(ဆ)-သံဖြူဇရပ်မြို့နယ်၊ကျုံကဒတ်ကျေးရွာတွင်ပုံစံ (၇)ရလယ်သမား(၁၃၂)ဦးလယ်မြေဧက(၁၇၆၈) ရှိပြီး စိုက်ပျိုးစရိတ်ချေးငွေ (၁၄၁၉) သိန်း ကျပ်မ ထုတ်ပေးနိုင်မှုအပေါ် မည်သို့စီမံဆောင်ရွက်မည် ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၅.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

nyan heinကျုံကဒတ်ကျေးရွာတွင် တောင်သူလယ်သမားများက ပုံစံ(၇) ရရှိပြီးဖြစ်ပါကြောင်း၊ ဦးရေ ၁၃၂ ဦးရှိပြီး လယ်မြေဧက ၁၇၆၈ ဧက ရှိပြီး စိုက်ပျိုးရေးဘဏ်စာရင်းအရ စိုက်ပျိုးစရိတ်ချေးငွေလည်း သိန်းပေါင်း ၁၄၁၉ သိန်း ရရန် ရှိပါကြောင်း၊ စာရင်းဇယားလျှောက်လွှာကို မြို့နယ်စိုက်ပျိုးရေးဘဏ်ကို ၁၃-၆-၂၀၁၆ ရက်နေ့ အရောက် ပို့ခဲ့ပြီဖြစ်သော်လည်း ကျုံကဒတ်ကျေးရွာ၏ လယ်ထွန်ကာလက စိုက်ပျိုး ကာလ ပြီးသွား သည့်အချိန်အထိ စိုက်ပျိုးစရိတ် မရရှိသေးဟု တင်ပြလာပါကြောင်း၊ ယခုမေးခွန်းမေးရန် စီစဉ်ခဲ့သည့် ၃-၇-၂၀၁၆ ရက်နေ့အထိ ထုတ်မပေးနိုင်သေးပါကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့မှ ထုတ်ပေး သွား ပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေကို ခါတိုင်းပေးနေသည့် တစ်သိန်းအပြင် ငါးသောင်းတိုးပြီး တစ်သိန်းခွဲပေးရန်အတွက် ပြည်ထောင်စုလွှတ်တော်ကြီးတွင် အတည်ပြုစဉ် ကာလက ပြည်ထောင်စု စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး၏ လယ်သမားများအပေါ် ထားသည့်စေတနာကို မိမိတို့ တွေ့ရှိပြီးဖြစ်ပါကြောင်း၊

စိုက်ပျိုးစရိတ်ချေးငွေသည် ယခုနှစ်မှ ပေးသည်မဟုတ်ဘဲ ရှေးနှစ်ပေါင်းများစွာက ပေးရိုးပေးစဉ် ပေးနေကြ လုပ်ငန်းဖြစ်သည့်အတွက် လုပ်ငန်းအပေါ် ဆောင်ရွက်နေသည့်ဌာန၊ ပုဂ္ဂိုလ်များသည် အကျွမ်းဝင် ရင်းနှီးပြီးဖြစ်သည်ဟု ယူဆပါကြောင်း၊ သို့သော် ဝန်ကြီး၏ စေတနာကို ပံ့ပိုးပေးခြင်း မဖြစ်ဘဲ အချိန်နှင့်တစ်ပြေးညီ မချေးပေးနိုင်ခြင်းသည် သံသယဖြစ်စရာဟု မိမိတို့ ပြည်သူများက ယူဆပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစရိတ်ချေးငွေကို စိုက်ပျိုးစရိတ်ကာလမတိုင်မီ အချိန်မီ မချေးပေးနိုင်သည့် အပေါ်တွင် မည်သည့်ဌာန၊ ပုဂ္ဂိုလ်များ၌ တာဝန်ရှိသည်ကိုလည်းကောင်း၊ ထိုပေါ့လျော့မှုကို တာဝန်ရှိသည့်ဌာန၊ ပုဂ္ဂိုလ်များကို မည်သို့မည်ပုံ အရေးယူပေးမည်ကို လည်းကောင်း၊ နောက်ကာလများတွင် ထိုကဲ့သို့ မဖြစ်ရန် မည်သို့  စီမံဆောင်ရွက်ထားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ၁၉၉၇ ခုနှစ်က လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနအောက် ကို ရောက်ခဲ့ ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် တောင်သူလယ်သမား များကို ချေးငွေ ထုတ်ချေးရန် လိုအပ်သည့် ရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ်မှ အတိုးနှင့် နှစ်စဉ်ချေးယူရပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဘဏ္ဍာရေးနှစ်မစတင်မီ တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြသည့်ရန် ပုံငွေကို ဝန်ကြီး ဌာနကိုတင်ပြပြီး ဝန်ကြီးဌာနကတစ်ဆင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြရပါကြောင်း၊ မိုးချေးရန်ပုံငွေအတွက် စတင် တင်ပြ စဉ်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၁၄-၃-၂၀၁၆ ရက်နေ့တွင် တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံးက ၂၇-၃-၂၀၁၆ ရက်နေ့၌ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊ ၄-၄-၂၀၁၆ ရက်နေ့ တွင် ရန်ပုံငွေရရှိရေးကိစ္စကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထပ်မံတင်ပြခဲ့သည့်အခါ တစ်ဧကချေးငွေနှုန်းထားကိစ္စ၊ အတိုးနှုန်း သတ်မှတ်ရေးဆိုင်ရာကိစ္စများနှင့် အဆင့်ဆင့် ညှိနှိုင်းမှု များ ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူညီပြီး ဆက်လက်ဆောင်ရွက်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာနက ၁၃-၅-၂၀၁၆ ရက်နေ့တွင် အကြောင်းကြားစာ ပေးပို့လာခဲ့ပါကြောင်း၊ ယခုနှစ် အတောအတွင်း အစိုးရသစ်တာဝန်ယူစဉ် ကာလအတွင်း ချေးငွေကို တိုးမြှင့်ပေးရန် ဆောင်ရွက်သည့်အတွက် အကြောင်းကြားစာ ညှိနှိုင်းပေးပို့သည့်နေ့သည် မေလ(၅ လပိုင်း) မှ ရရှိခဲ့ပါကြောင်း၊

