(ဃ)-ကျောက်တော်မြို့နယ်အတွင်း ရေကြီး၊ ရေလျှံ မှုဖြစ်ပေါ်စေသည့်ရထားလမ်း၊ကားလမ်းများအားပြန် လည်စိစစ်ပြီးရေစီးရေလာ ကောင်းမွန်အောင်ပြန် လည်ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၅.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u tun winကျောက်တော်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၉ ပေ၊ ၂၀ ပေ အမြင့်ရှိပြီး နှစ်စဉ် မိုးရေ ချိန်လက်မ ၂၀၀ ကျော်ရွာသွန်းသည့် မြို့တစ်မြို့ဖြစ် ပါကြောင်း၊ ကျောက်တော်မြို့ သည် ရေကြီးရေ လျှံဖြစ် သည် ဆိုသည်မှာ ၁၉၉၆ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ဖူးပြီး နှစ်ပေါင်း ၂၀ အတွင်းနောက်ပိုင်း ရေကြီးရေလျှံမှုဖြစ်ပွားပြီး အခုနောက်ပိုင်းနှစ်များ တွင် နှစ်စဉ် လိုလို ရေကြီးရေလျှံမှု များဖြစ်ပေါ် ပါကြောင်း၊ ပြည်သူ များ ရေဘေးဒုက္ခ ကျရောက်နေသည်ဆိုသည့် သတင်းကို မီဒီယာမှတစ်ဆင့် အားလုံးသိပြီးဖြစ်ပါကြောင်း၊ ရေကြီးရေလျှံဖြစ်သည် အဓိကမှာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်လာမှု၊ ပင်လည်ရေ မျက်နှာပြင် မြင့်တက် လာမှုဆိုသည့် အကြောင်းတရားများလည်း ရှိနိုင်ပါကြောင်း၊  ကျောက်တော်မြို့နယ်တွင် ရှိနေသည့် ရထားလမ်း၊ ကားလမ်းများသည် Services တည်ဆောက်သည့် အချိန်က စနစ်တကျ မလုပ်ခဲ့သည့်အတွက် တစ်မြို့နယ်လုံး တစ်လတွင် မိုးရေချိန်လက်မ ၅၀ နှင့် ၆၀ ကြားရွာသည့် မြို့ဖြစ်သည့်အတွက် တစ်မြို့နယ်လုံးဖြန့်ကျက်နေသည့် မိုးရေများ၊ အနယ်နယ်အရပ်ရပ်မှ စီးဆင်းလာသည့် ရေများကို တာပေါင်ကြီး များကဲ့သို့ ရထားလမ်း၊ ကားလမ်းများကို ပိတ်ပြီးစီထားသည်ကို တွေ့ရှိရပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ခဲ့စဉ်က ကျောက်တော်မြို့နယ်၏ ရွာအများစုသည် ဆည်ကြီးထဲ ကို ရောက်နေသကဲ့သို့ ဒုက္ခရောက်ခဲ့သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ ရေထွက်ပေါက်များ ပိတ်နေသည့်အတွက် ရထားလမ်းနေရာများသည် ပတ္တလားလမ်း ကဲ့သို့ ဖြစ်ပေါ်နေပြီး နိုင်ငံတော်မှ ယခု အချိန်ထိ ပြန်လည်တည်ဆောက်ပေးသည်ကို မတွေ့ရှိသေးပါကြောင်း၊ မိမိတို့ ကျောက်တော်မြို့နယ်သည် အဓိက အားထားနေရသည့် မြို့ဖြစ်သည့် အတွက် ရေဘေးဖြစ်သည့်အချိန်တွင် ကိုယ့်အိမ် ကိုယ့်ရွာကို စွန့်ခွာပြီး အထုပ်အပိုးများ ထမ်းပြေးရသည့် အခြေအနေမှာမှ ရေဘေးသင့်သည်ဟု ထင်ကြပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံပြီး စီးပွား ရှာနေရသည့် ပြည်သူများမှာ ၎င်းတို့၏ လယ်မြေများ ဆုံးရှုံးမှု၊ မွေးမြူထားသည့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုသည်လည်း နှစ်စဉ်လိုလို မိမိတို့ ကျောက်တော်မြို့နယ်သူ/မြို့နယ်သားများ ကြုံတွေ့နေ ရခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များမှ အသေအချာ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည့် နေရာများတွင် တံတားများတည်ဆောက်ပေးရန်၊ Bus Culvert များ တပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

