(ဂ)-မတူပီမြို့နယ်တွင်တာဝါတိုင်တည်ဆောက်ပြီး GSM ဖုန်းလိုင်းများ တပ်ဆင်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၅.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

par htanမတူပီမြို့နယ်တွင် မတူပီမြို့အပြင် ရေဇွာမြို့နှင့် လိုင်လင်းပီမြို့ဟူ၍ မြို့နှစ်မြို့ရှိပါကြောင်း၊ အဆိုပါမြို့နယ်တွင် မတူပီမြို့နယ်အတွင်း မြို့အချင်းချင်းဆက်သွယ်ရမည့် ဆက်သွယ်ရေး ပစ္စည်းအဖြစ် အော်တို အိတ် ချိန်းကို ယခင်က ထားရှိခဲ့သော်လည်း ပြီးခဲ့သည့် မေလတွင် အစိုးရက ပြန်ဖြုတ်သိမ်းခဲ့ပါကြောင်း၊

၂၀၁၃-၂၀၁၄ ခုနှစ်တွင်  သစ်တပ်မှ CDMA တာဝါတိုင်ထောင်ပြီး ဖုန်းလိုင်းဆက်သွယ်ရာတွင် လည်း မတူပီမြို့တစ်ခုသာရှိ၍  ကျန်မြို့များကို ဆက်သွယ်၍ မရပါကြောင်း၊ ၂၀၁၃ ခုနှစ်ခန့်ကပင် မတူပီမြို့တွင် ဖုန်းလိုင်းများ အသုံးပြုနိုင်ရန်အတွက် တာဝါတိုင်စိုက်ရန် လျထားမှုများ ရှိသည့်အပြင် တာဝါတိုင် လျာထားမှုများရှိသည့်အပြင် အဆောက်အအုံများလည်း တည်ဆောက်ပြီးဖြစ်ပါကြောင်း၊  ပွိုင့်(၈၅၀၉) မင်းတပ်-မတူပီ ကားလမ်း  ၂၄ မိုင် ၆ ဖာလုံ၊ ပွိုင့်(၇၉၂၅)မင်းတပ်-မတူပီကားလမ်း ၇၄ မိုင် လေရှီးရွာ၊  ပွိုင့် (၄၃၂၄) မတူပီမြို့နယ်၊ လောင်ဗန်း ရပ်ကွက်၊ ပွိုင့်(၆၂၀၂) မတူပီ-ဟားခါးလမ်း ၁၀၅ မိုင် ၆ ဖာလုံ ဖနွိုင်းတောင်၊  ပွိုင့်(၆၅၀၈) ရေဇွာ မြို့မှ သုံးမိုင်ကွာဝေးသည့်နေရာများတွင် တာဝါ တိုင်များ လျာထား၍ စက်မှုအဆောက်အအုံများလည်း တည်ဆောက်ပြီးစီးပြီးဖြစ်ပါကြောင်း၊  တိန်ဆီး ရွာ၊ အော်သရောတောင် ပွိုင့်အမှတ် (၈၉၆၁) တို့တွင် စက်မှုအဆောက်အအုံဆောက်ရန်အတွက် ၂၀၁၃-၂၀၁၄ ခုနှစ်က ဘတ်ဂျက်သန်းပေါင်း ၅၈.၅ သန်း ချပေးပြီးဖြစ်သော်လည်း ကုမ္ပဏီက ဆောင်ရွက်နိုင်ခြင်းမရှိ၍ ဘတ်ဂျက်ပြန် အမ်းသည်ဟု သိရှိရပါကြောင်း၊

ယနေ့အထိ  မတူပီမြို့နယ်တွင် အင်တာနက်လိုင်းများ သုံးစွဲနိုင်ခြင်းမရှိခြင်း၊  ဖုန်းလိုင်းများ ကောင်းမွန်မှုမရှိခြင်း၊ မြို့အချင်းချင်းဆက်သွယ်သည့် အော်တိုအိတ်ချိန်းကို ဖြုတ်သိမ်းထားခြင်းကြောင့် ဆက်သွယ်ရေး အခက်အခဲများ ကြုံတွေ့နေ ရပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီးအနေဖြင့် မတူပီမြို့နယ်တွင် အင်တာနက်လိုင်းရနိုင်ရန်နှင့် GSM ဖုန်းလိုင်းများ ရရှိနိုင်ရန် တို့အတွက် အထက်ပါပွိုင့်အမှတ်များတွင် လျာထားသည့်အတိုင်း တာဝါတိုင်များကို  အမြန်ဆုံး တည်ဆောက်ပေးနိုင်ရန်နှင့် အဆိုပါ တာဝါတိုင်များကို အမြန်ဆုံး တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