ယခုနှစ်ဘဏ္ဍာနှစ်တွင် မိုးဆောင်း၊ မိုးကြို စုစုပေါင်းအတွက်ကျပ် ၁၇၁၆ ဘီလီယံကျော် တင်ပြခဲ့သော်လည်းပဲ ခွင့်ပြုချက်ရရှိငွေမှာ ကျပ် ၁၇၀၀ ဘီလီယံဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်မှ ကျပ် ၁၂၀၀ ဘီလီ ယံ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ် ၅၀၀ ဘီလီယံချေးပေးမည်လို့ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ မိုးချေးငွေအတွက် မြို့နယ်ဘဏ်ခွဲ ၂၀၈ ဘဏ် ရဲ့ Drawing Limit ကိုအမြန်ဆောင် ရွက်ပြီး မြန်မာ့စီးပွားရေးဘဏ်ကိုပေးပို့ခြင်း၊ ဘဏ်ခွဲများသို့ ရန်ပုံငွေခွင့်ပြုစာများနှင့်  ချေးငွေညွှန်ကြားစာများ ဖြန့်ဝေခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်မှလည်း Drawing Limit များကို အမြန်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ ထုတ်ချေးနိုင်သည့်ရက်သည် ၅ လပိုင်း ၁၆ ရက်နေ့မှ ၂၀၁၆ ခုနှစ် မိုးချေးငွေများကို စတင် ထုတ်ချေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် မိုးချေးငွေမူလလျာထားချက်က ကျပ် ၁၄၆၄ ဘီလီယံ ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်က ထုတ်ချေးပေးမည့် ကျပ် ၁၂၀၀ ဘီလီယံကို အကုန်ခွဲဝေပေးခဲ့ပြီးနောက် ဇူလိုင်လဆန်းမှစ၍ တိုင်းဒေသကြီး/ပြည်နယ်များ၏ မိုးချေးငွေအတွက် အပြီးသတ်လိုငွေ လျာထားချက်ကို ထပ်မံတောင်းခံခဲ့ရပါကြောင်း၊ အကြောင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကချေးပေးမည့်  ကျပ် ၅၀၀ ဘီလီယံသာ ကျန်မည်ဖြစ်သည့်အတွက် ၎င်း ၅၀၀ ဘီလီယံထဲမှ ဆောင်းနှင့် မိုးကြိုအတွက် ချန်ပြီး အမှန်တကယ်မိုးချေးမည့်ငွေကို အနီးစပ်ဆုံး ခန့်မှန်းလို၍ ဖြစ်ပါကြောင်း၊ မလိုအပ်ဘဲ မိုးချေးငွေ Drawing Limit များပြားသွားပါက ဆောင်းနှင့် မိုးကြိုတွင် သုံးစွဲ၍မရတော့ခြင်းနှင့် ဘဏ်က တင်ပြသည့်ငွေကို မြန်မာ့စီးပွားရေးဘဏ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အတိုးဖြင့် ထပ်ဆင့်ချေးယူရမည်ဖြစ်ရာ မလိုအပ်ဘဲ မြန်မာ့စီးပွားရေးဘဏ်က အတိုးပေးနေရခြင်းမျိုး မဖြစ်စေရန်အတွက်လည်း စောင့်ရှောက်ထိန်းသိမ်းခဲ့ရပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ တင်ပြချက်အရ မိုးချေးငွေ အပြီးသတ်လိုအပ်ချက်မှာ ကျပ် ၁၄၂၁.၃၉ ဘီလီယံဖြစ်ပါကြောင်း၊

