(ခ)-ငမိုးရိပ်ချောင်းအတွင်းကုမ္ပဏီတစ်ခုမှချောင်း အတွင်းပိုင်ရိုက်ကာ ရေစီးကြောင်းပြောင်းစေပြီး ကမ်းနံရံချဲ့နေခြင်းကို သက်ဆိုင်ရာဌာနအနေဖြင့် ငမိုးရိပ်ချောင်းရေရှည်ထိန်းသိမ်းခြင်းအတွက်မည် သို့ စီစဉ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၅.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

saw naingငမိုးရိပ်ချောင်း၏ ကမ်းထိန်းနံရုံများကို စနစ်တကျပြုပြင်တည်ဆောက်မည် ဆိုပါက ချောင်း၏သဘာဝ အလှကြောင့် မြို့နယ်မှာ ပိုမိုလှပပြီး ဈေးကွက်လည်း ပိုမိုအချက်အခြာကျ လာမည် ဖြစ် ပါကြောင်း၊ တောင် ဥက္ကလာပမြို့သည် (၁၄) ရပ်ကွက်နှင့် ဆက်စပ်နေသော ငမိုးရိပ်ချောင်းကို ကုမ္ပဏီတစ်ခုမှ ချောင်းအတွင်း ပိုင်များ ကိုရိုက်ပြီး ရေစီးကြောင်း ကို ပြောင်း လဲအောင် ပြုလုပ် ထားခြင်းဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ ပြုလုပ်ထားသည့်အတွက် ကမ်းတစ်ဖက်တွင်ရှိသည့် ဘုန်းကြီးကျောင်းများ၊ အိမ်များပေါ်သို့ ကမ်းများပြိုပြိုကျလာသည်မှာ မကြာခဏ ဆိုသကဲ့သို့ ဖြစ်ပေါ်နေပါကြောင်း၊ ထိုကဲ့သို့ ပြည်သူအများနှင့်ဆိုင်သော ငမိုး+ရိပ်ချောင်းနှင့် မိမိပိုင်ဆိုင်သောချောင်းကဲ့သို့ ပြုမူနေခြင်းကို ပြည်သူများမှလည်း စိတ်မချမ်းမွေ့ဖွယ် ဖြစ်နေရပါကြောင်း၊

တောင်ဥက္ကလာပမြို့ရှိ မြေကွက်များသည်လည်း ကုန်သလောက်ဖြစ်နေပြီး ယခု ချောင်းထဲအထိ ချဲ့နေသည်ဆိုသည့်တွက် ပြည်သူများ စိုးရိမ်စိတ်ဖြစ်ပေါ်နေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်း အခြေအနေများကို သက်ဆိုင်ရာဌာနအနေဖြင့် ငမိုးရိပ်ချောင်း ရေရှည်ထိန်းသိမ်းခြင်းအတွက် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

thant zin mgပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မြစ်ချောင်းများဖွံ့ဖြိုးရေး၊ မြို့ရွာများရေတိုက်စားမှု၊ကမ်းပြိုမှုတို့မှ ကာကွယ်ရေး၊ ရေကြောင်းသွားလာမှု လုံခြုံချောမွေ့စေရေးဆိုသည့် တာဝန်သုံးရပ်ရှိပါကြောင်း၊ ၎င်း သုံးခုအရ ရေလမ်းထိန်းအဆောက်အအုံ‌များ တည်ဆောက်ခြင်း၊ သောင် တူးခြင်း၊ ရေလမ်း သတ် မှတ်ပေးခြင်း၊ ရေကြောင်းသွားလာမှုကို အဟန့်အတားဖြစ်စေသည့် အရာများကို ဖယ်ရှားသည်ဆိုသည့် အလုပ်များကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေနှင်‌့အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊

ကမ်းနားသတ်မှတ်ထားသည့် အမိန့်သည် ၂၈-၅-၂၀၁၃ ရက်စွဲဖြင့် ကမ်းနားလမ်း သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ပါကြောင်း၊ သို့သော်လည်း ထိုအမိန့်ကြော်ငြာစာ သီးခြား သတ်မှတ် ထားခြင်း မရှိဘူးဆိုလျှင် ၎င်း ရေအမြင့်ဆုံးတက်ချိန်နှင့်  မြစ်ရေရောက်ရှိသည့် အမှတ်မှစပြီး ကမ်းပါးမှ ပေ ၁၅၀ အထိကို ကမ်းနားနယ်အဖြစ် သတ်မှတ်ပါကြောင်း၊ ၃-၈-၂၀၁၆ ရက်နေ့ စစ်ဆေးသည့် အခါတွင် ချယ်ရီဥယျာဉ်အိမ်ရာဝင်းအတွင်း အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွင် ဆောက်လုပ်နေသော ဆာကူရာ ထရိတ်စင်တာသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် အကျိုးတူဆောင်ရွက်သည်ဟု သိရှိ ရပါကြောင်း၊ ငမိုးရိပ်ချောင်း မြစ်ကွေ့၏ အပြင်ဘက်တွင်ရှိပြီး ရေတိုက်စားမှုအများဆုံး ခံရသည့် ကမ်းဘက်တွင် တည်ရှိသည့်အတွက် ကမ်းပြို၊ ကမ်းစားမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဆာကူရာထရိတ်စင်တာ ကုမ္ပဏီသည် ၈.၉၉ ဧကပေါ်တွင် မြို့ရွာနှင့်အိုးအိမ် ဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းကို ဆောင်ရွက်ခွင့်ရရှိထားပါကြောင်း၊ ၎င်း ကုမ္ပဏီ၏ ကမ်းပြို၊ ကမ်းစားမှုကြောင့် ၈.၈၃ ဧက ကျန်ရှိသည့် အကြောင်းကို သြဂုတ်လ ၃ ရက်နေ့မှ စစ်ဆေးတိုင်းထွာပြီး သိရှိရပါကြောင်း၊ ကမ်းပြိုဖြစ်ပွားနေသည့် ကမ်းအရှည်မှာ ပေ ၄၂၀ ရှိသည့်အကြောင်းကို တိုင်းတာသိရှိရပါကြောင်း၊

