွက်ပေးရမည်ဟု ရေးထားပါကြောင်း၊ ယခု တိုင်းဒေသကြီး မန်နေဂျာ၏ အမိန့်ညွှန်ကြားချက်သည် ဥပဒေ ကို ကျော် လွန်နေဟု ယူဆပါကြောင်း၊ ထို့ အပြင် ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်ကိုလည်း လွန်ဆန်ရာကျပါကြောင်း၊
တောင်သူလယ်သမားအများစုသည် ချေးငွေများ ပြန်ဆပ်ကြခြင်းသည် အဆင်ပြေ၍ ပြန်ဆပ်ခြင်း မဟုတ်ဘဲ အတိုးကြီးနှင့် လက်လှည့် ယူပြီး ပြန်ဆပ်ကြရ ပါကြောင်း။ ပြန်ဆပ်ပြီး ၍ ချေးငွေ ရသည့် အခါမှ ပြန်ပြီးဆပ်ကြရသည့်အတွက် အကြောင်းမညီညွတ်၍ ပြန်ပြီး မြန်မြန်မထုတ်ပေးပါက အခက်အခဲများ ဖြစ်ကြပါကြောင်း၊ ထို့အပြင် လယ်သမားများက (ပုံစံ-၇)ကို အပေါင်ပေးထားပြီး စိုက်ပျိုးရေး ကိရိယာ များ၊ လယ်ယာသုံးကိရိယာများ အရစ်ကျဝယ်ယူထားသည်များ ရှိသည့်အတွက် ယခု စစ်ဆေးသည့်အခါတွင် (ပုံစံ-၇) မူရင်းမပြပါက ထုတ်ချေးမပေးသဖြင့် အခက်အခဲများစွာ တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ရရှိ ထားသော တောင်သူလယ်သမားတိုင်းအား အချိန်အခါမီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) မိတ္တူအထောက် အ ထားဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပဲခူးတိုင်းဒေသကြီးတွင် ယခင်နှစ် ၂၀၁၅ မိုးချေးငွေ၌ လယ်ယာမြေဧကစုစုပေါင်း ၂၁၃၈၂၄၁ ဧကအတွက် ချေးငွေကျပ်သန်းပေါင်း ၂၁၃၅၁၀.၄၂ သန်းကို ထုတ်ချေးပေးခဲ့ပါကြောင်း၊ ယ ခင်နှစ်ချေးငွေနှုန်းထားသည် စပါးတစ်ဧက ကျပ်တစ်သိန်းနှုန်းနှင့် အခြားသီးနှံတစ်ဧက ကျပ်နှစ်သောင်းနှုန်း ဖြစ်ပါကြောင်း၊ ယခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စပါးတစ်ဧက ကျပ် ၁၅၀၀၀၀ နှုန်းသို့ တိုးမြှင့်ထုတ်ချေးပေးရန် သတ်မှတ် ထားပါကြောင်း၊ ယခင်နှစ် ချေးငွေဧက သင့်ငွေမှာ ကျပ် ၃၂၀၂၂၆.၄၂ သန်းဖြစ်သော်လည်း ယခုနှစ် မိုးချေးငွေအတွက် ပဲခူးတိုင်းဒေသကြီး ခွင့်ပြုထားရန် ပုံငွေမှာ ကျပ်သန်းပေါင်း ၃၃၆၄၉၇.၂၇ ဖြစ်သည့်အတွက် ယခင်နှစ်ကထက် ကျပ် သန်းပေါင်း ၁၆၂၇၀.၈၅ ပိုမိုခွင့်ပြုပေးထားပါကြောင်း၊
(ပုံစံ-၇) အမည်ပေါက်လက်ဝယ်ရှိပြီး ကြွေးကျန်မရှိသူများဖြစ်ပါက ယခင်နှစ် ငွေမချေးသော လူသစ်များကိုလည်း ထုတ်ချေးပေးရေးနှင့်ပတ်သက်ပြီးတော့ စည်းကမ်းထုတ်ဝေမှုရှိခဲ့မှုသည် တယ်လို့ ဝန်ကြီးဌာန အနေဖြင့် ထုတ်ပြန် ထားသော စည်းကမ်းမဟုတ်သည့်အတွက် ယင်းသတ်မှတ်စည်းကမ်းချက်နှင့်အညီ (ပုံစံ-၇) လက်ဝယ်ရှိသူများကို ချေးငွေထုတ်ချေးပေးရန် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ဘဏ်ချေးငွေညွှန်ကြား စာအရ ငွေချေး သည့်နေ့တွင် ငွေချေးသူသည် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံလက်မှတ် (ပုံစံ-၇) မူရင်းကို ဘဏ်သို့ ပြသနိုင်ရန် အတွက် ယူဆောင်လာရမည်ဖြစ်ပါကြောင်း၊ ဘဏ်ငွေချေးယူ သူသည် သမဝါယမဌာနမှ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူထားပြီးသူဖြစ်ပါက (ပုံစံ-၇) မူရင်းကို သမဝါယမဌာနတွင် အာမခံအဖြစ် တင်သွင်းထားသည့်အတွက် ၎င်းအား ငွေ ထုတ်ပေးခြင်းကို မြို့နယ်သမဝါယမ ဦးစီးအရာရှိ၏ ထောက်ခံချက်နှင့် (ပုံစံ-၇) မိတ္တူဖြင့်လည်းပဲ စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးပေး လျက်ရှိ ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမြင့်ဦး (သနပ်ပင်ဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုဝန်ကြီး၏ဖြေကြားချက်တွင် ထောက်ခံချက်နှင့် ထုတ်ချေးပေးမည်ဟု ပြောသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် ယခုမေးခွန်းကို မမေးခင်တွင် စိုက်/ဘဏ်ကို ဖုန်းဆက်ပါကြောင်း၊ လယ်သမားများ ထံ လည်း ချေးငွေများ ရပြီလားဟု ဖုန်းဆက်မေးပါကြောင်း၊ စိုက်/ဘဏ်မန်နေဂျာက ညွှန်ကြားတယ်ဆိုသည်မှာ မှန်သော်လည်း ၅၀ ရာခိုင်နှုန်းသာ ချေးနိုင်ပါ့မည်ပြောသည့်အတွက် အပြည့်အဝ ချေးပေးနိုင်ခြင်းရှိ/မရှိ သိရှိ လိုကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
ငွေကြေးအနေဖြင့် အပြည့်အဝချေးပေးရန် စီစဉ်ဆောင်ရွက်ထားသည့်အတွက် မရရှိသေးသည့် သူများကို အပြည့်အဝချေးပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