သို့ပါ၍ မိုးရန်ပုံငွေခွဲပေးထားသည့် မြန်မာ့စီးပွားရေးဘဏ်ငွေကျပ်ဘီလီယံ ၁၂၀၀ ၏ ၆၄ ရာခိုင်နှုန်းချေးပေးပြီးဖြစ်သော ဇူလိုင်လဆန်းမှစ၍  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စာအမှတ်၊ နစ/၁/၁၅၈၅ နှင့် မိုးအတွက်ထပ်မံလိုငွေကျပ် ၂၂၁.၃၉ ဘီလီယံ မြန်မာ့စီးပွားရေးဘဏ်ကို ထပ်မံ တောင်းခံခဲ့ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို အဆင့်ဆင့် တင်ပြပြီး ငွေလုံလောက်သည့် အခြေအနေတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူခြင်းမပြုတော့ဘဲ ယင်းတို့ငွေဖြင့်ပင် ထပ်မံခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း သြဂုတ်လဆန်းမှ သိရှိခဲ့ရပါကြောင်း၊ တစ်မြို့နယ်ချင်း Drawing Limit များကို ဤဘဏ်က ဇူလိုင်လ ၂၉ ရက်နေ့တွင် မြန်မာ့စီးပွားရေး ဘဏ်သို့ ကြိုတင်ပေးပို့ထားပြီး ဖြစ်သည့်အတွက် သြဂုတ်လ ပထမပတ်တွင် ရန်ပုံငွေခွင့်ပြုချက်များ ရရှိပြီး ယခုအခါ ချေးငွေများဆက်လက် ထုတ်ချေးနေပြီဖြစ်ပါကြောင်း၊ ခန့်အပ်ထားသည့် ဝန်ထမ်းဦးရေ အနေအထားအရလည်း ကျေးရွာအုပ်စုအများအပြားကို တစ်ပြိုင်နက်တည်း ထုတ်ချေးနိုင်မည် မဟုတ်သည့်အတွက် ရက်အလိုက်စီစဉ်၍သာ သတ်မှတ်ထုတ်ချေးနေရခြင်း ဖြစ်ပါကြောင်း၊

သံဖြူဇရပ်မြို့နယ်တွင် ကျေးရွာအုပ်စု ၂၂၊ ကျေးရွာပေါင်း ၄၀ ရှိပြီး အထက်ပါအစီအစဉ်အတိုင်း ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ မိုးချေးငွေကာလတွင် မေလမှ စက်တင်ဘာလအထိ ဖြစ်ပါကြောင်း၊ ယခင်က မိုးချေးငွေကာလသည် ဧပြီလမှ သြဂုတ်လအထိဖြစ်ပြီး ဧပြီလစတင်ပြီး ငွေစတင်ထုတ်ချေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ငွေအများဆုံးထုတ်ချေးသည့် ကာလက မေလ၊ ဇွန်လနှင့် ဇူလိုင်လများဖြစ်ပါကြောင်း၊ ဘဏ်ချေးငွေမူစနစ်အရ အချိန်စေ့ချေးငွေပြေကြေသူ ကိုသာ ချေးငွေသစ်ထုတ်ပေးပါကြောင်း၊ ယခင်က အချိန်မီဖြစ်သော်လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် တောင်သူလယ်သမားများအနေဖြင့် အပေးအဆပ်နောက်ကျလာပြီး ဘဏ်မှစောင့် ဆိုင်း၍ ချေးနေ ရသဖြင့် တောင်သူအားလုံးကို ချေးပေးနိုင်ရန်လည်းကောင်း၊ ချေးငွေရန်ပုံငွေရရှိမှုမှာ နောက်ကျလာသဖြင့်လည်းကောင်း ချေးငွေကာလကို မေလမှ စက်တင်ဘာလအထိ ပြောင်းလဲသတ်မှတ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ တောင်သူလယ်သမားများကို ချေးငွေတစ်ရပ် မြန်ဆန်စွာ ထုတ်ချေးနိုင်ရေးအတွက် အဓိကမူတည်နေသည့်အချက်များမှာ လိုအပ်သည့် ချေးငွေရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ်မှ အချိန်မီရရှိရေးနှင့် တောင်သူ လယ်သမား များက အချိန်စေ့ငွေကို အချိန်မီပေးဆပ်နိုင်ရေးတို့အတွက် အဓိက တည်မှီနေပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ မတည်ရင်းနှီးငွေသည်  ၉.၅ ဘီလီယံ သာရှိပြီး တောင်သူသို့ချေးငွေဖြစ်သော မိုးဆောင်း၊ မိုးကြို စုစုပေါင်း ကျပ် ၁၇၀၀ ဘီလီယံကို ချေးငွေရန်ပုံငွေရရှိရန်အတွက် နှစ်စဉ်နှစ်တိုင်းအဆင့်ဆင့် တင်ပြတောင်းခံ ပြီး ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊

ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၂၀၀ ဘီလီယံကို မြန်မာ့စီးပွားရေးဘဏ်မှ ကျပ် ၈၀၀ ဘီလီယံနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ် ၄၀၀ ဘီလီယံထုတ်ချေးရန် ကနဦး ခွင့်ပြုချက်ရရှိခဲ့သော်လည်း တောင်သူလယ်သမားများ၏ ယခင်နှစ်ချေးငွေများ ပြန်ဝင်လာသည့်အတွက် ချေးငွေအားလုံးကို မြန်မာ့စီးပွားရေးဘဏ် တစ်ခုတည်းကသာလျှင် ချေးယူရရှိခဲ့ပါကြောင်း၊ တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ရင်းနှီးငွေ လုံလောက်မှုမရှိသည့်အတွက် ငွေကြေးရရှိရေးကို အထက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်နေရပါ၍ တောင်သူများသို့ ချေးငွေထုတ်ချေးပေးရာတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊

မွန်ပြည်နယ်အနေဖြင့် ချေးငွေပေးဆပ်မှုအခြေအနေ ကောင်းမွန်သည့်၊ အစဉ်အလာ ကောင်းမွန်သည့် အစဉ်အလာရှိပါသော်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်အနေဖြင့် ချေးငွေရရှိရေး ဆောင်ရွက်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆောင်ရွက်ရသည်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် အထက်ဖော်ပြပါအတိုင်း ခြုံငုံ၍သာဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာ ချေးငွေကို ၁၁-၈-၂၀၁၆ ရက်နေ့မှသာ ထုတ်ချေး ပေးရန် အလှည့်စဉ်ကျရောက်သည့်အတွက် တောင်သူများအတွက် နှောင့်နှေးကြန့်ကြာစွာ ထုတ်ချေးပေး နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျုံကဒတ်ရွာ ချေးငွေထုတ်ချေးခြင်းကိစ္စတွင် ဝန်ထမ်းများပေါ့လျော့ မှုနှင့် လွဲချော်မှုကြောင့်မဟုတ်ပါကြောင်းနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများအား သတ်မှတ်ကာလအတွင်း ချေးငွေအချိန်မီ ထုတ်ချေးနိုင်ရေးအတွက် အဆင့်ဆင့် တင်ပြညှိနှိုင်း‌ဆောင် ရွက်နေရ ပါသဖြင့် လုပ်ငန်းသဘောအရ ကြန့်ကြာမှုရှိခဲ့ရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိဝန်ထမ်းအင်အား မလုံလောက်မှုသည်လည်း ချေးငွေထုတ်ချေးပေးသည့်နေရာတွင် ကြန့်ကြာမှုများ ဖြစ်ရပါကြောင်း၊ ထိုသို့ ကြန့်ကြာမှုများ၊ လွဲချော်မှုများ မဖြစ်စေရန် အတွက် ဝန်ကြီးဌာနကို စတင်ပြီးရောက်စဉ်ကတည်းက မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် မိမိတို့ထံ တင်ပြသည့် အကြံဉာဏ်ပေးသော ဘဏ်လုပ်ငန်းပညာရှင်များ၏ အကြံဉာဏ်ကိုရခဲ့ပါကြောင်း၊ မည်သူ့အပေါ်တွင် တာဝန်ရှိသည်မှာ စနစ်တွင် အားနည်းချက် ရှိပါကြောင်း၊ စနစ်ကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲရန်လိုသည့်အတွက် မည်သို့ ဆောင်ရွက်ထားသည်ဆိုသည့် ပြဿနာနှင့်ပတ်သက်၍ မိမိတို့ ဘဏ်ကြီးကို  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အောက်တွင် ထားရှိပြီး ဆောင်ရွက်ရင် ပိုမိုသွက်လက် လျင်မြန်ချောမွေ့မည်ဟု ဆောင်ရွက်သည့်အတွက် စီမံဆောင်ရွက်သည့်လုပ်ငန်းကို ပြီးခဲ့သည့်လများအတွင်း ကြိုတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဘဏ်က အရင်ရရှိသည့် အမြတ်ငွေကို နိုင်ငံတော်ကို ၇၅ ရာခိုင်နှုန်းသုံးရသည့်အတွက် ယခုလို ဘီလီယံ ၁၇၀၀ ချေးသည့်အခါ ၉.၅ ဘီလီယံရှိနေသည့် ဘဏ်ကနေကိုင်တွယ်ပြီး ချေးနေရသည်မှာ မည်သို့မျှ မဖြစ်နိုင်ပါကြောင်း၊