thant zin mgရထားလမ်းနှင့် ပတ်သက်၍ ‌မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းရှိပါကြောင်း၊ စစ်တွေဘက်ခြမ်းတွင် ၁၅-၂-၂၀၀၉ မှစတင် ဖောက်လုပ်ခဲ့ပြီး စစ်တွေလမ်းပိုင်း ခရီးမိုင် ၁၁.၄၆ မိုင်ကို ၁၅-၉-၂၀၀၉ တွင် ကွန်းတောင်-ပုဏ္ဏားကျွန်း-ရိုးတရုတ်လမ်းပိုင်းကို ခရီးမိုင် ၂၂.၇ မိုင်ကို ၁၅-၅-၂၀၁၀ တွင် ရိုးတရုတ်ကျောက်တော်လမ်းပိုင်းကို ၁၉.၈၂ မိုင်ခရီးကို ၁၀-၄-၂၀၁၁ တွင် ဖွင့်လှစ်ပြီး စုစုပေါင်း ခရီးမိုင် ၅၄ မိုင်ကို  သုံးပိုင်းခွဲ၍ ဖွင့်လှစ်ထားပါကြောင်း၊ ဖွင့်လှစ်ပြီးသည့် ရထားလမ်းများအနက် ကျောက်တော်မြို့နယ်အတွင်း ပါဝင်သည့် ဂဏန်းတောင် အပေါက်ဝဘူတာကြားတွင် ၅.၇ မိုင် ခရီးအကွာအဝေးရှိပါကြောင်း၊ အပေါက်ဝ ကျောက်တော်ဘူတာကြားတွင် ၈.၃ မိုင်ရှိပါကြောင်း၊ ဂဏန်းတောင် အပေါက်ဝဘူတာကြားတွင် ပေ ၁၈၀ တံတားတစ်စင်း၊ ပေ ၄၀ အထက်တံတားတစ်စင်း၊ ပေ ၄၀ အောက် တံတား ၂၄ စင်း စုစုပေါင်းတံတား ၂၆ စင်း၊ အပေါက်ဝနှင့် ကျောက်တော်ခရီးမိုင် ၈.၃ မိုင်တွင် ပေ ၄၀ အထက် တံတားတစ်စင်း၊ ပေ ၄၀ အောက်တံတား ၂၂ စင်း စုစုပေါင်း တံတား          ၂၃ စင်း တည်ဆောက်ပေးထားကြောင်း စိစစ်တွေ့ရှိရပါသည်။ ၂၀၁၅ ခုနှစ် မိုးတွင်းကာလတွင် ကျောက်တော်မြို့နယ် အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ဂဏန်းတောင်အပေါက်ဝကြား ၂.၅ မိုင်တွင် ပေ ၂၀ တံတား နှစ်စင်း၊ ၁၀ ပေတံတား သုံးစင်းနှင့် ခြောက်ပေ နှစ်ခန်းအမိုးဖွင့်တံတား နှစ်စင်း စုစုပေါင်း တံတားခုနစ်စင်းကို ထပ်မံ တည်ဆောက်ခဲ့ပါကြောင်း၊ အပေါက်ဝ-ကျောက်တော်ကြား ပေ ၃၆၀ တံတား၊ ပေ ၂၀ တံတား၊ ၁၀ ပေတံတားတစ်စင်း၊ ခြောက်ပေတံတား နှစ်ခန်းတစ်စင်း၊ တစ်ခန်းတံတားတစ်စင်း စုစုပေါင်းတံတားငါးစင်းကို တည်ဆောက်ပေး ခဲ့ပါကြောင်း၊ ကျောက်တော်မြို့နယ် တွင် ရေကြီးရေလျှံဖြစ်ပေါ်သည့် နေရာများရှိ တာပေါင်များပေါ်တွင် ရေတိုက်စားမှု မဖြစ်ပေါ်စေရန်အတွက်၊ ရေလမ်းကြောင်းများ တိုးချဲ့ပေးရန်အတွက် ဂဏန်းတောင်နှင့် အပေါက်ဝကြား ပေ ၄၀ တံတားနှစ်စင်း၊ ပေ ၆၀ တံတားတစ်စင်း အပေါက်ဝနှင့် ကျောက်တော်ကြားတွင် တံတားတစ်စင်း စုစုပေါင်း တံတားသုံးစင်း ထပ်မံတည်ဆောက်ရန် စီစဉ်လျာထားခဲ့ပါကြောင်း၊ သဘာဝဘေးကြောင့် ပျက်စီးမှုများကို ပြန်လည် ပြင်ဆင်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေ တင်ပြတောင်းခံရာတွင် မရရှိခဲ့ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ၏ ဖြည့် စွက်ရန် ပုံငွေ တင်ပြတောင်းခံ ရာတွင်လည်း မရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တံတားများလိုအပ်နေသည့် ရေပေါက်များ ဖောက်ထုတ်ရန်အတွက် တံတားသုံးစင်းအနက် တစ်စင်း တည်ဆောက်ရန်  ခွင့်ပြုချက် ရရှိခဲ့ပါကြောင်း၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် တင်ဒါခေါ်ယူပြီး ၎င်း တံတားတစ်စင်းကို ယခုနှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ပြီး ကျန်တံတားနှစ်စင်းအတွက် ၂၀၁၆-၁၇ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်း ခံသွားမည်ဖြစ်ပါကြောင်း၊ ထပ်မံလိုအပ်သည့် ဘဏ္ဍာငွေကို ၂၀၁၇-၁၈ တွင် ထပ်မံတောင်းခံပြီး ရရှိပါက ပြန်လည်ပြင်ဆင်ခြင်းနှင့် ထပ်တိုးတံတား တည်ဆောက်ရေးလုပ်ငန်းများ ကို ဆောင်ရွက်သွား