 ချယ်ရီအိမ်ရာသည် ကမ်းကာနံရံကို တည်ဆောက်ရာတွင် မည်သူနှင့်မျှ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ရေကာတစ်ခုအပါအဝင် ရေကာသုံးခုနှင့် တည်ဆောက်ကာကွယ် ထားသော်လည်း စနစ်မမှန်သည့် အတွက်ကြောင့် ကမ်းရင်းပေါက်ပြီး ကမ်းပြိုသည့် ကိစ္စဖြစ်ပွားခဲ့ခြင်းဖြစ်ပါကြောင်း၊ ကမ်းပြိုမှုများ ဆက်ပြီးဖြစ်နေသည့် အခါတွင် ဆာကူရာထရိတ်စင်တာမှ ရေထဲတွင် ဘိုးပိုင်များရိုက်ခြင်း၊ ကမ်းပါးများတွင် ကွန်ကရစ်ပိုင် တိုင်များရိုက်ခြင်း၊ မျှောတိုင်များ၊ ရေကာများရိုက်ခြင်း၊ သဲအိတ်စီပြီး သဲမှုတ်ထည့်ခြင်းများကို ဆောင်ရွက်ထားသည့် အကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊

မျှောတိုင်ကမ်းထိန်းနံရံနှင့် သဲအိတ်စီကမ်းထိန်းနံရံများ၊ မျှောတိုင်ထန်းနံရံများ သဲအိတ်များ စီထားခြင်းဖြစ်ပါကြောင်း၊ ယခုလို ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ခြင်းသည် အိမ်ရာပိုင်မြေများ မဆုံးရှုံးရေးအတွက် ရည်ရွယ်ဆောင် ရွက်ခြင်း ဖြစ်သော်လည်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်၊ သဘောထားမှတ်ချက်၊ နည်းပညာအကူအညီများ မတောင်းခံဘဲ သူ့အစီအစဉ်နှင့်အတူ ပြုလုပ်ထားသည် ဆိုသည့် အကြောင်း ကို တွေ့ ရှိရပါကြောင်း၊ ထို့ကြောင့် အခြားမြစ်ကမ်းပါး ဘက်ပေါ်တွင် သိသာသည့် ဆိုးကျိုးသက်ရောက်မှုများ မရှိကြောင်းကို အသေးစိတ် စစ်ဆေးကာကွယ် သွားမည်ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ရုံးအနေဖြင့် ၂၃-၈-၂၀၁၆ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂၅ နှင့်အညီ တရားစွဲဆိုထားပါကြောင်း၊ ၎င်း ကုမ္ပဏီအနေဖြင့် မလုပ်ဖို့ရာအတွက်လည်း တရားစွဲဆိုထားခြင်းဖြစ်ပါကြောင်း၊

ငမိုးရိပ်ချောင်းရေရှည် ထိန်းသိမ်းခြင်းအတွက် မည်သို့စီစဉ်ထားသည်ကို သိလိုသည့်အတွက်ကြောင့် ကာလတိုငါးနှစ်စီမံကိန်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ပြီး ကမ်းပြို၊ ကမ်းစားမှုများဖြစ်ပေါ်နေသည့် ငမိုးရိပ်ချောင်းမှာ မြစ်ကွေ့ ၂၅ ခုရှိပါကြောင်း၊ ၎င်းကို ပြုပြင်ရန်အတွက် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မှာမူတည်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့သည် လူနေထူထပ်သည့် မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံနှင့် ပုဇွန်တောင်မြို့နယ်များကို ဖြတ်သန်းသွားသည့် အတွက်ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများနည်းတူ မြစ်ကမ်းသာယာလှပရေး၊ တစ်ခြားအများပြည်သူ အပန်းဖြေအနားယူနိုင်ရေး၊ မြစ်ကမ်းတစ်လျှောက် မြို့နယ်ချင်း ဆက်လမ်းများ ဖောက်လုပ်နိုင်ရေး၊ ကူးတို့ဆိပ်များ တည်ဆောက်နိုင်ရေးအတွက် မြို့ပြဖွံ့ဖြိုးမှုများကို အထောက်အကူပြုသည့် ငမိုးရိပ်ချောင်းဖွံ့ဖြိုးရေး အစီအမံများကို ရေရှည်ဆောင်ရွက် သွားမည်ဆိုသည့်အကြောင်း ရှင်းလင်းဖြေကြား ပါသည်။