ထို့ကြောင့် ယင်းလုပ်ငန်းကြီးအပေါ် စနစ်ကိုပြုပြင်မှဖြစ်မည်ဆိုသည်မှာ ကြိုတင်မျှော်မှန်း ပြီးသားဖြစ်သည့်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဖြင့် ညှိနှိုင်းပြီးပြောပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း မိမိ၏ ဘဏ်တစ်ခုတည်းတင်သာမကဘဲ လူအင်အားအရေအတွက် ပါ ပူးပေါင်းဆောင်ရွက်နိုင်သည့် Joint Venture စနစ်ကို ပြီးခဲ့သည့်အပတ်က စီးပွားရေးကော်မတီမှ တင်ပြခဲ့ပါကြောင်း၊ စီးပွားရေးကော်မတီ ကနေမှ ဖြစ်နိုင်ခြေများ ကို သေသေချာချာလေ့လာပြီးမှ နောင်တစ်ချိန်တွင် ယခုကဲ့သို့မဖြစ်စေရန် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဉာဏ်ဟိန်း (သံဖြူဇရပ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

တောင်သူလယ်သမားများသည် စိုက်ပျိုးစရိတ်ချေးငွေကို ထွန်နှင်ကိုင်၍လည်းမရ၊ ပြိုးကြဲသည်ကဏ္ဍလည်းမရ စိုက်ပျိုးပြီးအချိန်ထိ မရ သြဂုတ်လ ၁၀ ရက်မှ ရသည်ကို မကျေမနပ်ဖြစ်နေကြပါကြောင်း၊ စိုက်ပျိုးရေး ဘဏ် ကလည်း မြန်မာ့ စီးပွားရေးဘဏ်အတိုးဖြင့် ချေးရသည့်အတွက် မိမိဖြစ်စေချင်သည်မှာ စနစ်မကောင်း၍ ဖြစ်သွားသည့်အတွက် ကတိကဝတ်အတိုင်း မဖြစ်လိုက်သည့်အပေါ် ကျုံကဒတ်ကျေးရွာရှိ တောင်သူလယ်သမားများကို တင်ပြရန် ဆောင် ရွက်ပေး မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ

ယခုဖြစ်စဉ်သည် တစ်နယ်တည်း ဖြစ်သည့်ဖြစ်စဉ် မဟုတ်ပါကြောင်း၊ မိမိတို့ ထုတ်ပေးသည့်ကာလသည် စက်တင်ဘာလအထိဖြစ်သည့်အတွက် စက်တင်ဘာလအထိ နောက်ကျသည့် ကျေးရွာများ ကျန်နေဦး မည်ဖြစ် ပါကြောင်း၊ ကြွေး မကျေ၍ ကျန်ခဲ့သည့် ကျေးရွာများလည်း ရှိမည်ဖြစ်ပါကြောင်း၊ စနစ်ကိုပြောရခြင်း အကြောင်းအရင်းသည် အားနည်းချက်ရှိနေသည့် အကြောင်းအရာကို တင်ပြရခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်၏ လုပ်ငန်း စဉ်သည် စက်တင်ဘာ လကုန်တွင် ပြီးဆုံးမည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် တင်ပြရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။