မည် ဖြစ် ပါကြောင်း၊ ကျောက်တော်မြို့နယ် အတွင်းသာမက ကျိန်သလီ၊ သံတွဲ၊ တောင်ကုတ်၊ မအီ၊ အမ်း၊ မင်းပြား၊ မြောင်းပွေ၊ မြောက်ဦး၊ ပေါက်တောစသည့် မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ရေရှည်စီမံကိန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကားလမ်းများတည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းဆောင်ရွက်ရာတွင် ဒေသတွင်း မိုးရွာသွန်းမှု၊ ရေကြီးရေ လျှံမှုဖြစ်ပေါ်မှုအရ Level ၃ ပေမှ ၄ ပေထိ မြေသားတာပေါင် တည်ဆောက်ခြင်း၊ လမ်းသားခင်းခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ စနစ်တကျ တည်ဆောက်ထားခြင်း မရှိသည့်အတွက် ကားလမ်းများ တွင် ရေကြီးရေ လျှံ၊ရေပေါ် မှုများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ကျောက်တော်မြို့နယ်သာမက ရန်ကုန်-စစ်တွေလမ်း၊ အမ်း-စစ်တွေလမ်းပိုင်း၊ မင်းပြား-မြောင်းပွေ- မြောက်ဦး-ကျောက်တော်လမ်းတစ်လျှောက်ရှိ လယ်ကွင်းများနှင့် ကားလမ်းများကို သတ်မှတ် စံချိန် စံနှုန်းနှင့်အညီ Box Culvert များတိုးချဲ့ တည်ဆောက်ခြင်း၊ Box Culvert အသစ်တည်ဆောက်ခြင်း၊ တံတားများတိုးချဲ့တည်ဆောက်ခြင်း၊ တံတားနှင့်ရေပြွန်များ၏ ချဉ်းကပ်လမ်းများတွင် ရေကာ၊ မြေကာနံရံများ တည်ဆောက်ခြင်း၊ တံတား၏ ချောင်းအထက်ဘက် Up Stream၊ ချောင်းကြမ်းပြင် Bed Label နှင့်  ချောင်းအောက်ဘက် Down Stream တို့တွင် ရေစီးရေလာကောင်းမွန်စေရန် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ လိုအပ်သည့်ရန်ပုံငွေများ တင်ပြတောင်းခံသွားမည် ဖြစ်သည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဦးထွန်းဝင်း(ကျောက်တော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးခွန်းမေးမြန်းပါသည်။

၂၀၁၅ ခုနှစ်တွင် ဖြစ်သွားသည့် ကိုမာန်ဆိုင်ကလုံးမုန်တိုင်းကြောင့် ပွင့်ထွက်သွားသည့် နေရာသုံးခုကို ပြန်လည်ပြုပြင် ဦးစားပေးတည်ဆောက်မည်ဆိုသည့် အကြောင်းကို ပြောသွားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် လမ်းမှ ပွင့်ထွက်သွားခြင်း မဟုတ်သော်လည်း တချို့နေရာများတွင် ရေလွှမ်းမိုးမှုများဖြစ်နေသည့် တခြားကျောက်တော်မြို့နယ်ထဲတွင် နေရာများအများကြီး ရှိနေပါကြောင်း၊ ဥပမာအားဖြင့် သတိချောင်းကမ်းခြေဒေသ၊ မဟာမြတ်မုနိ ဘုရား ပတ်ဝန်းကျင်‌မှ ကျေးရွာများဆိုလျှင် လမ်းမှာပွင့်ထွက်မသွားပါကြောင်း၊ မိုးရွာသည်နှင့် ဒေသခံများမှ အထုပ်အပိုးများထမ်းပြီး ပြေးကြရသည့် အခြေအနေရှိသည့်အတွက် စနစ်တကျ ကွင်းဆင်းလေ့လာပြီး လိုအပ်သလို စီစဉ်ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်

အဓိကလိုအပ်နေသည့် ကိစ္စကိုအရင်ဆုံး တင်ပြလိုက်ခြင်းဖြစ်ပါကြောင်း၊ ကားလမ်းတစ်လျှောက် လိုအပ်သည့် နေရာများအားလုံးကို အသေးစိတ်ပြန်ပြီး စိစစ်ရမည်ဖြစ်ပါကြောင်း၊ ယခင် ဖောက်ခဲ့စဉ် အချိန်က အားနည်းခဲ့သည့် အချက်များ အားလုံးအသေးစိတ် မတွက်ချက်နိုင်ခြင်း ဖြစ်နိုင်ပါကြောင်း၊ အကုန်လုံးသည် အင်ဂျင်နီယာအဖွဲ့ တစ်ဖွဲ့လွှတ်၍ အသေးစိတ်စိစစ်ပြီး ဆောင်ရွက်သွားမည် ဆိုသည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။