thant zin mgချင်းပြည်နယ်အတွင်း ဆက်သွယ်မှုပိုမိုလျင်မြန် အဆင်ပြေချောမွေ့စေဖို့ရာအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရိဒ်-ကနေဒီ (သီရိဥတ္တမ)-ဟားခါး-မတူပီ- မင်း တပ် Gbe IP မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းအသစ်ကို အိန္ဒိယချေးငွေ အမေရိကန်ဒေါ်လာ ၆.၂ သန်းနှင့် တည်ဆောက်မည်ဖြစ်ပြီး မင်းတပ်၊ ပွိုင့်(၈၅၀၉)၊ လေရှီး၊ မတူပီ၊ ဖနွိုင်းတောင်၊ ရေဇွာ၊ ဆူခွါးရ်၊ ကြက်မောက်တောင်၊ ဟားခါး၊ ဖလမ်း၊ ဗားလုံ၊ ကနေဒီ၊ လန်တန်၊ ရိဒ် စုစုပေါင်း မိုက္ကခရိုဝေ့ဗ်စခန်း  ၁၄ ခု ပါဝင်မှာဖြစ်ပါကြောင်း၊ အဆိုပါ ဆက်ကြောင်းအသစ် တည်ဆောက်ခြင်းလုပ်ငန်းကို တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆.၂ သန်းအပါအဝင် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ(MOU)ကို ၈-၈-၂၀၁၃ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး  အမှတ် စဉ် (၂၄/၂၀၁၃)၏  သဘောတူခွင့်ပြု ချက်ဖြင့် အမေရိကန်ဒေါ်လာ ၆.၂ သန်းကို ချေးယူနိုင်ဖို့ရန် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်(MFTB)နှင့် အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ်(India Exim Bank)တို့ ၂၂-၅-၂၀၁၅ ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် ၅ လပိုင်းတွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး လုပ်ငန်း အပ်နှံမှုစာချုပ်များ ချုပ်ဆိုရန် သဘောထားမှတ်ချက်များ  တောင်းခံထားဆဲဖြစ်ပါကြောင်း၊  အဆိုပါ မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းတွင် စခန်း ၁၄ ခုအနက်မှ  စခန်းအသစ်ကိုးခုကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်ကတည်းက စက်မှုအဆောက်အအုံများ တည်ဆောက်ခြင်းကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ တာဝါ ဖောင်ဒေးရှင်းနှင့် တောင်တက်မြေသားလမ်းများ ဖောက်လုပ်ခြင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အိတ်ဖွင့်တင်ဒါဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်သွားရန် ညှိနှိုင်းအကြောင်းကြားပြီး ဖြစ်ပါကြောင်း၊ တာဝါဖောင်ဒေးရှင်းနှင့် တောင်တက်မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းတို့ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီး မည် ဖြစ်ပြီး စက်ပစ္စည်းမှာယူခြင်း၊ ပေးပို့ခြင်း၊ တပ်ဆင်ခြင်း၊ အဝေးပြေးဆက်ကြောင်း ချိတ်ဆက်ခြင်း လုပ်ငန်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်သည့်အတွက် လုပ်ငန်းအားလုံးပြီးစီးရန် တစ်နှစ်ခွဲ ခန့် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ချင်းပြည်နယ် တစ်ခုလုံးကို လွှမ်းခြုံနိုင်မည်ဖြစ်ပါကြောင်း၊  အိန္ဒိယနိုင်ငံ၏ ချေးငွေကြန့်ကြာမှုများအပေါ် အိန္ဒိယသံရုံးနှင့် ဆက်စပ် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တွန်းအားပေး တည်ဆောက် သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးပါထန်း(မတူပီ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မတူပီမြို့နယ်တွင် ယခုါအချိန်၌ ဆက်သွယ်ရေး မရှိသည့်အပြင် ယခင်အသုံးပြုထားသည့် အော်တိုအိတ်ချိန်းဆက်များကို ဖုန်းလိုင်းမတက်ခင် ဖြုတ်သိမ်းခဲ့သည့်အတွက် ဆက်သွယ်ရေးလိုင်း ကောင်းမွန်စေရန်  အစားထိုးစီစဉ်ပေးမည့် အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊  ဦးသန့်စင်မောင်

 အော်တိုဖုန်းလိုင်းများတွင်  အချို့လိုင်းများအနေဖြင့် အရည်အသွေးမပြည့်မီခြင်း၊ ဟောင်းနွမ်း ဆွေးမြေ့နေခြင်းများ ရှိပါကြောင်း၊ အဆိုပါလိုက်များကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေပါကြောင်းနှင့် ဖြစ်ပေါ်ရသည့်အကြောင်းအရင်းကို မိမိအနေဖြင့် ထပ်မံစိစစ် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။